မိုက်ကယ်အိန်ဂျလိုရဲ့ အကြောင်းကို စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးသားခဲ့ပြီးသားပါ။ ဒါကြောင့်လည်း အခုဖော်ပြပေးမှာကတော့ မိုက်ကယ်အိန်ဂျလိုအကြောင်း အကျဉ်းသဘောမျှပါပဲ။
မိုက်ကယ်အိန်ဂျလိုဟာ အီတာလျံ လူမျိုးတယောက်ဖြစ်ပြီး ကမ္ဘာ့အနုပညာသမိုင်းမှာတော့ ထိပ်တန်းစာရင်းဝင် အနုပညာရှင်တယောက်ပါ။ သူဟာ ပန်းချီ၊ ပန်းပု၊ ဗိသုကာနဲ့ ကဗျာတွေမှာလည်း နှံ့စပ်ကျွမ်းကျင်သူပါ။ အီတလီနိုင်ငံမှာ စတင်ခဲ့တဲ့ Renaissance ခေတ်လို့ခေါ်တဲ့ ဉာဏ်သစ် အရေးတော်ပုံခေတ်မှာ မိုက်ကယ်အိန်ဂျလိုဟာ အထူးထင်ရှားသူ တယောက်ပါပဲ။
မိုက်ကယ်အိန်ဂျလို ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေနဲ့ ရုပ်တုတွေဟာ တကယ်ကို အသက်ဝင်ကောင်းမွန်လှပါတယ်။ မိုက်ကယ်အိန်ဂျလိုရဲ့ အကျွမ်းကျင်ဆုံးပညာရပ်ကတော့ ပန်းပုပညာနဲ့ ရုပ်လုံးပညာပါ။ သူ ထုလုပ်ခဲ့တဲ့ ကိုယ်ချွတ်ရုပ်လုံးတွေဟာ တကယ်ကို အသက်ဝင်လှပပါတယ်။ ဒီနေ့ခေတ်တိုင်အောင် သူ့ရဲ့ ရုပ်လုံးတွေထက် ကောင်းတဲ့ ရုပ်လုံးတွေဆိုတာ မရှိသလောက်ပါ။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ စာအုပ်ထဲမှာတော့ မိုက်ကယ်အိန်ဂျလိုဟာ ဒီလိုထုလုပ်နိုင်ဖို့အတွက် ခန္ဓာဗေဒကို စနစ်တကျ လေ့လာခဲ့တယ်လို့ ဆိုထားပါတယ်။ သူလေ့လာခဲ့သူတွေကတော့ လူသေကောင်တွေလို့ ဆိုပါတယ်။ ရောမမြို့မှာရှိတဲ့ စစ္စတင်းဘုရားကျောင်းကြီး မျက်နှာကျက်မှာလည်း သူရေးဆွဲခဲ့တဲ့ သူ့ရဲ့အကောင်းဆုံး ပန်းချီလက်ရာကို တွေ့နိုင်ပါသေးတယ်။
အဲဒီပန်းချီကားဟာ အင်္ဂတေဆေးကားဖြစ်ပြီး စတုရန်းပေ ၁၀၀၀၀ လောက်ရှိတဲ့ အင်္ဂတေမျက်နှာပြင်မှာ ရေးဆွဲထားခဲ့တာပါ။ အဲဒီပန်းချီကားမှာ ဆိုရင်တော့ လူရုပ်ပေါင်း ၃၄၃ ရုပ်ပါရှိပြီး အရုပ် ၂၀၀၀ လောက်ကတော့ ၁၀ ပေ ကနေ ၁၈ ပေအထိ အမြင့်ရှိပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ အဲဒီပန်းချီကားကို ၄ နှစ်တိတိ အချိန်ယူပြီး ရေးဆွဲခဲ့ပါတယ်။ အဲဒီပန်းချီကားကို ရေးဆွဲရာမှာတော့ သူဟာ ငြမ်းစင်တခုပေါ်ကနေ ပက်လက် ရေးဆွဲခဲ့ရတာက များပါတယ်။
မိုက်ကယ်အိန်ဂျလိုကို အီတလီနိုင်ငံ တပ်စကန္နီမြို့ မှာ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါ တယ်။ ငယ်စဉ်ကတည်းက ပုံဆွဲဝါသနာပါခဲ့ပြီး အိမ်နံရံတွေမှာ မီးသွေးခဲတွေနဲ့ အရုပ်တွေ ရေးဆွဲခဲ့ပါတယ်။ ဘုရင်ခံဖြစ်တဲ့ သူ့အဖေက မိုက်ကယ်အိန်ဂျလိုရဲ့ အစွမ်းအစကို သိတဲ့အခါ ဂါလန်ဒါဂျိုလို့ နာမည်ရတဲ့ ပန်းချီဆရာကြီး တယောက်ဆီမှာ အပ်နှံပေးခဲ့ပါတယ်။
မိုက်ကယ်အိန်ဂျလိုဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ “မယ်တော်ရဲ့ ရင်ခွင်မှာ သေဆုံးနေတဲ့ ခရစ်တော်”လို့ အမည်ရတဲ့ ရုပ်လုံးကို ထုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “ဒေးဗစ်”လို့ နာမည်ရတဲ့ ကျောက်ရုပ်ကြီးကို ထုလုပ်ခဲ့ပါတယ်။ အဲဒီကျောက်ရုပ်ကြီးကတော့ ၁၈ ပေမြင့်ပြီး လေးလွန်းတဲ့ အတွက် လူပေါင်း ၄၀ လောက်က မြို့လယ်ပန်းခြံ ရောက်အောင် လှိမ့်ယူခဲ့ရပါတယ်။
အသက် ၆၀ အရွယ်မှာတော့ မိုက်ကယ်အိန်ဂျလိုဟာ ပုပ်ရဟန်းမင်း တတိယပေါရဲ့ အမိန့်နဲ့ စစ္စတင်း ဘုရားကျောင်း မျက်နှာကျက်က အင်္ဂတေဆေးကားကို ရေးဆွဲခဲ့ပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ မသေဆုံးမီအချိန်လေးမှာပဲ စိန့်ပီတာ ဘုရားရှိခိုးကျောင်းကြီးကို ဆောက်လုပ်ခဲ့ပါသေးတယ်။ အဲဒီဘုရားကျောင်းဆောက်လုပ်ရာမှာတော့ သူဟာ ငွေကြေးတပြားတချပ်ကိုမှ လက်ခံခြင်း မရှိခဲ့ပါဘူး။
မိုက်ကယ်အိန်ဂျလိုဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ရုပ်အလောင်းကိုတော့ အီတလီနိုင်ငံ ဖလော်ရင့်မြို့မှာရှိတဲ့ ဆန်တာကရိုးချေး ဘုရားရှိခိုးကျောင်းထဲမှာ မြှုပ်နှံခဲ့ပါတယ်။
၁၄၇၅ မတ်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် အခုဆိုရင်တော့ မိုက်ကယ်အိန်ဂျလိုရဲ့ အသက်က ၅၄၄ နှစ် ကျော်လွန်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွယ်လွန်ခဲ့တာကြာပေမယ့် မိုက်ကယ်အိန်ဂျလိုဟာ ကမ္ဘာ တည်မယ့် အနုပညာအမွေအနှစ်တွေကို ထားရစ်နိုင်ခဲ့ပါတယ်။
Ref: my.wikipedia
You may also like these stories:
အီတလီနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့များအကြောင်း
ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအကြောင်း
တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်
“Star Wars” ရုပ်ရှင်ထဲက Chewbacca သရုပ်ဆောင် မင်းသားကြီး Peter Mayhew ကွယ်လွန်ပြီ