အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့တော်မှာဆိုရင် ဂျူးလူမျိုးတွေသာ နေထိုင်ကြတာ မဟုတ်ဘဲ အခြားလူမျိုးတွေလည်း နေထိုင်ကြပါတယ်။ လူမျိုးတွေ မတူညီကြတဲ့အတွက် ယဉ်ကျေးမှုချင်းကလည်း မတူညီကြပါဘူး။
ဒါကြောင့်လည်း လအလိုက် ကျင်းပလေ့ရှိတဲ့ ပွဲတော်တွေက ဂျေရုစလင်မြို့ကို ပိုမို အသက်ဝင် စည်ကားစေပါတယ်။ အားကစားပြိုင်ပွဲတွေကစလို့ မီးထွန်းပွဲတော်၊ ဂီတပွဲတော် စတာတွေကို ဂျေရုစလင်မြို့မှာ လ အလိုက် ကျင်းပလေ့ ရှိကြပါတယ်။
ဇွန်လအတွက် ဂျေရုစလင်မြို့မှာ ထင်ရှားတဲ့ ပွဲတော်ကတော့ နိုင်ငံတကာစာအုပ် အရောင်းပွဲတော်ပါ။ ဂျေရုစလင်မြို့ရဲ့ နိုင်ငံတကာစာအုပ် အရောင်းပွဲတော်ကိုတော့ ၁၉၆၃ ခုနှစ်ကနေ စတင် ကျင်းပလာခဲ့တာဖြစ်ပြီး ၂ နှစ်မှာ ၁ ကြိမ် ကျင်းပလေ့ ရှိပါတယ်။
နိုင်ငံတကာစာအုပ် အရောင်းပွဲတော်ဟာ ပျော်ရွှင်စရာကောင်းတဲ့ စာပေပွဲတော် ဖြစ်တာနဲ့အညီ တရားမျှတတဲ့ စီးပွားရေးလုပ်ငန်း တခုလည်း ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ ထင်ရှားတဲ့ စာအုပ်ထုတ်ဝေရေး တိုက်တွေ၊ ပြည်တွင်းပြည်ပ စာအုပ်အရောင်း ကိုယ်စားလှယ်တွေ၊ အယ်ဒီတာတွေနဲ့ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ လာရောက်လေ့ ရှိကြပါတယ်။
ဒီပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစ္စရေးဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေကို ဘာသာစကားပေါင်း များစွာနဲ့ ပြန်လည် ထုတ်ဝေနိုင်ဖို့ဖြစ်သလို နိုင်ငံတကာမှာ ထင်ရှားတဲ့ စာအုပ်တွေကိုလည်း အစ္စရေးဘာသာစကားနဲ့ ပြန်လည် ထုတ်ဝေနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဂျေရုစလင်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာစာအုပ် အရောင်းပွဲတော်မှာဆိုရင် ကမ္ဘာတဝှမ်းက ဘာသာစကား ပေါင်းစုံနဲ့ ထုတ်ဝေထားတဲ့ စာအုပ်မျိုးစုံကို တွေ့ရမှာအမှန်ပါ။ ဒါကြောင့်လည်း ကမ္ဘာအနှံ့က စာပေ ဝါသနာရှင်တွေဟာ ၂ နှစ် ၁ ကြိမ် ကျင်းပတဲ့ ဂျေရုစလင်မြို့က နိုင်ငံတကာ စာအုပ်အရောင်းပွဲတော်ကို သွားရောက်လေ့ ရှိကြပါတယ်။
စာအုပ်ရောင်းဝယ်ရေး ကိစ္စတွေအပြင် စာရေးဆရာတွေနဲ့ စာဖတ်သူတွေရဲ့ ဆွေးနွေးပွဲတွေ၊ ကဗျာ ဆရာတွေ ရွတ်တဲ့ ကဗျာတွေကို နားထောင်ရတာတွေကလည်း ဒီပွဲတော်ရဲ့ ထူးခြားချက် တခုပါ။ အချက်အပြုတ်ကို ဝါသနာပါသူတွေ အတွက်လည်း ကောင်းမွန်တဲ့ အစီအစဉ်တွေ ပြုလုပ်ထားပါသေးတယ်။ အဲဒီအစီအစဉ်ကတော့ လူသိများပြီး၊ ထင်ရှားတဲ့ ချက်ပြုတ်နည်း စာအုပ်ထဲက နည်းတွေအတိုင်း သရုပ်ပြ ချက်ပြုတ်ပေးကြတာပါ။
ဂျေရုစလင်မြို့ရဲ့ နိုင်ငံတကာစာအုပ် အရောင်းပွဲတော်ကိုတော့ ၂၀၁၉ ဇွန်လ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၅ နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref. www.secrettelaviv.com , www.eepg.org
You may also like these stories:
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း
တရုတ်လူမျိုးတွေ ကျင်းပလေ့ရှိတဲ့ တရုတ် ဗယ်လင်တိုင်းဒေးအကြောင်း
ဂျာမနီနိုင်ငံမှာသာ ရှိတဲ့ ထူးထူးခြားခြား အရာများ