စစ်ကြိုခေတ်က သက်ကြီးရွယ်အိုတွေ စုပေါင်းနေထိုင်ကြတဲ့နေရာကို လူအိုရုံလို့ ခေါ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရလာပြီးတဲ့နောက်ပိုင်းမှ လူအိုရုံအစား ဘိုးဘွားရိပ်သာလို့ ခေါ်ခဲ့ကြပါတယ်။ ဒေါ်ဦးဇွန်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူအိုရုံတွေကို စတင်တည်ထောင်ခဲ့တဲ့ အမျိုးသမီးကြီး တဦးပါ။
ဒေါ်ဦးဇွန်းတည်ထောင်ခဲ့တဲ့ လူအိုရုံ(ဘိုးဘွားရိပ်သာ)တွေကတော့
၁။ ၁၉၁၅ ခုနှစ်၊ စစ်ကိုင်းမြို့မှာ တည်ထောင်ခဲ့တဲ့ မင်းကွန်းဘိုးဘွားရိပ်သာ
၂။ ၁၉၂၃ ခုနှစ်၊ သထုံမြို့ မှာ တည်ထောင်ခဲ့တဲ့ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ
၃။ ၁၉၂၉ ခုနှစ်၊ ပေါင်းတည်မြို့မှာ တည်ထောင်ခဲ့တဲ့ ပေါင်းတည်ဘိုးဘွားရိပ်သာ
၄။ ၁၉၃၃ ခုနှစ်၊ ရန်ကုန်မြို့မှာ တည်ထောင်ခဲ့တဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာ
၅။ ၁၉၃၇ ခုနှစ်၊ ပုခုက္ကူမြို့မှာ တည်ထောင်ခဲ့တဲ့ ပုခုက္ကူ ဘိုးဘွားရိပ်သာတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါ်ဦးဇွန်းကို မင်းတုန်းမင်း လက်ထက် ၊ ရတနာပုံနေပြည်တော် မန္တလေးမြို့မှာ ၁၈၆၈ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေ ကတော့ ပိုးကုန်သည်တွေဖြစ်ကြတဲ့ ဦးအိနဲ့ ဒေါ်မျှင်တို့ပါ။
ဒေါ်ဦးဇွန်း မိဘတွေဟာ ချမ်းသာကြွယ်ဝသူတွေ ဖြစ်ကြပေမယ့် မာန်မာန မရှိဘဲ ရိုးရိုးအေးအေးသာ နေထိုင်ကြတဲ့ မိသားစုတွေဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူတွေ ဖြစ်ကြပါတယ်။ မိဘနှစ်ပါးလုံးကလည်း ဘာသာရေးကိုင်းရှိုင်းကြသူတွေ ဖြစ်တဲ့အတွက် ဒေါ်ဦးဇွန်းဟာလည်း ငယ်စဉ်ကတည်းက နေ့စဉ် ၅ ပါးသီလစောင့်ထိန်းခဲ့ပြီး ၈ရက်သီတင်းနဲ့ လပြည့်၊ လကွယ်နေ့တွေမှာ ၈ ပါးသီလ စောင့်ထိန်းလေ့ ရှိပါတယ်။
အသက် ၁၆ နှစ်အရွယ်ကတည်းက မိဘတွေရဲ့ ပိုးလုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့ပါတယ်။ လုပ်ငန်းနဲ့ ဆက်စပ်ပြီး အမြို့မြို့ အနယ်နယ်ကို ခရီးသွားရလေ့ ရှိပြီး လူပေါင်းဆံ့သူ တယောက်လည်း ဖြစ်ပါတယ်။ ဒေါ်ဦးဇွန်း အသက် ၄၀ နှစ် အရွယ်မှာတော့ မိဘ နှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့အတွက် မိဘတွေ ထားရစ်ခဲ့တဲ့ အမွေတွေ ရရှိခဲ့ပါတယ်။
စီးပွားရေး လုပ်ငန်းက အောင်မြင်နေပေမယ့်လည်း မိဘတွေကို သတိရတဲ့စိတ်က ဒေါ်ဦးဇွန်းကို ပိုမိုဖိစီး နေပါတယ်။ ဒါကြောင့်လည်း စိတ်ပြေလက်ပျောက် ရန်ကုန်မြို့ကို အလည်သွားရင်းနဲ့မှ ခရစ်ယာန် ဗရင်ဂျီဘုန်းကြီး ဘီဂင်ဒစ် တည်ထောင်ထားတဲ့ လူအိုရုံကို သွားရောက် ကြည့်ရှုခဲ့မိရာကနေ ဒေါ်ဦးဇွန်းရဲ့ ဘဝလမ်းကြောင်းကို ပြောင်းစေခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ဒေါ်ဦးဇွန်းဟာ သားထောက် သမီးခံ မရှိတဲ့ လူအိုတွေကို စောင့်ရှောက်ဖို့ စိတ်ကူးဖြစ်လာခဲ့ပါတယ်။
အဲဒါကြောင့် ဒေါ်ဦးဇွန်းဟာ မန္တလေးမြို့မှာ လူအိုရုံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာရှိတဲ့ မြို့မျက်နှာဖုံး လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှတော့ စစ်ကိုင်းတောင်ရိုး အရိယ မဂ္ဂင်ဆရာတော်ကို လျှောက်ထားပြီး မင်းကွန်းခေါင်းလောင်းကြီးအနီးမှာ ကမ္မဋ္ဌာန်းကျောင်း ၃ ကျောင်းကို ဆောက်ပြီး လူအိုရုံကို စတင်တည်ထောင်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်းဟာ လူအိုရုံတည်ထောင်ပြီး ၂ နှစ်လောက်အထိ ကိုယ်ပိုင်ငွေနဲ့သာ လည်ပတ်ခဲ့ရပြီးနောက်ပိုင်း လှူဒါန်းချင်သူတွေဆီကနေ အလှူငွေတွေ လက်ခံခဲ့ပြီး လူအိုရုံအသင်းကို စတင်တည်ထောင်ခဲ့ပါတယ်။

၁၉၁၈ ခုနှစ်မှာ မင်းကွန်းလူအိုရုံကို စတင်ဖွဲ့စည်းခဲ့ပေမယ့် အားပေးကူညီသူ နည်းပါးခဲ့ပြီး ၈ နှစ်အတွင်းမှာမှ ရန်ပုံငွေ ၈၀၀၀ လောက်သာ ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရန်ပုံငွေ ၄ သိန်းကျော်အထိ ရလာခဲ့ပြီး ဘိုးဘွား ၂၅၀ လောက်ကို လက်ခံနိုင်ခဲ့ပါတယ်။ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံလုပ်ငန်း အဆင်ပြေလာပြီးတဲ့ နောက်မှာတော့ ဒေါ်ဦးဇွန်းဟာ သူ့နဂိုမူလ ရည်ရွယ်ချက်အတိုင်း မြန်မာနိုင်ငံအနှံ့မှာ လူအိုရုံတွေ ဖွင့်ပါတော့တယ်။ လူအိုရုံတွေ တည်ထောင်ခဲ့တဲ့အခါ သူ့ ကိုယ်ပိုင်ငွေတွေနဲ့သာ မတည် ဖွင့်လှစ်ခဲ့ပါတယ်။
အသက် ၆၀ နှစ် ပြည့်ပြီးတဲ့ နောက်မှာတော့ ဒေါ်ဦးဇွန်းဟာ လူဝတ်ကြောင်ဘဝကို စွန့်ပြီး ပေါင်းတည် လူအိုရုံမှာ သီလရှင် ဝတ်လိုက်ပါတယ်။ သီလရှင်ဘွဲ့က ဒေါ်သုမာလာဖြစ်ပေမယ့် ဒေါ်ဦးဇွန်း နာမည်နဲ့သာ ထင်ရှားပါတယ်။ ဒေါ်ဦးဇွန်းရဲ့ တိုင်းကျိုးပြု လုပ်ငန်းတွေကြောင့် အင်္ဂလိပ်အစိုးရက တီပီအက်စ်လို့ခေါ်တဲ့ တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်း အမြဲလိုလို ပြောလေ့ရှိတဲ့ စကားတခွန်း ရှိပါတယ်။ အဲဒီစကားကတော့ “လူအိုအကျိုးကို ဟန်ဆောင်ကူညီတဲ့ လောဘသမားတွေ ရှိရင် ဖယ်ရှားနိုင်ပါစေ” ဆိုတဲ့ စကားပါပဲ။ ဒေါ်ဦးဇွန်းဟာ လူအိုတွေအတွက် စည်းစိမ်တွေအားလုံးကို စွန့်လွှတ်ခဲ့တဲ့အပြင် ၂၈ နှစ်လုံးလုံး လူအိုတွေအတွက် လုပ်အားကိုပါ ပေးဆပ်ခဲ့ပါတယ်။ ဒေါ်ဦးဇွန်းဟာ အသက် ၇၆ နှစ်အရွယ် (၁၉၄၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့) မင်းကွန်းလူအိုရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
ကိုးကား – my.wikipedia.org
You may also like these stories:
နိုင်ငံကျော် စာရေးဆရာကြီး ရွှေဥဒေါင်းအကြောင်း