ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ပတ်ဘလို ရူးအစ် ပီကာဆို (Pablo Ruiz Picasso) ကို ၁၈၈၁ ခုနှစ်၊ ဧပြီလမှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်ကနေ ပြန်လည် ရေတွက်မယ် ဆိုရင် ပီကာဆိုရဲ့ အသက်က ၁၃၈ နှစ် ရှိနေပါပြီ။ နှစ်တွေ ရာချီပြီး ကြာမြင့်ခဲ့ပေမယ့်လည်း ပီကာဆိုရဲ့ လက်ရာတွေကို လူတွေက မက်မက်မောမော ဝယ်ယူနေကြတုန်းပါပဲ။ အခုဆိုရင်တော့ ပီကာဆိုရဲ့ ပန်းချီကား တချပ်ဟာ ဒေါ်လာသန်းပေါင်းများစွာ တန်နေပါပြီ။
ပီကာဆိုဟာ စပိန်လူမျိုးတယောက် ဖြစ်ပြီး သူ့ကို စပိန်နိုင်ငံ၊ မာလာဂါမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ပန်းချီပညာရှင်တဦး ဖြစ်ရုံသာမက ပန်းပုဆရာ၊ ဇာတ်စင် ဒီဇိုင်နာ၊ ကဗျာဆရာနဲ့ ပြဇာတ်ရေးဆရာ တယောက်လည်း ဖြစ်ပါသေးတယ်။ သူရဲ့ ငယ်ဘဝ ကလေးအရွယ်ဟာ ပြင်သစ်နိုင်ငံမှာ ကုန်ဆုံးခဲ့ပါတယ်။
ပီကာဆိုရဲ့ လက်ရာတွေက ၂၀ ရာစု ပန်းချီလောကကို လွှမ်းမိုးမှု ရှိခဲ့ပြီး သူ့ကို ကျူဘစ်ဇင် ပန်းချီဆိုင်ရာ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်တဦးအနေနဲ့လည်း လူတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ ပီကာဆိုရဲ့ ဖခင်ဟာလည်း ပန်းချီဆရာဖြစ်ပြီး ပန်းချီသင်တန်းတွေ ဖွင့်လေ့ ရှိပါတယ်။ ပီကာဆိုဟာ အသက် ၁၄ နှစ် အရွယ်လောက်ကတည်းက ပန်းချီစတင် ရေးဆွဲခဲ့ပြီး အသက်ဆုံးတိုင် ပန်းချီနဲ့ တခြား အနုပညာ အလုပ်တွေကိုသာ လုပ်ကိုင်သွားခဲ့ပါတယ်။
၁၉၀၁ ခုနှစ်ကနေ ၁၉၀၃ ခုနှစ်အတွင်းမှာတော့ ပီကာဆိုဟာ ဝမ်းနည်းကြေကွဲမှုတွေကို သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့ပြီး ပီကာဆိုရဲ့ “Blue Period” လို့ ခေါ်လေ့ ရှိပါတယ်။ ၁၉၀၄ ခုနှစ်ကနေ ၁၉၀၅ ကာလကိုတော့ ပီကာဆိုရဲ့ “Rose Period” လို့ ခေါ်ပြီး ဆပ်ကပ်ထဲက လူတွေရဲ့ လှုပ်ရှားနေပုံတွေကို ဆေးအနီနဲ့ ပန်းရောင်တွေ သုံးပြီး ရေးဆွဲခဲ့ပါတယ်။
ပီကာဆိုဟာ ပြင်သစ်နိုင်ငံမှာ နေထိုင်နေရင်း အိုလီဗီးယားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင် ကျခဲ့ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ ပီကာဆို ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ အိုလီဗီးယားရဲ့ ရုပ်ပုံကို အခြေခံပြီး ရေးဆွဲခဲ့ပါတယ်။ လူအများစုကတော့ ပီကာဆိုရဲ့ အကောင်းဆုံး ပန်းချီ လက်ရာဟာ ဂွာနီကာ (Guernica) လို့ ဆိုကြပါတယ်။ အဲဒီပန်းချီကားဟာ နိုင်ငံရေး အငွေ့အသက် မကင်းတဲ့ ပန်းချီကားဖြစ်ပြီး စပိန်ပြည်တွင်းစစ်မှာ မြို့တမြို့လုံး ပျက်စီးသွားပုံကို ရေးဆွဲထားတဲ့ ပန်းချီကား ဖြစ်ပါတယ်။
ပီကာဆိုဟာ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ပန်းချီကား အများအပြားကို ထားရစ်နိုင်ခဲ့ပြီး နိုင်ငံအများအပြားက ပြတိုက်တွေမှာ ပီကာဆိုရဲ့ ပန်းချီကားတွေ ရှိပါတယ်။ ကျော်ကြားတဲ့ ပန်းချီလက်ရာတွေ ဖြစ်တဲ့အတွက် ပီကာဆိုရဲ့ ပန်းချီကားတွေဟာ မကြာခဏ ဆိုသလို အခိုးခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်တုန်းကလည်း ပီကာဆိုက ဂရိနိုင်ငံကို ပေးထားတဲ့ ပန်းချီကား တကားနဲ့ အခြားဂန္ထဝင် ဆီဆေးကား ၂ ကား ဂရိနိုင်ငံ Athens’ National Gallery ကနေ အခိုးခံခဲ့ရပါတယ်။ ပီကာဆိုက ဂရိနိုင်ငံကို ပေးခဲ့တဲ့ ပန်းချီကားဟာ အမျိုးသမီးရဲ့ ဦးခေါင်းဆိုတဲ့ ပန်းချီကားဖြစ်ပြီး ၁၉၃၉ ခုနှစ်မှာ ပီကာဆို ရေးဆွဲခဲ့တဲ့ ပန်းချီကားလည်း ဖြစ်ပါတယ်။ အဲဒီပန်းချီကားဟာ နာဇီ ဂျာမနီကို ခုခံခဲ့တဲ့အတွက် ဂရိနိုင်ငံကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၄၉ ခုနှစ်မှာ ပီကာဆိုက ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာလည်း ပီကာဆိုရဲ့ လက်ရာတွေ စုစည်းထားတဲ့ ပြပွဲကို တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲမှာတော့ ပီကာဆိုရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။ အဲဒီပန်းချီပြပွဲရဲ့ နာမည်ကိုတော့ “ပါရမီရှင်တဦး မွေးဖွားခြင်း” လို့ ခေါင်းစဉ် ပေးထားပြီး ပါရီမြို့မှာရှိတဲ့ ပီကာဆို ပြတိုက်ကနေ ရွေးချယ်လာတဲ့ ပန်းချီလက်ရာတွေကို စုပေါင်း ပြသတဲ့ ပွဲတပွဲပါ။
အဲဒီ ပန်းချီပြပွဲမှာတော့ ပန်းချီကားတွေအပြင် ရုပ်တုနဲ့ ရုပ်ပုံ ကားချပ်တွေ၊ ပီကာဆို ငယ်ဘဝက ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံဟာ ပီကာဆို ပန်းချီပြပွဲကို ၁၉၈၃ ခုနှစ်မှာ ပထမဆုံးအကြိမ် ပြသနိုင်ခဲ့ပြီး ပန်းချီလက်ရာ ၃၃ ခုလောက်ကိုသာ ပြသနိုင်ခဲ့ပါတယ်။
ကိုးကား – en.wikipedia.org , my.wikipedia.org
You may also like these stories:
၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ
စိတ်ကျဝေဒနာ ခံစားခဲ့ရတဲ့ နှောင်းခေတ် ကမ္ဘာကျော်အနုပညာရှင်များ