ကနေဒါနိုင်ငံနေ့ကို လွန်ခဲ့တဲ့ ၁၈၆၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင် ကျင်းပလာခဲ့တာ ဖြစ်ပါ တယ်။ အခုဆိုရင်တော့ ကနေဒါနိုင်ငံနေ့ကို ကျင်းပလာခဲ့တာ ၁၅၂ နှစ် ရှိခဲ့ပါပြီ။
အရင်တုန်းကတော့ ကနေဒါနိုင်ငံနေ့ကို “Dominion Day” လို့ခေါ်ခဲ့ကြပါတယ်။ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၈၂ ခုနှစ် မှာတော့ ကနေဒါနိုင်ငံနေ့ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့မြေပုံပေါ်မှာ ကနေဒါနိုင်ငံအဖြစ် တည်ရှိနေခဲ့တာ နှစ်ပေါင်း ၁၅၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံနေ့ကိုတော့ ကနေဒါ တနိုင်ငံတည်းမှာသာ ကျင်းပကြတာ မဟုတ်ဘဲ ကမ္ဘာ့နေရာအနှံ့ကို ရောက်နေကြတဲ့ ကနေဒါ နိုင်ငံသားတွေကလည်း ကျင်းပလေ့ ရှိကြပါတယ်။ ကနေဒါနိုင်ငံနေ့ဆိုတာ ကနေဒါနိုင်ငံရဲ့ မွေးနေ့ဖြစ်သလို အစိုးရရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံမှာ တရားဝင်သုံးစွဲကြတဲ့ ဘာသာစကားတွေကတော့ အင်္ဂလိပ်နဲ့ ပြင်သစ်စကားတွေပါ။ ၁၉၆၅ ခုနှစ်မှာတော့ ကနေဒါနိုင်ငံရဲ့အလံကို တီထွင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ အုပ်ချုပ်နေစဉ်အခါ ဖြစ်တဲ့ အတွက်ကြောင့် အင်္ဂလန်အလံနဲ့ ကွဲပြားခြားနားဖို့ ရည်ရွယ်ပြီး တီထွင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံရဲ့အလံကို အဖြူနဲ့ အနီ အရောင် ၂ မျိုး သုံးထားပြီး မေပယ်ရွက်ပုံကို ထည့်သွင်း ရေးဆွဲခဲ့ပါတယ်။ မေပယ်ရွက်ဟာ ကနေဒါနိုင်ငံ အနှံ့အပြားမှာ တွေ့ရတဲ့အတွက် ထည့်သွင်း ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာ ကျရောက်တဲ့ ကနေဒါနိုင်ငံနေ့မှာဆိုရင်လည်း လူတွေဟာ ပါတီပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ကြပါတယ်။ ကနေဒါနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Ottawa မြို့တော်ရဲ့ ပါလီမန် ခန်းမရှေ့မှာဆိုရင် လူပေါင်း ၁၀,၀၀၀ ကျော်လောက်က ကနေဒါနိုင်ငံနေ့ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
ကနေဒါနိုင်ငံသား ၁၁,၅၀၀ လောက်ဟာ ကနေဒါနိုင်ငံရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ နေ့လယ်ပိုင်းလောက်ကတည်းက ကနေဒါနိုင်ငံနေ့ကို ကျင်းပခဲ့ကြတယ်လို့ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲတဦးက ဆိုပါတယ်။ ကနေဒါနိုင်ငံ ပွဲတော်နေ့ကိုတော့ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau နဲ့ မိသားစု၊ ရုပ်ရှင် မင်းသား Ryan Reynolds တို့ တက်ရောက်ခဲ့ကြပါတယ်။
ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်ပြီးတော့ တောင်ပိုင်းမှာဆိုရင်တော့ အမေရိကန် ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းတွေ အရဆိုရင်တော့ ကနေဒါနိုင်ငံမှာ နေထိုင်သူ လူဦးရေ စုစုပေါင်း ၃၇ ဒဿမ ၄၁ သန်း ရှိပါတယ်။
Ref: edition.cnn, globalnews.ca
You may also like these stories:
ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်းဆုံး နိုင်ငံများ
ကမ္ဘာ့အကြီးဆုံး အရာများကို ပိုင်ဆိုင်ထားတဲ့ ကနေဒါနိုင်ငံ
ကနေဒါနိုင်ငံကို သွားလည်တဲ့အခါ သိထားသင့်တဲ့ အချက်များ
ပို့ကုန် လက်မှတ် အတုများဖြင့် အသားတင်ပို့ခြင်း ရပ်ရန် ကနေဒါကို တရုတ်ပြော