Culture

အသက်ငယ်ရွယ်စဉ်မှာ မိဘတွေကိုယ်တိုင် အတင်းအဓမ္မ လက်ထပ်ခိုင်းလေ့ရှိတဲ့ Burkina Faso နိုင်ငံ

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ လယ်ပိုင်းလောက်တုန်းက အသက် ၄၁ နှစ် အရွယ်ရှိတဲ့ မလေးရှား အမျိုး သားတယောက်က အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ ထိုင်းမိန်းကလေး တယောက်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီလက်ထပ်ပွဲနဲ့ ပတ်သက်လို့ ထိုင်အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Angkhana Neelapaijit ဆိုသူက အခုလိုပဲ ပြောခဲ့ပါတယ်။ “ဒါက လက်ထပ်တာမှ မဟုတ်တာ။ ဒါက သက်ငယ်မုဒိမ်းပဲ”လို့ ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှု အမျိုးအစားထဲမှာ အသက်ကြီးတဲ့ အမျိုးသားတွေက အသက်ငယ်တဲ့ အမျိုသမီးတွေကို လက်ထပ်တာလည်း ပါဝင်ပါတယ်။ တချို့နိုင်ငံတွေရဲ့ လူမျိုးရေးဆိုင်ရာ ဓလေ့တွေမှာ ဒီလို ထုံးစံမျိုးတွေကို ခွင့်ပြုထားကြသေးတုန်းပါပဲ။ အနောက်အာဖရိက နိုင်ငံတနိုင်ငံဖြစ်တဲ့ Burkina Faso နိုင်ငံမှာလည်း မာရီယာဆိုတဲ့ မိန်းမငယ်လေး တယောက်ဟာ ဖခင်ဖြစ်သူရဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းမှုကို ခံခဲ့ရပါတယ်။

မာရီယာကလည်း သူ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပါတယ်။ “ကျမအဖေက ကျမကို အသက် ၇၀ ရှိနေတဲ့ အဘိုးကြီးတယောက်နဲ့ လက်ထပ်ခိုင်းခဲ့ပါတယ်။ အဲဒီ အဘိုးကြီးမှာ မယား ၅ ယောက် ရှိသလို အဲဒီတုန်းက ကျမကလည်း အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။ တကယ်လို့ အဲဒီအဘိုးကြီးကိုသာ လက်မထပ်ဘူးဆိုရင် အဖေက ကျမကို သတ်မယ်လို့ ပြောပါတယ်”လို့ မာရီယာက ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းကြီးဟာ မာရီယာလို ယောကျာ်း အိမ်က ထွက်ပြေးလာတဲ့ မိန်းကလေးပေါင်းများစွာကို အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်။ မာရီယာဟာ သူ့ ခင်ပွန်းအိမ်မှာ ၃ ရက် နေခဲ့ပြီးတဲ့နောက်မှာတော့ အိမ်ကထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပြီး အမျိုးသမီးငယ်တွေအတွက် ဖွင့်ထားပေးတဲ့ စင်တာကို ရောက်ဖို့ ၃ ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ Celine မှာလည်း အလားတူ ဇာတ်လမ်းမျိုး ရှိပါတယ်။ “ကျမ ငယ်တုန်းပဲ ရှိသေးတဲ့အရွယ်မှာ မိဘတွေက ကျမ အန်တီကို မွေးစားဖို့ဆိုပြီး ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ အဒေါ်ဖြစ်တဲ့သူက သူ့ယောကျာ်းဘက်က ဆွေမျိုးတော်သူ တယောက်နဲ့ လက်ထပ်ခိုင်းပါတယ်။ ကျမ လက်ထပ်ရမယ့်လူဟာ အိမ်ထောင်ကျပြီးသား အမျိုးသားတယောက်ပါ။ ကျမက သူ့ကို လက်မထပ်ချင်ဘူးလို့ ပြောတော့ ကျမကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ လက်ထပ်ပြီးတဲ့နေ့မှာပဲ ကျမ မိဘအိမ်ကို ပြန်ပြေးခဲ့ပေမယ့် မိဘတွေက ကျမကို လက်မခံကြပါဘူး”လို့ သူက ဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ Burkina Faso ဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို မိဘဆွေမျိုးတွေက အတင်းအဓမ္မ လက်ထပ်ခိုင်းလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း အရွယ် မရောက်သေးတဲ့ မိန်းကလေးတွေ လက်ထပ်မှုနှုန်းမှာ ကမ္ဘာ့အမြင့်ဆုံးနေရာက ရှိနေပါတယ်။ ဒီကိစ္စဟာ ပြစ်မှုတခုအဖြစ်ရှိနေပေမယ့် လူတွေကတော့ ဂရုမစိုက်ကြပါဘူး။

၂၀၁၄ ၊ ၂၀၁၅ ခုနှစ်တွေမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အမျိုးသမီးပေါင်း ၃၅ ယောက်ကိုအင်တာဗျူးမေးခဲ့ရာမှာ သူတို့အားလုံးဟာ မိဘဆွေမျိုးတွေရဲ့ အတင်းအဓမ္မ လက်ထပ်ပေးမှုကို ခံခဲ့ကြရပြီး ယောကျာ်းအိမ်က ထွက်ပြေး လွတ်မြောက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

Ref: thejournal.ie, nationmultimedia

Loading