Culture

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

မြန်မာ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံယဉ်ကျေးမှု ဇုန်ကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် (World Heritage List ) အဖြစ်  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)မှ အသိအမှတ်ပြုကြောင်း ယနေ့ ကြေညာလိုက်ပြီဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ ကျင်းပနေသည့် အဖွဲ့ဝင် နိုင်ငံ၂၁ နိုင်ငံ ပါဝင်သည့် ကမ္ဘာ့အမွေအနှစ် ကော် မတီရဲ့ “၄၃” ကြိမ်မြောက် အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုဇုန်အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့ ခြင်း ဖြစ်သည်။

ပုဂံရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုဇုန်အား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရန်အတွက် ပြင်ဆင်ထားမှု အခြေအနေများကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကြံပေးအဖွဲ့ ဖြစ်သည့် International Council on Monuments and Sites (ICOMOS)မှ ကျွမ်းကျင် ပညာရှင်အဖွဲ့က ပြီးခဲ့သည့်နှစ် စက်တင် ဘာ ၁၅ ရက်နေ့တွင် လာရောက်စစ်ဆေးပြီး နောက်  သတ်မှတ်ထားသည့် Critera ၊ Outstanding Universal Value တို့နှင့် ကိုက်ညီမှုရှိကြောင်း ထောက်ခံချက် ပေးခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ ပျူမြို့ဟောင်း ၃မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် မြို့များအား ၂၀၁၄ ခုနှစ်က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံ ထည့်သွင်းခံရခြင်းဖြစ်သည်။

စတုရန်း ကီလိုမီတာ ၅၀ ခန့်ရှိသည့် ပုဂံ သည် ၉ ရာစုမှ စတင်ကာ ၁၃ ရာစုတိုင်အောင် ပထမ မြန်မာနိုင်ငံတော် အဖြစ် တည်တံ့ ခဲ့ပြီး ရာဇဝင်သည်ကား ရှည်လျား၏။ ပုဂံခေတ်ဦးက တည်ထား သည့် ဘူးဘုရား၊ ငကျွဲနားတောင်း စသည့် ပုထိုး များမှာ ၇ ရာစု ခန့်က တည်ခဲ့သည့် သရေခေတ္တရာမှ ပျူလက်ရာဖြစ်သည့် ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး တို့၏ ပုံစံများကဲ့သို့ပင်၊ ပုထိုး တည်ပုံ ဆင့်ကဲ ဖြစ်စဉ်သမိုင်း (Evolution) အရ ပျူပြီးလျှင် ပုဂံသည် တဆက်တစပ်တည်း ဟုပင် ဆိုနိုင်သည်။

ပုဂံသည် ပျူ၊ မွန်၊ မြန်မာတို့၏ အနုပညာ လက်ရာ မြောက်မြားစွာဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ကျန်စစ်သား မင်းကြီး ရွှေစည်းခုံ စေတီတော်ကြီးကို တည်ချိန် ခရစ် ၁၀၈၆ ခုနှစ်က ကမ္ဘာ၌ အမေရိက ဟူသည့် တိုင်းပြည်ပင် မတည်ရှိ သေးပေ။

လက်ရှိတွင်လည်း ရှင်သန်နေဆဲ ရှေးဟောင်းအဆောက်အအုံ ၃၅၀၀ ကျော်ရှိပြီး ပုဂံ၏ အခြေခံဖြစ် သည့် ဗုဒ္ဓဘာသာဝင် တို့၏ ရိုးရာဓလေ့ ကုသိုလ်ကောင်းမှု ပြုလုပ်သည့် အလေ့အထများမှာ ပွဲတော် များ၊ အထိမ်းအမှတ်ပွဲများနှင့် ပုံမှန် အစဉ်လိုက် ဆင်နွှဲ လေ့ ရှိသော ပွဲတော်များ စသည့် ဒြပ်မဲ့ အမွေအနှစ်များလည်း ရှိနေသေးသည်။

ထိုနည်းတူ ပုဂံခေတ်က အသုံးပြုခဲ့သည့် ရေသုံးစွဲမှု စနစ် နှင့် ရေဝေရေလဲ နေရာများဖြစ်သည့် မြကန် ကိုလည်း တိကျစွာ ဖော်ပြနိုင်သည်။

ယင်းသို့ ထိန်းသိမ်းထားနိုင်သည့် အခြေအနေများကြောင့် ယခုအခါ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ပုဂံနှင့်အတူ မြန်မာအိမ်နီးချင်း လာအိုနိုင်ငံမှ ဂျားလွင်ပြင် ကျင်းခေါင်ရှိ  ကျောက်အိုးကြီးများ ရှိသည့် ရှေးဟောင်းဇုန်ကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ် ပြုခံခဲ့ရသည်။

ဆက်စပ် ဖတ်ရှု့ရန်

မင်္ဂလာရှိသော အဖြေ ထွက်ပေါ်နိုင်မှာလား ပုဂံ 

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူရှေးဟောင်းသုံးမြို့ ကမ္ဘာအမွေ အနှစ်စာရင်းဝင် ဖြစ်ပြီ 

Loading