ဆရာဇော်ဂျီကို ၁၉၀၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ ဖခင် ဦးယော၊ မိခင် ဒေါ်စိန်ညွှန့်တို့က မွေးဖွားခဲ့ ပါတယ်။ ငယ်နာမည် “သိန်းဟန်”လို့ အမည်တွင်တဲ့ ဆရာဇော်ဂျီဟာ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။ ဆရာဇော်ဂျီဟာ ငယ်စဉ်တုန်းကတော့ ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းမှာ ပညာ သင်ကြားခဲ့ပြီး ငယ်စဉ်ကတည်းက မြန်မာမှု၊ မြန်မာစာပေကို ရင်းနှီးကျွမ်းဝင်သူတယောက်လည်း ဖြစ်ပါတယ်။
ပညာရေးအနေနဲ့ ဖျာပုံမြို့ အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်းမှာ သတ္တမတန်းအထိ သင်ကြားခဲ့ပြီး ၁၉၂၀ ခုနှစ် ပထမ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပါတယ်။ အမျိုးသားကျောင်းတွေ မြန်မာနိုင်ငံအနှံ့မှာ ပေါ်ပေါက်လာပြီး နောက်မှာတော့ ဆရာဇော်ဂျီဟာ အမျိုးသားကျောင်းကို ပြောင်းရွှေ့ပြီး ပညာဆက်လက် သင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းမှာ ပညာဆက်လက် သင်ယူခဲ့ပြန်ပါတယ်။
မြို့မကျောင်းမှာ ပညာသင်ကြားနေစဉ်တုန်းမှာပဲ ကဗျာကို စတင်ရေးသားခဲ့ပြီး ၁၉၂၄ ခုနှစ်မှာတော့ ဆာဂျေအေမောင်ကြီးရဲ့ သစ္စာဝါဒီသတင်းစာမှာ ကဗျာ ဘာသာပြန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သစ္စာဝါဒီသတင်းစာမှာ ဆရာဇော်ဂျီ ယှဉ်ပြိုင်ခဲ့ရတဲ့ ကဗျာကတော့ အင်္ဂလိပ်ကဗျာဆရာ ဟင်နရီဝေါ်တန်ရဲ့ “The Character Of A Happy Life” ကဗျာဖြစ်ပြီး ပထမဆု ရရှိခဲ့ပါတယ်။
၁၉၂၅ ခုနှစ်မှာတော့ ဆရာဇော်ဂျီဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာ ဆက်လက် သင်ကြားခဲ့ပါတယ်။ တက္ကသိုလ်ရောက်တဲ့ အခါမှာတော့ ရှေးဟောင်း မြန်မာစာပေတွေကို စနစ်တကျ သင်ကြားခွင့် ရခဲ့သလို ကမ္ဘာ့စာပေတွေကိုလည်း ထဲထဲဝင်ဝင် လေ့လာခွင့် ရခဲ့ပါတယ်။
၁၉၂၈ ခုနှစ်မှာတော့ နာမည်ကျော် ကဗျာတပုဒ် ဖြစ်လာမယ့် ပိတောက်ပန်းကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ တက္ကသိုလ်ကျောင်းသား ဘဝမှာပဲ ဆရာ မင်းသုဝဏ်နဲ့ တွဲမိသွားပြီး ရှေးဟောင်းကဗျာ ရေးသားပုံ၊ ရေးသားနည်း စနစ်ထဲက ခွဲထွက်ပြီး ကဗျာရေးသားနည်း စနစ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ ကိုယ်ခံစားရတဲ့ အမြင်အတိုင်းသာ ကဗျာကို ဖွဲ့ဆိုပြီး ဂန္ထလောက၊ ကြီးပွားရေးမဂ္ဂဇင်းတွေမှာ ကဗျာတွေကို ရေးသားခဲ့ပါတယ်။
၁၉၃၄ ခုနှစ်မှာတော့ ဆရာကြီး ဦးဖေမောင်တင်က ဆရာဇော်ဂျီနဲ့ ဆရာ မင်းသုဝဏ်တို့ ရေးသားကြတဲ့ ကဗျာတွေကို စုပေါင်း ထုတ်ဝေပေးရာကနေ “ခေတ်စမ်းကဗျာ”လို့ မြန်မာစာပေ လောကမှာ နာမည် တွင်လာခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသာဘဝမှာပဲ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်နဲ့ ပါမောက္ခ ဂုဒ်တို့ ဆီကနေ မြန်မာစာပေနဲ့ အင်္ဂလိပ်စာပေတွေကို လေ့လာဆည်းပူးခွင့် ရခဲ့ပါတယ်။
ဆရာဇော်ဂျီဟာ နာမည်ကျော်ကြားတဲ့ ဆရာကြီးတွေဆီ ပညာဆည်းပူးခွင့် ရခဲ့သလို မြန်မာစာပေ လောကမှာ နာမည်ကြီး ကလောင်တလက် ဖြစ်လာမယ့် ဆရာသိပ္ပံမောင်ဝ ဆီကနေလည်း အက်ဆေး သဘောတရားတွေကို လေ့လာခွင့် ရခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ ၁၉၂၉ – ၁၉၃၀ ခုနှစ်မှာတော့ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဖာဘွဲ့ ရခဲ့ပြီး ဖျာပုံမြို့မှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၃၁ ခုနှစ်မှာတော့ ဖျာပုံမြို့နယ်က ထုတ်ဝေခဲ့တဲ့ မြန်မာ့အာဇာနည် ဂျာနယ်မှာ အယ်ဒီတာ တယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာဇော်ဂျီ အယ်ဒီတာအနေနဲ့ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာ့အာဇာနည်ဂျာနယ်ဟာ ၇ ဆောင်သာ ထုတ်ဝေနိုင်ခဲ့ပြီး ရပ်ဆိုင်းသွားခဲ့ပါတယ်။
၁၉၃၈ ခုနှစ်မှာတော့ မန္တလေး ဥပစာကောလိပ်မှာ မြန်မာစာ နည်းပြတယောက် အနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ “သခင်ကိုယ်တော်မှိုင်းဋီကာ” စာအုပ်နဲ့ ၁၉၅၅ ခုနှစ်အတွက် စာပေဗိမာန် စာပဒေသာဆု၊ ၁၉၇၉ ခုနှစ် မှာတော့ “နင်လားဟဲ့ ချစ်ဒုက္ခ” ဝတ္ထုတိုစာအုပ်နဲ့ အမျိုးသားစာပေဆု(ဘာသာပြန်ဆု) ရရှိခဲ့ပါတယ်။
ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ စာအုပ်တွေဟာ မြန်မာစာပေ လောကအတွက် အထင်ကရ စာပေတွေ ဖြစ်သလို ဆရာတက်တိုးကလည်း ဆရာဇော်ဂျီနဲ့ ပတ်သက်ပြီး “ဒဿနစာဆို” ဆိုတဲ့ မှတ်ချက် ပြုခဲ့ပါတယ်။
ဆရာဇော်ဂျီဟာ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဆရာဇော်ဂျီရဲ့ အသက်ဟာ ၈၃ နှစ် ရှိနေခဲ့ပါပြီ။
You may also like these stories:
ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ပီကာဆို အကြောင်း
မြန်မာနိုင်ငံက ဘိုးဘွားရိပ်သာတွေအတွက် မျိုးစေ့ချပေးခဲ့သူ ဒေါ်ဦးဇွန်း
ကမ္ဘာကျော် ပန်းပုပညာနဲ့ ရုပ်လုံးပညာရှင် မိုက်ကယ်အိန်ဂျလို အကြောင်း
နိုင်ငံကျော် စာရေးဆရာကြီး ရွှေဥဒေါင်းအကြောင်း