ဆရာကြီး မြသန်းတင့်ဟာ မြန်မာစာပေ လောကမှာ သြဇာကြီးမားသူ တယောက်ပါ။ ဘာသာပြန် စာပေတွေ ရေးခဲ့ရုံသာမက ပင်ကိုယ်ရေးစာပေ အများအပြားကို ရေးခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
ဆရာကြီးရဲ့ မိဘတွေကတော့ ဦးပေါတင့်နဲ့ ဒေါ်လှိုင်တို့ ဖြစ်ကြပြီး ဆရာကြီး မြသန်းတင့်ကို ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မြိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ မျိုးချစ်စိတ် ထက်သန်သူ တယောက်ဖြစ်ပြီး ငယ်စဉ်အရွယ်ကတည်းက ဖက်ဆစ်တော်လှန်ရေး မြေအောက် ကလာပ်စည်း အဖွဲ့နဲ့ ဆက်သွယ်ပြီး ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
၁၉၄၃ ခုနှစ်မှာ ဆရာကြီး မြသန်းတင့်ဟာ အာရှလူငယ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာတော့ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သလို ၁၉၅၆ ခုနှစ်မှာတော့ ဥပဒေဘွဲ့ ထပ်မံ ရရှိခဲ့ ပြန်ပါတယ်။
လယ်သမားတွေ သီးစားခ မပေးရရေး တိုက်ပွဲမှာ အင်္ဂလိပ်အစိုးရ သိမ်းယူထားတဲ့ လယ်သမားတွေရဲ့ ပစ္စည်းတွေကို ပြန်လုယူခဲ့တဲ့အတွက် ဆရာ မြသန်းတင့်ဟာ အပြစ်ဒဏ် ကျရောက်ခဲ့ပါတယ်။ မြင်းခြံခရိုင်မှာတော့ အင်္ဂလိပ် အလိုတော်ရိတွေနဲ့ မြေရှင်တွေက မြသန်းတင့် ခေါင်းကို ဖြတ်နိုင်ရင် ဆုကြေးငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ဆရာ မြသန်းတင့်ဟာ မြင်းခြံခရိုင်မှာ အလုပ်သမားသမဂ္ဂနဲ့ လယ်သမားသမဂ္ဂမှာ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်နေရင်း ဖြူးမြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးကို တက်ရောက်ခဲ့ပါတယ်။
၁၉၄၉ ခုနှစ်မှာ ဆရာ မြသန်းတင့် ပထမဆုံး ရေးသားတဲ့ “ဒုက္ခသည်” ဝတ္ထုကို တာရာ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာတော့ စာပေသည် ပြည်သူ့အတွက်ဆိုတဲ့ ကြွေးကြော်သံနဲ့ “စာပေမဂ္ဂဇင်း” ကို ဒဂုန်တာရာ၊ ကျော်အောင်တို့နဲ့အတူ ဦးဆောင် ထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂေါ်ကီရဲ့ အတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့ပါတယ်။
၁၉၅၃ ခုနှစ်မှာ ပင်ကိုယ်ရေး လုံးချင်းဝတ္ထုအဖြစ် “မေတ္တာ အသင်္ချေ”ကို ရေးသားခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီမှာ အတွင်းရေးမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ ရေးသားခဲ့တဲ့ “နွံထဲက ကြာ” ဝတ္ထုမှာတော့ ကလောင်အမည်ကို မြသန်းကနေ မြသန်းတင့်လို့ ပြောင်းလဲခဲ့ပါတယ်။
“နွံထဲက ကြာ” ဝတ္ထုကိုတော့ စာရေးဆရာ သိန်းဖေမြင့်နဲ့အတူ ပူးတွဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာတော့ ဆရာ မြသန်းတင့်ဟာ ဆွီဒင်နိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဆရာကြီး ရေးသားခဲ့တဲ့ ဘာသာပြန်စာပေများထဲမှာ “စစ်နှင့် ငြိမ်းချမ်းရေး”၊ “လေရူးသုန်သုန်”၊ “ခန်းဆောင်နီ အိပ်မက်” စတဲ့ စာအုပ်တွေက နာမည်ကြီးပါတယ်။ ပင်ကိုရေးအနေနဲ့ ဆိုရင်တော့ “မေတ္တာ အသင်္ချေ”၊ “လိုက်ခဲ့တော့ မြနန္ဒာ” စတဲ့ စာအုပ်တွေက နာမည်ကြီးပါတယ်။
ဆရာကြီးဟာ ၁၉၆၃ ခုနှစ်မှာ အကျဉ်းကျခံခဲ့ရပြီး ကိုကိုးကျွန်းမှာ ၃ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ ဆရာ မြသန်းတင့်ဟာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဦးနှောက်သွေးယိုစီးတဲ့ ရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဆရာကြီး အသက်က ၆၉ နှစ် ရှိနေခဲ့ပါပြီ။ ။
ကိုးကား – my.wikipedia.org
You May Also Like These Stories:
မြန်မာစာပေ လောကအပေါ်မှာ သြဇာကြီးမားသူ ဆရာဇော်ဂျီ
နိုင်ငံကျော် စာရေးဆရာကြီး ရွှေဥဒေါင်းအကြောင်း
ကွယ်လွန်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးအကြောင်း တစေ့တစောင်း