ဝါဆိုလဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အရေးကြီးတဲ့ လပါ။ ဘာကြောင့်လဲဆိုတော့ ဝါဆိုလပြည့်နေ့ဟာ ဂေါတမ မြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဓမ္မစကြာ တရားဦး ဟောကြားတော်မူခြင်း၊ တန်ခိုး ပြာဋိဟာကို ပြသတော်မူခြင်း စတဲ့ ထူးခြားတဲ့ ဘာသာရေး မှတ်တိုင်ကြီးများ စိုက်ထူခဲ့တဲ့ နေ့ထူး နေ့မြတ် ဖြစ်လို့ပါပဲ။
ရဟန်းသံဃာတွေကို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ ဝါတွင်း ၃ လကာလ ပတ်လုံး ဝါဆို ဝါကပ်ရလေ့ ရှိပါတယ်။ ဝါဆို ဝါကပ်ရခြင်းရဲ့ အဓိပ္ပါယ်ကတော့ ဝါတွင်း ၃ လ လုံး ခရီးမထွက်ဘဲ ကိုယ်ဝါကပ်တဲ့ ကျောင်းမှာသာ နေထိုင်ရတဲ့ အဓိပ္ပါယ်ပါ။ ရဟန်းသံဃာတွေ အနေနဲ့ အရေးအကြောင်း ရှိလို့ သွားလာချင်တယ်ဆိုရင် ၇ ရက် ခရီးထွက်လို့ ရပါတယ်။
မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရောက်ချင်းမှာတော့ ဝါဆို ဝါကပ်တဲ့အလေ့ မရှိသေးပါဘူး။ အဲဒီအချိန်တုန်း ရဟန်းတွေဟာ တနှစ်ပတ်လုံး ခရီးထွက်နေလေ့ ရှိကြပါတယ်။ ရဟန်းတွေဟာ နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ခရီးထွက်လေ့ ရှိတဲ့အတွက် စိမ်းစိုတဲ့ မြက်ပင် သစ်ပင်တွေ သေဆုံးရပါတယ်။
“သာသနာပြင်ပက တိတ္ထိတွေတောင် မိုးရာသီဆိုရင် ခရီးမထွက်ကြဘဲ တမိုးတရံအောက်မှာ မိုးခိုခြင်း အမှုကို ပြုကြသေးတယ်၊ ကျေးငှက် သာရကာတွေတောင် မိုးလအတွင်းမှာ သစ်ပင်ထိပ်ဖျားမှာ အသိုက်လုပ်ပြီး မိုးခိုကြသေးတယ်၊ ရဟန်းတွေက ဘာကြောင့် အမြဲသွားလာနေကြသလဲ”လို့ တိတ္ထိတွေက ကဲ့ရဲ့ ကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ မြတ်စွာဘုရားက ရဟန်းတွေကို မိုးရာသီအတွင်း ဝါဆို ဝါကပ်ရမယ်လို့ ပညတ်ချက် ထုတ်ခဲ့ပါတယ်။
ဝါဆို ဝါကပ်ပုံကတော့ ၂ မျိုး ရှိပါတယ်။
၁။ ပုရိမ ဝါကပ်ခြင်း
၂။ ပစ္ဆိမ ဝါကပ်ခြင်း တို့ ဖြစ်ပါတယ်။
ပုရိမ ဝါကပ်တာကတော့ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကနေ ဝါကပ်တာဖြစ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ ဝါမကပ်နိုင်တဲ့ ရဟန်းတွေက ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလအထိ ဝါကပ်ရပါတယ်။ အဲဒါကိုတော့ ပစ္ဆိမ ဝါကပ်ခြင်းလို့ ခေါ်ပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်တုန်းကတော့ ရဟန်းတွေဟာ ဘုရားထံ ဖူးမြော်လာကြပြီး သင့်တော်တဲ့ ကမ္မဋ္ဌာန်းတောင်းလေ့ ရှိပါတယ်။ အဲဒီနောက်မှာတော့ တောကျောင်းတွေမှာ တရားအလုပ်လုပ်ဖို့ ဝါကပ်လေ့ ရှိပါတယ်။ ရဟန်းတွေအနေနဲ့တော့ ဝါတွင်းကာလမှာ ဝါမဆို ဝါ မကပ်လို့ မရပါဘူး။
ဝါမကပ်တဲ့ ရဟန်းအနေနဲ့ ဆိုရင်လည်း အာပတ်သင့်ပါတယ်။ အခုခေတ်မှာဆိုရင် ဝါတွင်းကာလ ရောက်လာတဲ့အခါ စာသင်တိုက်ကြီးတွေမှာ ဝါဆို ဝါကပ်တဲ့ရဟန်းတွေ အများကြီးပါ။ အဲဒီလို ဝါဆို ဝါကပ်တဲ့ ရဟန်းတွေကို လူတွေအနေနဲ့ သင်္ကန်းကပ်လေ့ ရှိကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ဝါတွင်းရောက်လာတဲ့အခါမှာ သရဏဂုံ သီလဆောက်တည်တာကို ပြုလုပ်လေ့ ရှိကြပါတယ်။ တချို့သူတွေဆိုရင် တရားရိပ်သာတွေ ဝင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဝါတွင်းကာလ အချိန်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကုသိုလ်ကောင်းမှု ပြုလေ့ ရှိတဲ့အချိန်ပဲ ဖြစ်ပါတယ်။
ကိုးကား – my.wikipedia.org
You may also like these stories:
မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ တပို့တွဲလ ပွဲတော်များ