Culture

နိုင်ငံခြားသားတွေ လေးစား သဘောကျတဲ့ ထိုင်းရဲ့ ယဉ်ကျေးမှု

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေရဲ့ စာရင်းထဲမှာ ထိပ်ဆုံးနိုင်ငံတွေထဲက ပါဝင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံခြားသား တိုးရစ်တွေ သန်း ၂၀ ကျော် လာရောက် လည်ပတ်ကြတာပါ။ ဒီလိုလည်ပတ်ရတဲ့ အကြောင်းရင်းတွေထဲက တချက်ကတော့ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ အိမ်ရှင်ပီသမှု စတာတွေကို ကြိုက်နှစ်သက်တာတွေကြောင့်လည်း ပါတယ်လို့ စစ်တမ်းတွေက သုံးသပ်ပါတယ်။ အားလုံးကိုတော့ ဆိုလိုတာ မဟုတ်ပါ။

ထိုင်းရဲ့အားသာချက်က ဘာလဲလို့ ခြုံပြီးလေ့လာကြည့်ရင် ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါကျရင် “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်း ဆက်သံနဲ့အတူ လက်အုပ်ချီတယ်။ (အဆင့်အတန်း မြင့်တာကို ပြတာပါ) တဦးနဲ့ တဦး တွေ့ရင်ပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဒီလိုအမြဲ နှုတ်ဆက်ပါတယ်။ သူတို့ဟာ အပြုံးကို အမြဲဆောင်ထားတတ်ပါတယ်။ ဖော်ဖော်ရွေရွေ ပြောဆို ဆက်ဆံတတ်တယ်။

လူတယောက်ကို ပြုံးပြဖို့ ဝန်မလေးသလို ထိုင်းပိုင်လေကြောင်းလိုင်းတွေ စီးမယ်ဆိုရင်လည်း သူတို့ရဲ့ဖော်ရွေမှု၊ ကိုယ်ဟန်အနေအထား၊ ယဉ်ကျေးမှုမြင့်မားပုံ၊ သေသေချာချာ သင်တန်းပေးထားတာကို တွေ့ရမှာပါ။

ထိုင်းရဲ့ အားသာချက်နဲ့ နှိုင်းယှဉ်ရေးသား ဝေဖန်တာတွေကို လေကြောင်းလိုင်း အပါအဝင် အနောက်နိုင်ငံက လေကြောင်းလိုင်းတွေရဲ့ Hospitality ညံ့ဖျင်းမှုကို သတင်းစာတွေမှာ စာအုပ်တွေမှာ အမြဲဖတ်ရ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းကို အတုယူရမယ့် အချက်ပါ။ ထိုင်းရဲ့ Hospitality နဲ့ သူ့ရဲ့ အိမ်ရှင်ပီသတဲ့ Service တွေကြောင့် ဧည့်သည်တွေက လာကြတာပါ။ ခဏခဏလည်း ပြန်လာကြတာကို တွေ့ရပါတယ်။

မြန်မာတွေလိုပဲ ထိုင်းတွေက တပါးသူကို ကူညီတတ်ပါတယ်။ လမ်းသွားလမ်းလာတွေ ခရီးသွားဖော်တွေကို ကူညီလေ့ ရှိပါတယ်။ ကူညီဖေးမ တတ်တယ်၊ စောင့်ရှောက်တတ်တယ်။ ထိပ်တိုက်ဖြစ်မှာကို တတ်နိုင်သမျှ ရှောင်ရှားတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ထိုင်းတွေရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ အခြားဘာသာဝင်တွေကိုလည်း ထိုင်းတွေက လေးလေးစားစား ဂရုထား ဆက်ဆံတတ်ပါတယ်။

မြို့ပေါ်နေ ထိုင်းတွေဟာ စကားကို လူတွေကြားထဲမှာ ကျယ်ကျယ်လောင်လောင် မပြောတတ်ဘူး။ ဒါ့အပြင် တန်းစီ တိုးဝှေ့ရတဲ့ အချိန်မှာလည်း စိတ်ရှည်သည်းခံတတ်တယ်။ ဒါတွေဟာ နိုင်ငံခြားသားတွေ သဘောကျစရာ အချက်တွေပဲ ဖြစ်ပါတယ်။

ကိုယ့်ဆီမှာ လာတည်းတဲ့၊ လာနေတဲ့ ဧည့်သည်တွေကို ထိုင်းတွေက အပြုအစု ကောင်းသလို Service ပိုက်ဆံကိုလည်း ကောင်းကောင်း ယူတတ်ပါတယ်။ ဒါတွေဟာ ထိုင်းနိုင်ငံရဲ့ အားသာချက်တွေပါ။ မိမိရဲ့ လုပ်ငန်းခွင်တွေမှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာနဲ့တင် နိုင်ငံခြားသားတွေက ထိုင်းတွေကိုအထင်ကြီး လေးစားနေပြီ ဖြစ်ပါတယ်။

ထိုင်းတွေက ယဉ်ကျေးသလို ဗီယက်နမ်တွေကတော့ အလုပ် အရမ်းကြိုးစားတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့နိုင်ငံတွေ အောင်မြင်တာလို့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေက မှတ်ချက်ချကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေကတော့ အလုပ်ခွင်မှာတောင် ယဉ်ယဉ်ကျေးကျေး မနှုတ်ဆက်တတ်၊ မိမိရဲ့ Boss တွေ၊ အကြီးတွေကိုတောင် ခပ်တည်တည်နဲ့နေ၊ ခပ်စိမ်းစိမ်းပဲ ပြန်ကြည့်တတ်တဲ့အတွက် Office ရဲ့ ယဉ်ကျေးမှုဟာ မတူကြတာကို တွေ့ရမှာမှာပါ။

ထိုင်းရဲ့ နောက်ဆုံးအားသာချက်ကတော့ ထိုင်းအစားအသောက်ပဲ ဖြစ်ပါတယ်။ ထိုင်းအစားအစာတွေဟာ နိုင်ငံတကာအထိ ထိုးဖောက်နေပြီ ဖြစ်သလို “ထိုင်းစာ သွားစားကြမယ်ဟေ့” ဆိုရင် အမေရိကန်တွေရော ဥရောပနိုင်ငံသားတွေရော ကြိုက်ကြပါတယ်။ ဂုဏ်ယူကြပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ထိုင်းစားသောက်ဆိုင်တွေ ဒုနဲ့ဒေး ရှိနေပြီး ထိုင်းနိုင်ငံအတွက် အများကြီး ဝင်ငွေရှာပေးနေတာ ဖြစ်ပါတယ်။

ထိုင်းမြို့တော် ဘန်ကောက်အပါအဝင် မြို့တွေ၊ နယ်တွေမှာ သွားခဲ့ပြီး အမျိုးအမယ်စုံပြီး သန့်ရှင်းလတ်ဆတ်တဲ့ ထိုင်းအစားအသောက်တွေကို လမ်းဘေးမှာရော၊ ဆိုင်ကြီးတွေမှာပါ မှာယူစားသုံးနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံခြား ခရီးသွားတွေအတွက်လည်း ရောဂါအန္တရာယ် မရှိအောင် စီမံ ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။

ထိုင်းရဲ့ ဖော်ရွေတဲ့အပြုံး၊ ယဉ်ကျေး ပျူငှာတဲ့ ကြိုဆို နှုတ်ဆက်ပုံနဲ့ ထိုင်းအစားအသောက်တွေဟာ ကမ္ဘာမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ အိမ်နီးချင်းတွေအတွက် အားကျ လေ့လာစရာတွေလို့ ဆိုရင် မမှားပါဘူး။

ထိုင်းဟာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လာရောက် နေထိုင်သူတွေလည်း အများအပြား ရှိတာ ဖြစ်ပါတယ်။ အတုခိုးစရာ ကောင်းတဲ့ ထိုင်းရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေဟာ နိုင်ငံတကာမှာ မှတ်တမ်းတင် ပြုစုနေရတာ ဖြစ်ပါတယ်။ ။

You may also like these stories:

ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ

ခရီးသွားတွေ ပိုမိုလာရောက်အောင် အာရုံစိုက်ဆောင်ရွက်နေတဲ့ ထိုင်းခရီးသွားလုပ်ငန်း အေဂျင်စီများ

အရှေ့တောင်အာရှ ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့ LGBT ခရီးသွားလုပ်ငန်းကိုလည်း စဉ်းစားဖို့လို 

Did you find apk for android? You can find new Free Android Games and apps.
Loading