အရွယ်မရောက်ခင် လက်ထပ်တဲ့ ဓလေ့ဟာ လူမျိုးအချို့မှာ ရှေးယခင်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဒီနေ့ခေတ်တိုင်အောင် ရှိနေဆဲပါ။ တချို့ မိန်းကလေးတွေဟာ အရွယ် မရောက်ခင်ကတည်းက အတင်းအဓမ္မ လက်ထပ်စေခိုင်းခြင်း ခံရပါတယ်။ အိန္ဒိယလိုနိုင်ငံမှာ အရင်ခေတ်တွေကတည်းက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို မိဘတွေက အတင်းအဓမ္မ လက်ထပ်ခိုင်းလေ့ ရှိကြပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်ရင် အရွယ်မရောက်သေးဘဲ လက်ထပ်တဲ့ မိန်းကလေးဦးရေက ၁ ဘီလီယံနီးပါး ရှိလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့လည်း အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ လက်ထပ်တာကို ကြိုတင်တားမြစ်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။
မိန်းကလေးတွေကို အရွယ်မရောက်ခင် လက်ထပ်ခိုင်းခြင်းက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေပါတယ်။ သင်ကြားရမယ့် ပညာရေး အခွင့်အလမ်းကို ဆုံးရှုံးစေသလို အိမ်တွင်း အကြမ်းဖက်မှုကို ခံရစေနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက် တချက်ကတော့ အရွယ်မတိုင်ခင် လက်ထပ်ခြင်းဟာ ကျန်းမာရေးအသိ မရှိတဲ့အတွက် HIV ပိုး ကူးစက်ခံရဖို့ ရှိနိုင်ပြီး AIDS ရောဂါနဲ့ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်နေတဲ့အရွယ် မဟုတ်တာကြောင့်လည်း မီးတွင်းထဲမှာပဲ အသက်ဆုံးရှုံး နိုင်ပါတယ်။
အရွယ်မရောက်ခင် လက်ထပ်တယ်ဆိုတာက နိုင်ငံရဲ့ ခွန်အားကို ဆုံးရှုံးလိုက်ရတာပါပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ Pew Research Center က အရွယ် မရောက်ခင် လက်ထပ်တဲ့ ဓလေ့ဟာ နိုင်ငံပေါင်း ၁၁၇ နိုင်ငံမှာ ပျံ့ နှံ့နေတယ်လို့ ဆိုပါတယ်။ အီကွေတာဂီနီ၊ ဂမ်ဘီယာ၊ ဆော်ဒီအာရေဗျ၊ ဆိုမာလီယာ၊ တောင်ဆူဒန် နဲ့ ယီမင်နိုင်ငံတွေမှာ လက်ထပ် ထိမ်းမြားနိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်ကို သတ်မှတ်ထားခြင်း မရှိပါဘူး။ လက်ထပ်ချင်တယ်ဆိုရင် ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် လက်ထပ်နိုင်ပါတယ်။
အီရတ် ၊ ဂျမေကာနဲ့ ဥရုဂွေးလိုနိုင်ငံတွေမှာတော့ မိဘတွေက ခွင့်ပြုရင် ဘယ်လောက် အသက်ငယ်ငယ် လက်ထပ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အသက် သတ်မှတ်ချက် ရှိပါတယ်။ မိန်းကလေးက ၁၈ နှစ် ဖြစ်ပြီး ယောကျ်ားလေးက ၂၁ နှစ်ဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ လက်ထပ်လို့ ရပါပြီ။
ဆူဒန်နိုင်ငံမှာတော့ မိန်းကလေးအသက်က ၁၀ နှစ်ဖြစ်ပြီး ယောကျာ်းလေး အသက်က ၁၅ နှစ်ဆို လက်ထပ်လို့ ရပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ယောကျာ်းလေးအသက်က ၁၅ နှစ်ဖြစ်ပြီး မိန်းကလေးကတော့ အရွယ်ရောက်တဲ့ အရွယ်ပါ။ တန်ဇန်းနီးယားနိုင်ငံမှာတော့ အသက် ၁၂ နှစ်နဲ့ လက်ထပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ၃ နှစ်တာ အတူပေါင်းသင်းနေထိုင်ပြီး အသက် ၁၅ နှစ်အရွယ် ရောက်မှသာ လင်မယားအရာ မြောက်ပါတယ်။
အရွယ် မရောက်ခင် လက်ထပ်ခြင်းဟာ အမျိုးသမီးတွေအတွက် ပညာရေး အခွင့်အလမ်းကို ဆုံးရှုံးစေနိုင်ပြီး လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ဖို့ အခွင့်အရေး များတဲ့အပြင် အိမ်တွင်း အကြမ်းဖက်မှုမျိုးကိုလည်း ခံရနိုင်ပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတကာမှာတော့ ကလေးသူငယ် လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အရွယ်မတိုင်ခင် လက်ထပ်ခြင်း ပပျောက်အောင် လှုပ်ရှားမှုများ နိုင်ငံအနှံ့ အသိပညာပေး ဆောင်ရွက်နေကြပါတယ်။
Ref. weforum