ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာခဲ့ပြီး လူမျိုးပေါင်း များစွာ နေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံမှာ အမျိုးသမီး ၄,၀၀၀ ကျော် စုပေါင်းရောင်းချတဲ့ ဈေးကြီး တဈေး ရှိပါတယ်။ အဲဒီဈေးကြီးဟာ မြန်မာနိုင်ငံ နယ်စပ်နဲ့ ၆၅ ကီလိုမီတာ (မိုင် ၄၀ ကျော်) အကွာအဝေးမှာ တည်ရှိပါတယ်။
ဒီဈေးကြီးဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Imphal မြို့မှာရှိပြီး အိန္ဒိယဘာသာစကားနဲ့ ဆိုရင်တော့ “Ima Keithel” လို့ ခေါ်ပါတယ်။ အမျိုးသမီးတွေချည်း သီးသန့် ရောင်းချတဲ့အတွက် အဲဒီဈေးကို “အမေများရဲ့ဈေး”လို့လည်း ခေါ်လေ့ရှိကြပါတယ်။
အိန္ဒိယနိုင်ငံဟာ အခုချိန်အထိ ကျား ၊ မ ခွဲခြားမှု ရှိနေသေးတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့လည်း “Ima Keithel” ဈေးမှာဆိုရင်တော့ အမျိုးသားတွေ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတာကို တွေ့ရမှာ မဟုတ်ဘဲ အမျိုးသမီး ၄,၀၀၀ ကျော်ကသာ သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာ တွေ့ရပါလိမ့်မယ်။
ဒီဈေးကြီးရဲ့သက်တမ်းက နှစ်ပေါင်း ၅၀၀ ကျော်ခဲ့ပါပြီ။ နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းတလျှောက်လုံး ဒီဈေးကြီးမှာ အမျိုးသမီးတွေကသာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပါတယ်။
မဏိပူရ ပြည်နယ်အတွင်းမှာရှိတဲ့ “Ima Keithel” ဈေးကြီးဟာ အိန္ဒိယနိုင်ငံ အမျိုးသမီးထုကြီးရဲ့ လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားရာ အချက်အချာကျတဲ့ နေရာလည်းဖြစ်နေပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ ဈေးရောင်းနေကြတဲ့ အမျိုးသမီးတွေအားလုံးမှာ အိမ်ထောင်ကိုယ်စီ ရှိနေကြတာပါ။
သူတို့တွေဟာ သူတို့လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေကို မျိုးဆက် တဆက်ကနေ နောက်မျိုးဆက် တဆက်ကို လက်ဆင့်ကမ်းလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၅၀၀ ကျော် ကာလအတွင်း အမျိုးသမီးတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။ ဒီဈေးကြီးဟာ နိုင်ငံရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ဗဟိုချက်မ ဖြစ်နေတဲ့အတွက် ကျန်တဲ့ဈေးတွေနဲ့ ပုံစံ မတူတာကလည်း ထူးခြားတဲ့ အချက်တချက်ပါပဲ။
“Ima Keithel” ဈေးကြီးမှာ အဓိက ရောင်းချတာတွေကတော့ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ သားငါး အမျိုးမျိုးတွေ၊ ချည်မျှင်နဲ့ အထည်မျိုးစုံပါ။ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့လည်း ဒီဈေးကြီးကို လာရောက်လည်ပတ်ကြတဲ့အခါ အိန္ဒိယရိုးရာ လက်မှုပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူလေ့ ရှိကြပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တုန်းက ငလျင်ဒဏ်ခံခဲ့ရပေမယ့် အခုဆိုရင်တော့ အရင်ပုံစံအတိုင်း ပြန်ဖြစ်နေပါပြီ။ ငလျင်ဒဏ်ကြောင့် Imphal မြို့ ပတ်ဝန်းကျင်မှာ လူ ၉ ဦး သေဆုံးခဲ့ရပါတယ်။
Ref. BBC, Dailymail
You may also like these stories:
အီသီယိုးပီးယားနိုင်ငံတဝှမ်း အပင်ပေါင်း သန်း ၃၅၀ ကျော် စိုက်ပျိုးပြီး ကမ္ဘာ့စံချိန်တင်
အိန္ဒိယနိုင်ငံ၊ ရေကြီးမှုကြောင့် အမျိုးသား ဥယျာဉ်တွင်းက တိရစ္ဆာန်များ သေဆုံး