အိန္ဒိယနိုင်ငံ အစွန်အဖျားမှာ ရှိတဲ့ ကုန်းသောင်း (Kong Thong) လို့ ခေါ်တဲ့ ရွာတရွာမှာ နေထိုင်သူတွေဟာ နာမည် မရှိကြပါဘူး။ နာမည်ခေါ်ကြမယ့် အစား မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို သံစဉ်သီချင်းတွေနဲ့ ခေါ်လေ့ရှိတယ်လို့ သိရပါတယ်။
ကုန်းသောင်းရွာဟာ အိန္ဒိယနိုင်ငံ အစွန်အဖျားမှာ တည်ရှိပြီး ၂၀၀၀ ခုနှစ်မှာမှ လျှပ်စစ်မီး စရပြီး ၂၀၁၃ ခုနှစ်ကမှ အနီးဆုံး ကားလမ်းပေါက်ခဲ့တဲ့ ရွာဖြစ်ပါတယ်။ ရွာနဲ့ အအနီးဆုံးမှာ တည်ရှိတဲ့ မြို့ကနေ နာရီအနည်းငယ်ခန့် တောင်တက်ပြီးမှ ရောက်တဲ့ ရွာပါ။
ဒီရွာမှာ နေထိုင်သူတွေဟာ အိမ်နီးချင်းတွေကို သီချင်းဆိုပြီး ခေါ်လေ့ရှိတဲ့ အပြင် ရွာရှိ လူတယောက်ချင်းစီရဲ့ နာမည်တွေကို မတူညီတဲ့ သံစဉ်တွေနဲ့ စပ်ထားတယ်လို့ သိရပါတယ်။ Khasi လူမျိုးတွေ နေထိုင်တဲ့ ဒီရွာမှာ လူတိုင်းဟာ နာမည်ခေါ်ဖို့ အတွက် သံစဉ်တွေကိုသာ အသုံးချကြပြီး သာမန်လူတွေလို နာမည်ရှိပေမယ့် အသုံးနည်းတယ်လို့ သိရပါတယ်။
တောလမ်းအတိုင်း တက်သွားမယ် ဆိုရင် ရွာကို ရောက်ခါနီးမှာ ငှက်တွေရဲ့ တေးသံလို အသံမျိုးကို နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ တကယ်တော့ ငှက်တွေရဲ့ တေးသံ မဟုတ်ဘဲ ရွာသားတွေ အချင်းချင်း နာမည်ခေါ်နေတဲ့ အသံသာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ဖက် အစွန်အဖျားက ကုန်းသောင်းရွာသားတွေဟာ သံစဉ်နဲ့ နာမည်ပေးခြင်း အစဉ်အလာကို အခုထိ ကျင့်သုံးနေဆဲ ဖြစ်ပေမယ့် ဘယ်အချိန်က စတင်အသုံးပြုခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။
“ဒီသီကုံးထားတဲ့ သံစဉ်တွေဟာ ကျမ နှလုံးသားထဲက ဖြစ်တည်လာတာပါ”လို့ ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်သူ Pyndaplin Shabong က AFP သတင်းဌာနကို ပြောပါတယ်။ ကလေးတွေရဲ့ နာမည်ပေးဖို့ သံစဉ်ကို မိခင်ဖြစ်သူကသာ သီကုံးလေ့ ရှိပါတယ်။ ဖခင်တွေ အနေနဲ့တော့ ခေါ်ဆိုခွင့်သာ ရှိပြီး သီကုံးခွင့်တော့ မရှိပါဘူး။
သားသမီးတွေကို စိတ်တိုတဲ့ အခါမျိုးမှာ သာမန် နာမည်ကို ခေါ်လေ့ရှိပြီး အဲဒီလို ခေါ်ရတာဟာ ဝမ်းနည်းမှုကို ဖြစ်စေတယ်လို့ မိခင်တွေက ပြောပါတယ်။ “jingrwai lawbei” ဆိုတဲ့ ရိုးရာသီချင်းကိုတော့ လူတိုင်းတတ်ရပြီး ရွာတည်ထောင်သူ အမျိုးသမီးရဲ့ နာမည်ကို သီဆိုရတဲ့ဟန် ဖြစ်ပါတယ်။
ကုန်းသောင်းရွာမှာ အိမ်ထောင်ပြုတဲ့အခါ အမျိုးသားတွေဟာ ဇနီးဖြစ်သူရဲ့ အိမ်ကို သွားရောက် နေထိုင်ရပြီး ဇနီးရဲ့ မျိုးရိုးနာမည်ကို ယူရပါတယ်။ ဒီလို ပြုလုပ်ရခြင်းဟာ အမျိုးသမီးတွေကို အိမ်ထောင်စု တခုရဲ့နတ်ဘုရားမအဖြစ် သတ်မှတ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ခေတ်မီလာပြီးနောက် ကုန်းသောင်းရွာမှာ ရုပ်မြင်သံကြားနဲ့ တယ်လီဖုန်းတွေ ရှိလာတဲ့အတွက် ကလေးတွေရဲ့ နာမည်တွေကို နာမည်ကျော် ဘောလိဝုဒ် ဇာတ်ဝင်တေးတွေလို ပေးတာမျိုးတွေလည်း ရှိလာတယ်လို့ AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Ref. Bigthink.com