Culture

လူထုဦးလှ ကွယ်လွန်ခြင်း ၃၇ နှစ်ပြည့် အမှတ်တရ

Want create site? Find Free WordPress Themes and plugins.

မြန်မာစာပေလောကမှာ သြဇာကြီးမားတဲ့ စာပေဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ သူတို့ကတော့ လူထု ကြီးပွားရေး စာအုပ်တိုက်ကို တည်ထောင်ခဲ့ကြတဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ပါ။ စာပေဇနီးမောင်နှံ နှစ်ဦးဟာ စာပေလုပ်ငန်းတွေအပြင် နိုင်ငံရေး၊ လူမှုရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

စာရေးဆရာကြီး လူထုဦးလှတယောက် ကွယ်လွန်ခဲ့တာ အခုဆိုရင် ၃၇ နှစ် ပြည့်ခဲ့ပါပြီ။ ဆရာကြီး လူထုဦးလှဟာ ၁၉၈၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ နံနက် ၈ နာရီ ၁၅ အချိန် မန္တလေးမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

မကွယ်လွန်ခင် အချိန်အတွင်းမှာ ဆရာကြီးဟာ ထင်ရှားတဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပါတယ်။ ဆရာကြီး ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ကလေးတွေအတွက် လိုအပ်နေတဲ့ ပုံပြင်စာအုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ကလေးစာပေတွေ ရှားပါးနေတဲ့ ခေတ်အချိန်အခါမှာ ကလေးတွေအပေါ် ထားရှိတဲ့ ဆရာကြီးရဲ့ စေတနာကို ကလေးပုံပြင် စာအုပ်တွေကနေတဆင့် မြင်နိုင်ပါတယ်။

ဆရာကြီးကို ၁၉၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားရာ ဇာတိကတော့ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာဖြစ်ပြီး မိဘတွေကတော့ ကုန်သည် ဦးပုနဲ့ ဒေါ်ခိုင်တို့ပဲ ဖြစ်ပါတယ်။ ဆရာကြီးမှာ မွေးချင်း ၃ ယောက် ရှိခဲ့ပြီး အငယ်ဆုံးသားလည်း ဖြစ်ပါတယ်။

၁၉၂၆ ခုနှစ်မှာတော့ ညောင်လေးပင်မြို့မှာ ဖွင့်ထားတဲ့ RCM (ရိုမန်ကက်သလစ်သာသနာပြု) ကျောင်းကနေ ၇ တန်းအောင်ခဲ့ပြီး ၁၉၃၀ ခုနှစ်မှာတော့ ရန်ကုန် အစိုးရအထက်တန်းကျောင်းကနေ ၁၀ တန်း အောင်မြင်ခဲ့ပါတယ်။

ဘောလုံးသမား တဦးလည်း ဖြစ်ခဲ့တဲ့ဆရာကြီးဟာ လူငယ်များ ကြီးပွားရေးအသင်းတိုက်ရဲ့ စာကြည့်တိုက်မှူးနဲ့ ညကျောင်းဆရာတယောက်လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၂ မှာတော့ ကြီးပွားရေးမဂ္ဂဇင်းမှာ စာ စရေးခဲ့ပါတယ်။ အဲဒီကာလတွေမှာတော့ ဆရာကြီးဟာ “ကြီးပွားရေး မောင်လှ” ၊ “ကြီးပွားရေး အယ်ဒီတာ မောင်လှ” စတဲ့ ကလောင် နာမည်တွေကို အသုံးပြုခဲ့ပါတယ်။

၁၉၄၅ ခုနှစ်မှာတော့ လူထုဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါတယ်။ လူထုဂျာနယ်ကတော့ ၁၅ ရက် ၁ ကြိမ် ထုတ်ဝေတဲ့ ဂျာနယ်ဖြစ်ပြီး ၁၉၄၆ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှာတော့ လူထုသတင်းစာကို ထုတ်ဝေခဲ့ပြန်ပါတယ်။ အဲဒီအချိန်တွေကစပြီး “လူထုဦးလှ”ဆိုတဲ့ ကလောင်နာမည် တွင်လာခဲ့ပါတယ်။

၁၉၅၁-၅၂ ခုနှစ် ကာလတွေမှာတော့ လူထုဂျာနယ်နဲ့ သတင်းစာကို ပူးတွဲထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆရာကြီးဟာ သတင်းစာနဲ့ ဂျာနယ်လုပ်ငန်းတွေမှာ ဇောက်ချ လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာတော့ လူထုသတင်းစာ ထုတ်ဝေတဲ့ လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ သတင်စာ ထုတ်ဝေတဲ့ လုပ်ငန်း ရပ်ဆိုင်းသွားပြီးတဲ့နောက်မှာတော့ ဆရာကြီးဟာ လုံးချင်း စာအုပ်တွေကိုသာ ဆက်တိုက် ရေးသား ထုတ်ဝေခဲ့ပါတယ်။

၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ လူထုဒေါ်အမာရယ်လို့ မြန်မာစာပေလောကမှာ နာမည်တွင်လာမယ့် ဒေါ်အမာနဲ့ လက်ထပ်ခဲ့ပါတယ်။ လူထုဇနီးမောင်နှံရဲ့ သမီးရည်းစား ဘဝကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၁၉၃၀ ခုနှစ်ကာလတွေမှာ ရန်ကုန်မြို့မှာ မဂ္ဂဇင်းထုတ်နေတဲ့ ဦးလှက မန္တလေးမြို့မှာရှိတဲ့ ဒေါ်အမာဆီကို နေ့စဉ် စာရေးခဲ့ပါတယ်။ ၃ နှစ် သက်တမ်းအတွင်းမှာ တယောက်ကိုတယောက် တရက်ကို စာ ၃ စောင် လောက် ရေးခဲ့ကြပါတယ်။ ဦးလှက မနက် တစောင်၊ ည တစောင်ရေးပြီး ဒေါ်အမာကတော့ တရက်ကို တစောင် ပုံမှန်ရေးသားခဲ့ပါတယ်။

လူထုဒေါ်အမာ

ဦးလှ ရေးသားခဲ့တဲ့စာက ၁,၀၀၀ ရှိပြီး ဒေါ်အမာ ရေးသားခဲ့တဲ့စာက ၅၀၀ ရှိတယ်လို့ ဒေါ်အမာက ရေးသားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ သမီးရည်းစားဘဝက အပြန်အလှန် ပေးစားတွေကို အိမ်ထောင်သည်ဘဝ ရောက်တဲ့အထိ သိမ်းဆည်းထားခဲ့ကြပါတယ်။

ဒေါ်အမာအတွက် စာပို့ပေးရသူကတော့ မန္တလေး ဥပစာကောလိပ်မှာ မြန်မာစာဆရာ လုပ်နေတဲ့ ဆရာ ဇော်ဂျီပါ။ ဆရာဇော်ဂျီဟာ ဒေါ်အမာရေးတဲ့စာတွေကို ဦးလှဆီရောက်အောင် ဒိုင်ခံပို့ပေးခဲ့ရပါတယ်။ ညနေ ကျောင်းဆင်းတာနဲ့ ဆရာဇော်ဂျီက ဒေါ်အမာ့ ညီမဖြစ်တဲ့ ဒေါ်တင်တင်နဲ့ ဦးလှဆီပို့မယ့် စာတွေကို ထည့်ပေးလေ့ ရှိပါတယ်။

၁၉၄၅ ခုနှစ်မှာတော့ အာရှလူငယ်အသင်းရဲ့ ခရိုင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် ဗြိတိသျှ အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းခေတ်တွေမှာလည်း ဆရာကြီးဟာ ၅ ကြိမ်တိတိ အဖမ်းခံခဲ့ရပါတယ်။

၁၉၅၂ ခုနှစ်မှာတော့ သတင်းစာနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ ခုနှစ်မှာ သီရိလင်္ကာ၊ ၁၉၆၀ ခုနှစ်မှာ အင်္ဂလန်၊ ပြင်သစ်၊ အနောက်ဂျာမနီ၊ ဂျပန်နဲ့ ၁၉၆၂ ခုနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့အတူ တရုတ်နိုင်ငံ ပီကင်း ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကွန်ဖရင့်ကို တက်ရောက်ခဲ့ပါတယ်။

ဆရာကြီးရဲ့စာပေလက်ရာတွေက မြန်မာစာပေလောကအပေါ် ကောင်းကျိုးတစုံတရာ ဖြစ်ထွန်းစေခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ၁၉၅၇ ခုနှစ်မှာ “ထောင်နှင့်လူသား” စာအုပ်နဲ့ စာပေဗိမာန် စာပဒေသာဆု၊ ၁၉၅၈ ခုနှစ်မှာ “လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ” စာအုပ်နဲ့ ယူနက်စကို စီးပွားရေး၊ လူမှုရေးဆိုင်ရာဆု၊ ၁၉၆၃ ခုနှစ်မှာ “ရခိုင်ကျေးလက်ပုံပြင်များ”စာအုပ်နဲ့ ကလေးသူငယ်ဆိုင်ရာ စာပေ ဒုတိယဆု ရရှိခဲ့ပါတယ်။

လူထုဦးလှ ရေးသားခဲ့တဲ့ “အညာ ကျေးလက်ပုံပြင်များ” စာအုပ်

ဆရာကြီးဟာ သတင်းစာဆရာ၊ စာရေးဆရာ ဖြစ်တဲ့အလျောက် စာမျိုးစုံကို ရေးသားနိုင်ခဲ့ပါတယ်။ တကယ်တော့ ဆရာကြီးဟာ စာရေးဆရာ၊ သတင်းစာဆရာ တယောက်အဖြစ်သာ ရှင်သန်ခဲ့တာ မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်ခဲ့ပါတယ်။

အခုဆိုရင်တော့ ဆရာကြီး လူထုဦးလှ ကွယ်လွန်ခဲ့တာ ၃၇ နှစ် ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဆရာကြီးရဲ့အသက်က ၇၂ နှစ် ပြည့်ပြီးခဲ့ပါပြီ။

ကိုးကား – my.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading