တရုတ်ရိုးရာ ယုံကြည်မှုအရ တရုတ်ပြက္ခဒိန် ၇ လမြောက်လရဲ့ ၁၅ ရက်နေ့မှာ တစ္ဆေကြီးပွဲတော် (Hungry Ghost Festival) ကို ကျင်းပလေ့ရှိကြပြီး ဒီနှစ်မှာတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီအရ နှစ်တနှစ်ရဲ့ ၇ လမြောက် ပထမဆုံးနေ့မှာ ငရဲတံခါးတွေ အားလုံး ပွင့်သွားပြီး ရက် ၃၀ တိုင်အောင် ငရဲတံခါးတွေ ပွင့်နေတယ်လို့ ဆိုပါတယ်။ အဲဒီလိုအချိန်မှာ လူနဲ့ ဝိညာဉ်တွေ ဘေးအန္တရာယ် ကင်းနေဖို့ လိုအပ်ပါတယ်။
တရုတ်လူမျိုးတွေဟာ ကွယ်လွန်ပြီးသူတွေကို ကိုးကွယ်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ဒီအစဉ်အလာဟာ အခုမှ ပေါ်ပေါက်လာတာမျိုး မဟုတ်ဘဲ ရှေးခေတ် တရုတ်လူမျိုးတွေ လက်ထက်ကတည်း ပေါ်ပေါက်ခဲ့တဲ့ ရှေးဟောင်း ယဉ်ကျေးမှု အစဉ်အလာ ဖြစ်ပါတယ်။
တရုတ်လူမျိုးတွေအနေနဲ့ ၇ လမြောက်ရဲ့ ပထမနေ့၊ ဒုတိယနေ့၊ ၁၅ ရက်မြောက်နေ့နဲ့ နောက်ဆုံးနေ့တွေမှာ တစ္ဆေကြီးပွဲတော်ကို ကျင်းပလေ့ ရှိကြပြီး ကွယ်လွန်သူတွေကို အရိုအသေပေးတဲ့ ပွဲမျိုး ကျင်းပလေ့ ရှိပါတယ်။ အဲဒီလို ကျင်းပတဲ့အခါ စည်းကမ်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီလို ပွဲတော် ကျင်းပနေချိန်အတွင်း ကိုယ့်ပုခုံးကို တခြား လူတယောက်က ပုတ်တာမျိုး မလုပ်ရပါဘူး။ ခရာ မမှုတ်ရပါဘူး။
ကလေးတွေနဲ့ နေအိမ်မှာ အကြီးဆုံးဖြစ်တဲ့သူတွေဟာ ညအချိန်မှာ လမ်းထွက်တာမျိုး မပြုလုပ်ရပါဘူး။ အနက်ရောင်နဲ့ အနီရောင်ဟာ ဝိညာဉ်တွေကို ဆွဲဆောင်တဲ့ အရောင်တွေဖြစ်တာကြောင့် ဒီပွဲတော် ကျင်းပနေချိန်တွေမှာ မဝတ်ရပါဘူး။ ၄ ဂဏန်းဟာ သေခြင်းကို ကိုယ်စားပြုတဲ့ ဂဏန်းဖြစ်တာကြောင့် ၄ ဂဏန်းကို အသုံးမပြုရပါဘူး။
လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့်လည်း ဒီပွဲတော်ဟာ တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်း ယဉ်ကျေးမှု ပွဲတော်ပါ။ ဒီပွဲတော်ကို ကျင်းပလာခဲ့တာကတော့ နှစ်ပေါင်း ၂၀၀၀ ကျော်လွန်ခဲ့ပါပြီ။ အကြီးကျယ်ဆုံး ကျင်းပတဲ့နေရာကတော့ ဟောင်ကောင်ပါ။
ဒီပွဲတော်မှာဆိုရင် စက္ကူတွေနဲ့ လုပ်ထားတဲ့ အိမ်၊ အဝတ်အစား စတဲ့ အသုံးအဆောင် ပစ္စည်းတွေကို မီးရှို့လေ့ ရှိပါတယ်။ မီးရှို့ပေးတဲ့ ပစ္စည်းတွေကို တမလွန်ကလူတွေ ရရှိ၊ သုံးဆောင်နိုင်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း ပွဲတော် ကျင်းပနေချိန် ကာလတွေမှာဆိုရင် ဟောင်ကောင်ရဲ့ လမ်းတိုင်းမှာ တမလွန်က လူတွေအတွက် ရည်ရွယ်ပြီး မီးရှို့နေကြသူတွေကို မြင်နိုင်ပါတယ်။
တစ္ဆေကြီးပွဲတော်ကို ဗုဒ္ဓဘာသာ အယူရှိသူတွေသာမက တာအိုဘာသာ အယူ ရှိသူတွေပါ ကျင်းပလေ့ ရှိပါတယ်။ ဒီအချက်ကိုကြည့်ရင် တရုတ်လူမျိုးတွေဟာ အစဉ်အလာ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို ခွဲခြားထားတာ တွေ့နိုင်ပါတယ်။
လူတွေရဲ့ သက်ဝင် ယုံကြည်မှုဆိုတာ ပျက်ရယ်ပြုဖို့ ကောင်းတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထေရဝါဒ နိုင်ငံ ဖြစ်ပေမယ့်လည်း တောင်ပြုန်းပွဲတော်ဆိုရင် တိုးမပေါက်အောင် စည်ကားနေတာ တွေ့ရပါလိမ့်မယ်။ မှန်တယ်၊ မှားတယ် ဆိုတာထက် လူတွေရဲ့ သက်ဝင်ယုံကြည်မှုကိုတော့ လွယ်လွယ်ကူကူ ပြောင်းပစ်လို့ မရပါဘူး။
Ref. yourchineseastrology, rove.me