Culture

စပိန်နိုင်ငံက ပျော်စရာကောင်းတဲ့ ခရမ်းချဉ်သီးပွဲတော်

လူမျိုးတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ် ပွဲတော်တွေ ရှိပါတယ်။ တချို့ ပွဲတော်တွေက ဘာသာရေးနဲ့ ပတ်သက်နေသလို တချို့ ပွဲတော်တွေကတော့ လူတွေ ပျော်ရွှင်ဖို့ သီးသန့် ရည်ရွယ်ပြီး ကျင်းပကြပါတယ်။

စပိန်နိုင်ငံမှာလည်း လူတယောက်နဲ့ တယောက် ပစ်ပေါက် ကစားလေ့ရှိတဲ့ ခရမ်းချဉ်သီးပွဲတော် ဆိုတာ ရှိပါတယ်။ ဒီပွဲတော်ကိုတော့ သြဂုတ်လ နောက်ဆုံးအပတ် ဗုဒ္ဓဟူးနေ့မှာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက စပိန်နိုင်ငံ Bunol မြို့မှာ ကျင်းပလာခဲ့တာ အခုချိန်ထိတိုင်အောင်ပါပဲ။

ယခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ခရမ်းချဉ်သီး ပွဲတော်ကို ဒေသခံ ၂ သောင်းကျော်နဲ့ ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်တွေ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း ဒီပွဲတော်ကို လူ ၄ သောင်းကနေ ၅ သောင်းအထိ ပါဝင် ဆင်နွှဲလေ့ ရှိကြပါတယ်။

ဒီနှစ် ကျင်းပခဲ့တဲ့ ပွဲတော်မှာတော့ ခရမ်းချဉ်သီး ၁၄၅,၀၀၀ ကီလိုဂရမ် (၁၄၅ တန်) ကို အသုံးပြုခဲ့ပါတယ်။ ဒီပွဲတော်ဟာ ကမ္ဘာမှာ ထင်ရှားတဲ့ ပွဲတော်ကြီးဖြစ်သလို တယောက်ကို တယောက် ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်လေ့ ရှိကြပါတယ်။

ခရမ်းချဉ်သီးပွဲတော် စတင်ပေါ်ပေါက်လာရတဲ့ အကြောင်းကတော့ လူငယ်တစု ရန်ဖြစ်ရာကနေ စတင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ လူငယ်တွေရန်ဖြစ်ပြီး ကိုယ့်နားမှာရှိနေတဲ့ သစ်သီးတွေကို တယောက်နဲ့ တယောက် ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီလူငယ်တွေဟာ ခရမ်းချဉ်သီးတွေနဲ့ အငြိုးတကြီး ပစ်ပေါက်ခဲ့ကြပြီး ဘေးမှ ာရှိနေတဲ့လူတွေ ဝိုင်းဆွဲတော့မှ ရန်ပွဲ ပြီးဆုံးခဲ့ပါတယ်။

ရန်ဖြစ်စဉ်ကတော့ ဒေါသတကြီး ပြုမူခဲ့ကြပေမယ့် နောက်နှစ် အဲဒီအချိန်ကို ရောက်တဲ့အခါ ရန်ဖြစ်ခဲ့ဖူးတဲ့ လူငယ်တစု အဲဒီမြို့ကို ပြန်ရောက်လာခဲ့ကြပြီး တယောက်နဲ့တယောက် ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက် ကစားကြပါတယ်။ အဲဒီလို နှစ်စဉ် နှစ်တိုင်း တယောက်နဲ့ တယောက် ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက် ကစားကြရင်းကနေ ခရမ်းချဉ်သီးပွဲတော် ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၅၀ ခုနှစ်ကျော် ကာလတွေမှာတော့ စပိန်အစိုးရက ခရမ်းချဉ်သီးပွဲတော်ကို ပိတ်ပင်ခဲ့ပေမယ့် နိုင်ငံသားတွေက ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိတဲ့ ခရမ်းချဉ်သီးပွဲတော်ဟာ စပိန်နိုင်ငံကို နိုင်ငံခြားဝင်ငွေ ရအောင် ရှာပေးနေတဲ့ ပွဲတော်လည်း ဖြစ်လာခဲ့ပါတယ်။

ခရမ်းချဉ်သီးပွဲတော် ကျင်းပချိန်မှာတော့ တယောက်နဲ့ တယောက် ၁ နာရီနီးပါး ခရမ်းချဉ်သီးတွေနဲ့ မရပ်မနားတမ်း ပစ်ပေါက်လေ့ ရှိကြပါတယ်။ အားပါးတရ ပစ်ပေါက်ပြီးချိန်မှာတော့ အသင့်စောင့်နေတဲ့ မီးသတ်ကားတွေက ကစားနေတဲ့လူတွေကို ရေဖြန်းပြီး ခန္ဓာကိုယ်မှာ ပေနေတဲ့ ခရမ်းချဉ်သီးတွေကို ဆေးကြောပေးလေ့ ရှိပါတယ်။

ဒီပွဲတော်ကို ဒေသခံတွေတင်မက ကမ္ဘာလှည့် ခရီးသွားတွေကပါ ဝင်ရောက် ဆင်နွှဲလေ့ ရှိကြတဲ့အတွက် စည်းကမ်းချက်တချို့ကို သတ်မှတ်ပေးထားပါတယ်။ အဲဒီစည်ကမ်းချက်တွေကတော့

၁။ ခရမ်းချဉ်သီးကလွဲပြီး မာကြောတဲ့ ပစ္စည်းတွေနဲ့ မပစ်ပေါက်ရပါဘူး။

၂။ အပေါက်ခံရတဲ့သူ မနာအောင် ခရမ်းချဉ်သီးမှည့်မှည့်ကိုသာ အသုံးပြုရမှာဖြစ်သလို မပေါက်ခင်လည်း ခရမ်းချဉ်သီးကို ဖိခြေပေးရပါမယ်။

၃။ ပွဲစီစဉ်သူတွေက ပွဲရပ်ဖို့ အချက်ပေးတာနဲ့ ချက်ချင်း ရပ်ရပါမယ်။

၄။ ပွဲစီစဉ်သူတွေ နှစ်စဉ် ချမှတ်ပေးတဲ့ စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။

ခရမ်းချဉ်သီးပွဲတော် ပေါ်ပေါက်ရာ ဒေသဟာ စပိန်နိုင်ငံဆိုပေမယ့် အမေရိကန်ပြည်ထောင်စု၊ ချီလီ၊ ကိုလံဘီယာနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ကျင်းပ လာကြပါတယ်။

Ref. latomatinatours

You may also like these stories:

ဇနီးသည်ရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာတွေ ဆုအဖြစ်ပေးတဲ့ “Wife Carrying Championship”

စပိန် နွားရိုင်းပြိုင်ပွဲရဲ့ ပထမနေ့မှာ သွေးထွက်သံယို ဒဏ်ရာရသူ ၃ ယောက်ထက် မနည်းရှိနေ

လေးတွေကို မကောင်းဆိုးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့ ပြုလုပ်လေ့ရှိတဲ့ စပိန်နိုင်ငံက ပွဲတော်

Loading