လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရာသီဥတု ဒဏ်တွေကို ကာကွယ်နိုင်ဖို့နဲ့ မိမိကိုယ်ကို လုံခြုံရေးအတွက် အဆောက်အဦတွေ ဆောက်လုပ် နေထိုင်ခဲ့ကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ လူသားတွေ ဆောက်လုပ် နေထိုင်ခဲ့ကြတဲ့ အဆောက်အဦပေါင်း များစွာထဲက ဂရိနိုင်ငံမှာတည်ရှိတဲ့ ရှေးအကျဆုံး အဆောက်အဦတခုအကြောင်းပဲ ဖြစ်ပါတယ်။
ဂရိနိုင်ငံ၊ Thessaly ဒေသမှာ တည်ရှိတဲ့ Theopetra လိုဏ်ဂူဟာ ရှေးဟောင်းသုတေသန နယ်ပယ်အတွက် အဖိုးမဖြတ်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ သုတေသနစစ်တမ်းတွေရဲ့ ဖော်ပြချက်တွေအရ ဒီလိုဏ်ဂူ တည်ရှိနေမှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အတိအကျဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သိန်းကျော် ကတည်းက လူသားတွေ နေထိုင်ခဲ့ကြကြောင်း ဖော်ပြနိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရာနေရာလည်း ဖြစ်ပါတယ်။
Theopetra လိုဏ်ဂူဟာ ထုံးကျောက်တောင်ရဲ့ ဆင်ခြေလျှောအတိုင်း အရှေ့မြောက်ဘက်မှာ တည်ရှိနေတာဖြစ်ပြီး မြေနေရာ အနေအထားအရ ရွာငယ်လေး တခုနဲ့ အလားသဏ္ဍာန် တူနေပါတယ်။ လိုဏ်ဂူရဲ့ ဝင်ပေါက်ဟာ ကြီးမားတဲ့အတွက်ကြောင့် အတွင်းပိုင်းအထိကို အလင်းရောင် ကောင်းမွန်စွာ ဝင်ရောက်နိုင်ပါတယ်။
လိုဏ်ဂူနဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၁၉၈၇ ခုနှစ်ကနေစ၂၀၀၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒေါက်တာ Nina Kyparissi-Apostolika အနေနဲ့ နောက်ပိုင်းနှစ်တွေအထိ ဦးဆောင်ကာ ပရောဂျက်ကို အကောင်အထည် ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ လိုဏ်ဂူအတွင်းက ကျောက်သားနံရံတွေဟာ ဂူအတွင်း နေထိုင်ခဲ့သူတွေ ကိုယ်တိုင် ဆောက်လုပ်ထားတာဖြစ်ပြီး ပြင်ပက ဝင်ရောက်လာတဲ့ အအေးဒဏ်တွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ထားကြောင်းကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ အများပြည်သူ လေ့လာနိုင်ဖို့အတွက် Theopetra လိုဏ်ဂူကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ လိုဏ်ဂူအတွင်း မြေပြိုမှုတွေ ရှိလာတာကြောင့် လုံခြုံရေးအရ ပြန်လည် ပိတ်သိမ်းခဲ့ပါတယ်။
Ref. www.thinkinghumanity.com