မြန်မာနိုင်ငံသားတွေကို အမျိုးသားရေးစိတ်ဓာတ် ရင့်သန်လာအောင် နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမဟာ နိုင်ငံရေးလောကမှာ သြဇာကြီးမားလှတဲ့ ဆရာတော်ကြီး တပါးပါ။ ဆရာတော်ကြီးဟာ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပြီး ဒီနေ့ဆိုရင် နှစ်ပေါင်း ၈၀ ရှိခဲ့ပါပြီ။ စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေကို ကျင်းပလေ့ ရှိကြပါတယ်။
ဆရာတော်ကြီးဟာ ရခိုင်လူမျိုးတယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအမှုနဲ့ ပထမဆုံး အကျဉ်းကျခံရသူလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့မိဘ နှစ်ပါးကတော့ ဦးမြနဲ့ ဒေါ်အောင်ကျော်သူ (ခ) ဒေါ်အောင်ကြွဖြူတို့ဖြစ်ပါ တယ်။
ဆရာတော်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ကိုရင်ဝတ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ ပညာသင်ယူ ခဲ့ပါတယ်။ ကာလကတ္တားမြို့မှာ ၃ နှစ်လောက် နေခဲ့ပြီး အင်္ဂလိပ်ဘာသာ ၁၀ တန်း အောင်မြင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်နဲ့ ၂ လမှာတော့ ရဟန်းခံဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
ရဟန်းခံပြီးနောက်ပိုင်းမှာလည်း ကာလကတ္တားမြို့ကို ပြန်ကြွပြီး ပညာ ဆက်လက် သင်ယူခဲ့ပြန်ပါတယ်။ ဆရာတော်ကြီး ကာလကတ္တား ရောက်ချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေက ပြောင်းလဲနေပါပြီ။ ဒါကြောင့် ဆရာတော်ကြီးဟာ နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာရှိနေတုန်း အမျိုးသာကောလိပ်တခုမှာ ပါဠိနဲ့ ဗုဒ္ဓဘာသာ စာပေဆိုင်ရာမှာ ဧည့်ပါမောက္ခအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်နေရင်း သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီစတဲ့ ရှေးဟောင်းဟိန္ဒူ စာပေကျမ်းတွေကို သင်ယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံကိုကြွပြီး ပညာ ဆက်လက် သင်ကြားပြန်ပါတယ်။ ဆရာတော်ကြီးဟာ ပညာသင်ကြားတဲ့ ကိစ္စကို မရပ်ပစ်ဘဲ ဂျပန်နိုင်ငံကို သွားပြီး ဆက်လက် ပညာ သင်ကြား ပြန်ပါတယ်။ ဂျပန်ဘာသာနဲ့ ဂျပန်စကားကို ၂ နှစ်လောက် သင်ယူခဲ့ပြီး ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီးမှာ သက္ကတဘာသာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပြန်ပါတယ်။
ဆရာတော်ကြီးဂျပန်မှာရှိနေစဉ် တရုတ်ခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နဲ့လည်း တွေ့ဆုံခဲ့ ပါသေးတယ်။ ဒေါက်တာ ဆွန်ယက်ဆင်က တရုတ်နိုင်ငံကြွဖို့ ပင့်ဖိတ်တဲ့အတွက် တက္ကသိုလ်ကနေ ခွင့် ၃ လယူပြီး ခရီးထွက်ခဲ့ပြန်ပါတယ်။
၁၉၁၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဆရာတော်ကြီး မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာတော့ ဝိုင်အမ်ဘီအေအသင်း(ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း) က နိုင်ငံရေးအလုပ်တွေကို ဆောင်ရွက်နေတဲ့အချိန်နဲ့ ကြုံကြိုက်နေတာကြောင့် ဆရာတော်ကြီးဟာ နိုင်ငံရေး လုပ်ငန်းတွေမှာ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ပြန်ပါတယ်။
ဆရာတော်ကြီးဟာ ပြည်ပနိုင်ငံတွေမှာ နေထိုင်လာခဲ့သူဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးမျက်စိဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အစိုးရပိုင်းက ဆရာတော်ကြီးနောက်ကို တကောက်ကောက် လိုက်ခဲ့ကြပါတယ်။ ဆရာတော်ကြီးဟာ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက် သံဃာတော်တွေကလည်း သိပ်မပေါင်းသင်းခဲ့ကြပါဘူး။ ကျောင်းတိုက်တွေကလည်း ဆရာတော်ကြီးကို လက်မခံတဲ့အတွက် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ အိမ်တအိမ်မှာ သီတင်းသုံး နေထိုင်ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဆရာတော်ကြီးရဲ့ နိုင်ငံရေးဆောင်ရွက်ပုံတွေကို သူရိယသတင်းစာက နေ့စဉ်လိုလို ရေးသားခဲ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ ဆရာတော်ကြီးကို လူသိများလာခဲ့ပြီး ဆရာတော်ကြီးဟောတဲ့ နိုင်ငံရေးတရားတွေကို လူတွေ နားထောင်လာခဲ့ပါတယ်။ ဆရာတော်ကြီးဟာ များသောအားဖြင့် သူရိယ သတင်းစာတိုက်မှာသာ သီတင်းသုံးနေထိုင်လေ့ ရှိပါတယ်။
၁၉၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာတော့ အစိုးရကို အကြည်ညိုပျက်အောင် နိုင်ငံရေးတရား ဟောမှုကြောင့် အင်္ဂလိပ်အစိုးရက ဆရာတော်ကြီးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမှုကြောင့်ပဲ ဆရာတော်ကြီးဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ထောင်က လွတ်မြောက်လာပြီး နောက်ပိုင်းမှာလည်း မြန်မာပြည်အနှံ့ နိုင်ငံရေးတရားတွေကို ဟောပြောခဲ့တာကြောင့် ၃ ကြိမ်တိုင်တိုင် ဖမ်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဆရာတော်ကြီးဟာ စိတ်မနှံ့သူလို ရန်ကုန်မြို့ထဲ သွားလာနေခဲ့ပါတယ်။ ကျန်းမာရေးလုံးဝ မကောင်းတော့တဲ့အတွက် ရန်ကုန်ဆေးရုံကြီးတင်ခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ပျံလွန်တော်မူချိန်မှာတော့ ဆရာတော်ကြီးရဲ့ သက်တော်က ၆၀ ၊ ဝါတော် ၄၁ ဝါ ရှိနေပါပြီ။
ကိုးကား – my.wikipedia
You may also like these stories:
ဆရာတော် ဦးဥတ္တမ ပျံလွန်သည့် ရက်ကို ပိတ်ရက် အဖြစ် သတ်မှတ်ရန် မရှိသေးဟုဆို
ဦးဥတ္တမနေ့ကို အကျဉ်းချုံးကျင်းပမည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော
ဦးဥတ္တမနေ့မှသည် ပြည်ထောင်စုစိတ်ဓာတ်ဆီသို့