လူတွေအကြား သက်သတ်လွတ်စားခြင်း ဓလေ့က ပိုပြီးကျယ်ပြန့်လာနေပါတယ်။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတာက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်လို့ ယူဆထားပါတယ်။ ကမ္ဘာပေါ်မှာ သက်သတ်လွတ် စားသုံးသူအရေအတွက် တိုးလာတာနဲ့ အမျှ တိရစ္ဆာန်တွေ အသေအပျောက် နှုန်းကလည်း ပိုပြီးလျှော့ကျလာနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်လည်း သက်သတ်လွတ် ပွဲတော်ကို နှစ်စဉ် စက်တင်ဘာလကနေ အောက်တိုဘာလအထိ ၉ ရက်တိုင်တိုင် ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ် ကျင်းပမယ့် သက်သတ်လွတ် ပွဲတော်ကို စက်တင်ဘာ ၂၈ ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ ပြီးဆုံးပါလိမ့်မယ်။
“Tesagan Gin Je” ပွဲတော်လို့ ခေါ်လေ့ရှိတဲ့ သက်သတ်လွတ် ပွဲတော်ကို ထိုင်းနိုင်ငံ တဝှမ်းလုံးမှာ ကျင်းပ လေ့ ရှိပါတယ်။ အဓိကကျင်းပလေ့ ရှိတဲ့နေရာကတော့ တရုတ်လူမျိုး အများစု နေထိုင်တဲ့ နေရာတွေမှာပါ။
ထိုင်းနိုင်ငံမှာ သက်သတ်လွတ်ပွဲတော်ကို ၁၉ ရာစုကတည်းက ကျင်းပခဲ့ကြပါတယ်။ ပထမဆုံး ကျင်းပခဲ့တဲ့ နေရာကတော့ ဖူးခက်ပါ။ သက်သတ်လွတ်ပွဲတော် ပေါ်ပေါက်လာပုံအကြောင်းကလည်း တရုတ်လူမျိုးတွေနဲ့ ပတ်သက်နေပါတယ်။
တချိန်တုန်းက တရုတ်အော်ပရာအဖွဲ့တဖွဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်မှာရှိနေတဲ့ တရုတ်မိုင်းလုပ်သားတွေကို ဖျော်ဖြေဖို့ လာရောက်ခဲ့ကြပါတယ်။ ကံမကောင်းစွာဘဲ ဖျော်ဖြေပွဲနဲ့ ပါလာကြတဲ့ သရုပ်ဆောင်တွေ နာမကျန်းဖြစ်ခဲ့ရပါတယ်။ နာမကျန်ဖြစ်ပြီးနောက်မှာတော့ အော်ပရာ အဖွဲ့တဖွဲ့လုံး သက်သတ်လွတ်စားဖို့ တင်းကျပ်စွာ သတ်မှတ်ခဲ့ပြီး ဆိုင်ရာ နတ်ဘုရားတွေမှာ ဆုတောင်းခဲ့ပါတယ်။ ဒီလို ပြုလုပ်ပြီးနောက်မှာတော့ အောပရာအဖွဲ့တဖွဲ့လုံး ပြန်လည် ကျန်းမာသွားကြပါတယ်။
ထူးဆန်းတဲ့ ဒီအဖြစ်အပျက်ကို ကြုံတွေ့ရပြီးနောက်မှာတော့ သက်သတ်လွတ်ပွဲတော် ပေါ်ပေါက်လာ ပါတော့တယ်။ သက်သတ်လွတ်စားတဲ့ ဓလေ့ဟာ ကံကောင်းခြင်းတွေကို ယူဆောင်ပေးတယ်လို့လည်း စတင် ယုံကြည်လာခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်တော့ ဖူးခက် သက်သတ်လွတ်ပွဲတော်ဆိုပြီး ထင်ရှားပါတယ်။ ပွဲတော်ကျင်းပချိန် ရောက်ပြီဆိုရင် ထိုင်းနိုင်ငံသားတွေနဲ့ တရုတ်လူမျိုး အများစု ဖူးခက်ကို လာရောက်လေ့ ရှိကြပြီး သက်သတ်လွတ်ပွဲတော်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။
Ref. Expique