စာရေးဆရာကြီး ဒဂုန်တာရာဟာ မြန်မာစာပေလောကမှာ သြဇာကြီးမားသူတယောက်ပါ။ ဆရာကြီးရဲ့ စာပေအရေးအသားတွေဟာ ခေတ်မီ ဆန်းသစ်တဲ့အတွက် နှောင်းလူငယ်တွေပါ ဆရာကြီးရဲ့ အရေးအသားတွေကို လေ့လာနေရပါတယ်။
ဆရာကြီးရဲ့ ငယ်နာမည်ကတော့ ဌေးမြိုင် ဖြစ်ပြီး ၁၉၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးရဲ့ မိဘတွေကတော့ ဦးဘအုန်းနဲ့ ဒေါ်ဖွားရှင်တို့ပါ။ ဆရာကြီးဟာ ငယ်စဉ် ကလေး ဘဝကတည်းက စာပေကို ဝါသနာပါခဲ့ပြီး အသက် ၁၄ နှစ်မှာတော့ ရတု၊ လူးတား၊ ဧချင်း၊ တေးထပ် စတဲ့ကဗျာတွေကို ဒဂုန်မဂ္ဂဇင်းမှာ စတင် ရေးသားခဲ့ပါတယ်။
“ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့ ဆရာကြီးရဲ့ အယူအဆကလည်း မြန်မာစာပေလောကမှာ ထင်ရှားခဲ့ပါတယ်။ ဆရာကြီးဟာ မြန်မာကဗျာလောကမှာ သြဇာကြီးမားသူဖြစ်သလို ဒဂုန်တာရာခေတ် ဆိုတာကို ထူထောင်နိုင်ခဲ့သူတယောက်ပါ။
ဆရာကြီးရေးသားခဲ့တဲ့ စာအုပ်တွေများစွာအနက် “ရုပ်ပုံလွှာ” အဖွဲ့အနွဲ့ကလည်း ထင်ရှားတဲ့ စာအုပ် တအုပ်ပါ။ အဲ့ဒီစာအုပ်ထဲမှာ ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်း (သို့မဟုတ်) အရိုင်း” ဆိုပြီး ရေးခဲ့ပါတယ်။
ဆရာကြီးအမြင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်လွတ်လပ်ရေး အတွက်သာ အမြဲတွေးတောနေသူ၊ ဆက်ဆံရခက်တဲ့လူ၊ လွတ်လပ်ရေးကလွဲပြီး ကျန်တာ သိပ်စဉ်းစားလေ့ မရှိတဲ့ အကြာင်းကို ရေးသားခဲ့ပါတယ်။
ဆရာကြီးရဲ့နောက်ထပ် ထင်ရှားတဲ့စာအုပ်ကတော့ “မေ” ဝတ္ထုဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ တခြား ကလောင်နာမည်တွေ အမျိုးမျိုးနဲ့လည်း စာတွေရေးသားခဲ့ပါသေးတယ်။ ဆရာကြီးရဲ့ အဓိကလုပ်ဆောင်မှုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းပါ။ ဒါကြောင့်လည်း “ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့ အယူအဆကို ဘဝတလျှောက်လုံး စွဲကိုင်ခဲ့သူပါ။
ဆရာကြီးဒဂုန်တာရာဟာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့အတွက် အခုဆိုရင် ၆ နှစ်ကျော်သွားခဲ့ပါပြီ။ ဆရာကြီး ကွယ်လွန်ခဲ့ချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့ပါတယ်။
စာပေခေတ် တခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ ဆရာကြီး ကွယ်လွန်ခဲ့တာ ၆ နှစ်ကျော် သွားခဲ့ပြီ ဆိုပေမယ့် ဆရာကြီးရဲ့သြဇာက မြန်မာစာပေလောကအပေါ် အခုချိန်ထိတိုင်အောင် ကြီးမားနေဆဲပါပဲ။
ကိုးကား – mm.wikipedia
You may also like these stories:
သခင် ကိုယ်တော်မှိုင်း နဲ့ အိုးဝေ မဂ္ဂဇင်း
မျိုးချစ်စိတ် ပြင်းထန်တဲ့ စာရေးဆရာကြီး မြသန်းတင့် အကြောင်း
ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ် အသက် ၁၁၀ ပြည့်မွေးနေ့ အမှတ်တရ