နိုင်ငံတကာမှာ အလှည့်ကျ ကျင်းပလေ့ရှိတဲ့ ယူနက်စကို အစည်းအဝေးကြီးရဲ့ရည်ရွယ်ချက်ဟာ ရှေးဟောင်းအဆောက်အဦတွေရဲ့ ဗိသုကာလက်ရာနဲ့ စေတီ၊ ပုထိုးတွေကို ကမ္ဘာတည်သရွေ့ တကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်နိုင်ကြဖို့ပါ။ ယူနက်စကို စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့ ဒေသတွေကို တကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်။
ယူနက်စကို အစည်းအဝေးတွေကို ကျင်းပနိုင်ဖို့ဆိုရင် ကျင်းပမယ့် နိုင်ငံဟာ နိုင်ငံရေး ၊ စီးပွားရေး တည်ငြိမ်မှုတွေ ရှိရပါမယ်။ ဒီလိုအရည်အချင်း ပြည့်နေတဲ့ နိုင်ငံတွေမှာသာ ယူနက်စကို အစည်းအဝေးကို ကျင်းပနိုင်ပါတယ်။ ယခုနှစ်မှာ ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံကိုတော့ အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံအကြောင်းကိုလည်း အနည်းငယ် ဖော်ပြချင်ပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံဟာ ကမ္ဘာ့ရေနံအထွက်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကောက်ပဲသီးနှံ၊ ဝါ၊ စပျစ်နဲ့ ဆေးဖက်ဝင်အပင်တွေကို စိုက်ပျိုးလေ့ ရှိကြပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံဟာ ရေနံ၊ သံ၊ အလူမီနီယံ၊ ကြေးနီ၊ ခဲ၊ သွပ် ၊ ထုံးကျောက်၊ ဆား စတာတွေ အများအပြား ထွက်ရှိတဲ့ နိုင်ငံဖြစ်ပေမယ့် အကြီးအကျယ် လုပ်ကိုင်တဲ့ လုပ်ငန်းကတော့ ရေနံတူးဖော်ရေလုပ်ငန်းပါ။ ဒါကြောင့်လည်း အဇာဘိုင်ဂျန်နိုင်ငံဟာ စီးပွားရေးအရ အောင်မြင်နေတဲ့ နိုင်ငံတနိုင်ငံပါ။
အဇာဘိုင်ဂျန်နိုင်ငံရဲ့ အကြီးဆုံးမြစ်ကတော့ ကူးရားမြစ်ဖြစ်ပြီး အဲဒီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်စက်ရုံကြီးကို ၁၉၄၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ပြန်တွက်ကြည့်မယ်ဆိုရင် ၁၉၄၅ ခုနှစ်ဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေး မရသေးတဲ့အချိန်ပါ။ အဇာဘိုင်ဂျန်နိုင်ငံကတော့ စက်မှုလုပ်ငန်း ကောင်းကောင်း ဖွံဖြိုးနေခဲ့ပါပြီ။ ဆိုဗီယက် ရုရှားနိုင်ငံရဲ့ ပထမဆုံးသော လျှပ်စစ်မီးရထားကိုလည်း ၁၉၂၄ ခုနှစ်ကတည်းက အဇာဘိုင်ဂျန်နိုင်ငံမှာ တည်ဆောက်ခဲ့ပါတယ်။
ပညာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်းများစွာ ရှိပြီး စက်မှုအတတ်သင် ကောလိပ်ကျောင်းပေါင်းများစွာ ရှိပါတယ်။ သုတေသနအဖွဲ့ပေါင်း ၂၅ ဖွဲ့လောက် ရှိသလို သုတေသီ ပုဂ္ဂိုလ်ပေါင်းကလည်း ၅၅၀ လောက် ရှိပါတယ်။ ဒါကြောင့်လည်း ပညာရေးအနေနဲ့ ကြည့်မယ်ဆိုရင် အဇာဘိုင်ဂျန်နိုင်ငံက ရှေ့တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဇာဘိုင်ဂျန်နိုင်ငံဟာ မွတ်စလင်ကမ္ဘာမှာ ဒီမိုကရေစီစနစ် အအောင်မြင်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာနဲ့ သံတမန် အဆက်အသွယ်ရှိပြီး ၂၀၀၆ ခုနှစ် မေလ ၉ နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက အဇာဘိုင်ဂျန်နိုင်ငံကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့ စီးပွားရေး၊ ပညာရေး နဲ့ နိုင်ငံရေးစနစ်တွေကောင်းမွန်နေတဲ့အတွက်ကြောင့်လည်း ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးကို အဇာဘိုင်ဂျန်နိုင်ငံက ကျင်းပခွင့်ရခဲ့ပါတယ်။ အဲဒီအစည်းအဝေးကြီးကပဲ ပုဂံဒေသကို ယူနက်စကို စာရင်းဝင်အဖြစ် ကြေညာပေးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာလည်း ပုဂံဒေသကို ယူနက်စကို စာရင်းဝင်ဖို့ တင်သွင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ယူနက်စကို စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒေသတွေကတော့ ပျူမြို့ဟောင်း ၃ မြို့ ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတို့ ဖြစ်ပါတယ်။
အဲဒီဒေသတွေကို ယူနက်စကို စာရင်းဝင်ဒေသတွေအဖြစ် ကြေညာပေးခဲ့တဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးကတော့ ၂၀၁၄ ခုနှစ်၊ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့တာပါ။ ၃၈ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးကနေ ပျူမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အခုဆိုရင် ပုဂံဒေသဟာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ကမ္ဘာတည်သရွေ့ ပုဂံဆိုတာ တည်ရှိနိုင်ပါတော့မယ်။
ကိုးကား – mm.wikipedia