မြန်မာစာပေသမိုင်းမှာ သြဇာကြီးမားခဲ့သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း
မြန်မာစာပေသမိုင်းမှာ သြဇာကြီးမားတဲ့သူတယောက် ရှိပါတယ်။ သူကတော့ ဒေါက်တာသန်းထွန်းပါ။ ဒေါက်တာသန်းထွန်းဟာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးကို ၂၀ ရာစု အထူးခြားဆုံး ပုဂ္ဂိုလ်ဆိုပြီး ရည်ညွှန်းခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာကြီးကို ၁၉၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာမှာ ဖခင် ဦးဖိုးတွေနဲ့ မိခင် ဒေါ်သင်တို့က မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၃၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသား ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
လက်ဝဲ ကွန်မြူနစ်စာပေတွေကို သဘောကျခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ နိုင်ငံရေးသမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ ကထိက အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်မှာ သမိုင်းပါမောက္ခအဖြစ် တာဝန်ယူခဲ့တာ ၁၉၈၂ ခုနှစ်အထိပါပဲ။
၁၉၈၃ ခုနှစ်မှာတော့ မြန်မာပညာရေးဌာနက အငြိမ်းစားယူခဲ့ပြီး တိုကျိုတက္ကသိုလ် နိုင်ငံခြားပညာဌာန၊ အာဖရိကနဲ့ အာရှဘာသာစကား ယဉ်ကျေးမှုဌာန စတဲ့နေရာတွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စာပေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဆရာကြီး ဒေါက်တာသန်းထွန်းဟာ စာမျက်နှာ ၇၆၀၀ ရှိတဲ့ ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်တွေကို ရေးသားခဲ့ပေမယ့် စာပေစိစစ်ရေး တင်းကြပ်မှုတွေကြောင့် ထုတ်ဝေခွင့် မရခဲ့ပါဘူး။
၁၉၈၈ ခုနှစ်မှာတော့ လန်ဒန်တက္ကသိုလ်က ပေးအပ်တဲ့ စာပေပါရဂူဘွဲ့ကို လက်ခံရရှိခဲ့သလို ၁၉၉၀ ခုနှစ်မှာလည်း D.Lit ဘွဲ့ကို ရရှိပြန်ပါတယ်။ ဆရာကြီးရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေက ကိုးကားလောက်စရာအချက်တွေပါပဲ။ ဒါကြောင့်လည်း ဆရာကြီးရဲ့ စကားတခွန်းဖြစ်တဲ့ “သမိုင်းသင်တာ မအအောင်လို့” ဆိုတဲ့ စကားဟာ ထင်ရှားပါတယ်။
ဆရာကြီးဟာ မြန်မာစာပေလောကကို ကျေးဇူးရှိတဲ့သူတွေကိုလည်း ချစ်ခင်သူတယောက်ပါ။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာကျင်းပခဲ့တဲ့ လူထူဒေါ်အမာ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့ အသက် ၈၃ နှစ်ပြည့်တဲ့အချိန်မှာ မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦအတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
ဆရာကြီးဟာ သမိုင်းဌာနကို ချစ်မြတ်နိုးသူတယောက်ဖြစ်သလို အသက်သေဆုံးချိန်ထိတိုင်အောင် သမိုင်းနဲ့ပတ်သက်ပြီး အသိသစ်၊ အမြင်သစ်တွေကို ရှာဖွေခဲ့သူတဦးပါ။ ဒါကြောင့်လည်း ဆရာကြီးရဲ့ ဂုဏ်သတင်းဟာ အခုချိန်ထိ ကျော်ကြားနေတုန်းပါပဲ။
ကိုးကား – mm.wikipedia