မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ဗိုလ်အောင်ကျော်ကို ၁၉၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖခင် ဦးကျော်ဒင်၊ မိခင် ဒေါ်ဆွေကျော့တို့က ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာမှာ မွေးဖွားခဲ့ပါတယ်။
ဗိုလ်အောင်ကျော်ရဲ့ဖခင်ဖြစ်သူဟာ ကျောင်းဆရာတယောက်ဖြစ်ပြီး မွေးချင်းမောင်နှမတွေကလည်း ကျောင်းဆရာ ဆရာမတွေပါပဲ။ နောက်ပိုင်းမှာ ဗိုလ်အောင်ကျော်လို့ နာမည် ကျော်ကြားလာမယ့် ကိုအောင်ကျော်ဟာ ဖခင်ဖြစ်သူရဲ့အလယ်တန်းကျောင်းမှာ သူငယ်တန်းကနေ ဆဋ္ဌမတန်းအထိ ပညာသင်ယူခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကျောင်းတွေပေါ်ပေါက်လာခဲ့တဲ့အတွက် ဇာတိ ရုံးဇင်ရွာနဲ့တမိုင် လောက်ဝေးတဲ့ အမျိးသားအလယ်တန်းကျောင်းကိုပြောင်းရွှေ့ပြီး အင်္ဂလိပ် မြန်မာ ၂ ဘာသာကို ဆက်လက်သင်ကြားခဲ့ပါတယ်။
အနောက်တိုင်းဆန်ချင်သူ တချို့နဲ့တော့ ကိုအောင်ကျော်က အဆင်ပြေလေ့ မရှိပါဘူး။ ဒါကြောင့်လည်း အနောက်တိုင်းဆန်ချင်သူတွေကို သရော်တဲ့အနေနဲ့ ကိုအောင်ကျော်ဟာ ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ဆံပင်ကို ကတုံးဆံထောက်သာ ညှပ်လေ့ ရှိပါတယ်။ လူကြီးသူမတွေရဲ့စကားကို ရိုသေလာခဲ့တဲ့ ကိုအောင်ကျော်ဟာ ၁၉၃၄ ၊ ၃၅ ခုနှစ်မှာတော့ ဟင်္သာတကျောင်းက ဆရာတွေရဲ့ ညွှန်ကြားချက်အရ ဂျက်ဆင်ကောလိပ်မှာ ပညာဆက်လက် ဆည်းပူးခဲ့ပြန်ပါတယ်။
နောက်ပိုင်းမှာတော့ ကိုအောင်အောင်ကျော်ဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး အမျိုးသားရေး တရားတွေကို တွင်တွင်ဟောပြောခဲ့ပါတယ်။ ၁၉၃၈ ကုလား – ဗမာအရေးအခင်းဖြစ်ပြီး ကိုအောင်ကျော်ရဲ့ ဇာတိအရပ်မှာပါ အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံမှာတော့ ကိုအောင်ကျော်ဟာ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ထဲ ပါဝင်ခဲ့တဲ့အလျောက် အရေးတော်ပုံ အစီအစဉ်နဲ့ မအားမလပ်နိုင်အောင် ရှိခဲ့ပါတယ်။ တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌဖြစ်တဲ့ ကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေတို့ကို အစိုးရကဖမ်းဆီးပြီး လိုက်တဲ့နောက်မှာတော့ ကိုအောင်ကျော်ဟာ ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကိုအောင်ကျော်တို့ တောင်းဆိုချက်ကို အစိုးရက ခွင့်မပြုခဲ့တဲ့အတွက် ပုဒ်မ ၁၄၄ ကို ကန့်ကွက်တဲ့အနေနဲ့ စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အတွင်းဝန်ရုံးကို ကျောင်းပေါင်းစုံက ကျောင်းသား ၁ သောင်းလောက်က ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒပြကြရာမှာ ကျောင်းသားတွေအနေနဲ့ အပ်တို တချောင်းမှ မရှိပေမယ့် အစိုးရက နံပါတ် တုတ်နဲ့ ဝင်ရောက် ရိုက်နှက်ခဲ့ကြတဲ့အတွက် ကိုအောင်ကျော် အပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကိုအောင်ကျော် ရရှိခဲ့တဲ့ဒဏ်ရာက ပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံးကြီးမှာ အသက် ၂၃ နှစ်မှာပဲ ကွယ်လွန်ခဲ့ရပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အစိုးရရဲ့လုပ်ရပ်ကို မကျေနပ်တဲ့အတွက် မြို့မ ဦးဘလွင်က လွှတ်တော်အမတ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ကိုအောင်ကျော်ရဲ့ အသုဘတော့ မကြုံစဖူးအောင် စည်ကားခဲ့ပြီး မြန်မာနိုင်ငံ တနိုင်ငံလုံးကို တပ်လန့် နိုးဆော်လိုက်သလိုပါပဲ။
ဒါကြောင့်လည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကို ရန်ကုန်တက္ကသိုလ် သမဂ္ဂဝင်းထဲ ဂုဏ်ပြုကျောက်တိုင် စိုက်ထူပြီး မြန်မာပြည်သူလူထုက ဗိုလ်အောင်ကျော်ဆိုပြီး ဘွဲ့ပေးခဲ့ပါတယ်။
လူတွေ သေရတာ မဆန်းဘူးဆိုပေမယ့် ထိုက်တန်တဲ့ နာမည်တခုကိုတော့ ရဖို့ မလွယ်ကူပါဘူး။ ကိုအောင်ကျော်ဟာ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် ၈၁ နှစ်ပြည့်ခါနီးနေပါပြီ။ နှစ်တွေ ဘယ်လောက်ပဲကြာကြာ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂုဏ်သတင်းက အခုချိန်ထိ သင်းပျံ့နေတုန်းပါပဲ။ ။
ကိုးကား – mm.wikipedia
You may also like these stories:
မြန်မာစာပေ တခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာ
အမျိုးသားရေးစိတ်ဓာတ် ရင့်သန်လာအောင် နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမ