ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် စစ်တမ်းကောက်ယူတဲ့ အဖွဲ့အစည်း၊ Gallup International Association ရဲ့ စစ်တမ်း ကောက်ယူထားချက်တွေအရ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ အသက်အရွယ်၊ ပညာအဆင့်အတန်း၊ ဝင်ငွေတို့နဲ့ ဆက်စပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်တမ်းအရ ကမ္ဘာပေါ်မှာ တရုတ်လူမျိုးတွေဟာ ဘုရားမဲ့ဝါဒီတွေ အများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ ဘုရားသခင်အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ကြတယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းကိုတော့ နိုင်ငံပေါင်း ၆၈ နိုင်ငံက လူပေါင်း ၆၆,၀၀၀ ကို တွေ့ဆုံမေးမြန်းပြီး ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က လူပေါင်း ၆၂ ရာခိုင်နှုန်းက မိမိကိုယ်ကိုယ် ယုံကြည်မှုကသာ ဘာသာရေးဖြစ်တယ်လို့ ယူဆထားကြသလို ၇၄ ရာခိုင်နှုန်းကတော့ “ဝိညာဉ်”ကို ယုံကြည်သူတွေ ဖြစ်ကြပါတယ်။
လူပေါင်း ၇၁ ရာခိုင်နှုန်းက ထာဝရဘုရားသခင်ကို ယုံကြည်ပြီး ၅၆ ရာခိုင်နှုန်းက ကောင်းကင်ဘုံကို ယုံကြည်ကြပါတယ်။ ၅၄ ရာခိုင်နှုန်းက သေပြီး ဘဝတဖန်ပြန်ဖြစ်ခြင်းကို ယုံကြည်ကြပြီး ၄၉ ရာခိုင်နှုန်းက ငရဲ ဆိုတာကို ယုံကြည်ကြပါတယ်။
အဲဒီလူတွေထဲမှာ တရုတ်နိုင်ငံရဲ့ ၆၇ ရာခိုင်နှုန်းဟာ ဘုရားမဲ့ဝါဒီတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဘာသာတရားကို မယုံကြည်တဲ့နိုင်ငံစာရင်းမှာ တရုတ်နိုင်ငံက အများဆုံးပါ။ တရုတ်နိုင်ငံသား ၁၀ ယောက်မှာ ၇ ယောက်က ဘုရားမဲ့ဝါဒီတွေ ဖြစ်ကြပြီး တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ၂ ဆ မြင့်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ၂၃ ရာခိုင်နှုန်းကတော့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းမှု မရှိသူတွေဖြစ်ကြပြီး ၁၀ ရာခိုင်နှုန်း မရှိတဲ့ အရေအတွက်လောက်ကသာ ဘာသာတရား ကိုင်းရှိုင်းမှု ရှိကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံပြီးရင် ဘုရားမဲ့ဝါဒီအများဆုံး ဂျပန်နိုင်ငံကတော့ ဒုတိယနေရာကရှိနေပြီး သူ့နောက်မှာတော့ ဆလိုဗေးနီးယား၊ ချက်သမ္မတနိုင်ငံတို့ပါပဲ။
ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကတော့ ဘုရားသခင်၊ ဝိညာဉ်၊ ကောင်းကင်ဘုံနဲ့ ငရဲ စတာတွေကို ယုံကြည်မှုအများဆုံး နိုင်ငံပါ။ ဒါကြောင့်လည်း ဒီနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ဘာသာရေး ယုံကြည်မှု အများဆုံးနိုင်ငံတွေ ဖြစ်ကြပါတယ်။
အခုဖော်ပြခဲ့တဲ့ စစ်တမ်းကို လေ့လာကြည့်ရင် ဘုရားမဲ့ဝါဒီ အများဆုံးနိုင်ငံကလည်း အာရှနိုင်ငံက ဖြစ်ပြီး၊ ဘာသာရေးယုံကြည်မှု အများဆုံးနိုင်ငံကလည်း အာရှနိုင်ငံတွေ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ မွန်ဂိုလီးယားနိုင်ငံရဲ့ ၉၉ ရာခိုင်နှုန်းသော လူဦးရေကလည်း ဘာသာရေးကိုးကွယ် ယုံကြည်မှု ရှိကြပါတယ်။
Ref: thethaiger
You may also like these stories:
သူ့ကို ဝေဖန်နေသူတွေဟာ နောက်ကျောကို ဓားနဲ့ ထိုးသူတွေလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြော
တရုတ်လူမျိုးတွေ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ တစ္ဆေကြီးပွဲတော်
ကမ္ဘာပေါ်က မြင့်မြတ်သော နေရာများ
တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရှောင်ကြဉ်ရမည့် အချက်များ