စာရေးဆရာကြီး ဗန်းမော်တင်အောင်ဟာ မြန်မာနိုင်ငံ စာပေသမိုင်းမှာတော့ ထင်ရှားတဲ့ စာရေးဆရာကြီးတယောက်ပါ။ ဆရာကြီးရဲ့ ထင်ရှားတဲ့ စကားတခွန်းကတော့ “လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန် သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဆိုတဲ့ စကားပါ။
ဆရာကြီး ဗန်းမော်တင်အောင်ကို ၁၉၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ ပဲခူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၃ ယောက်ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး၊ ဆရာကြီးရဲ့ ကလောင်ခွဲတွေကတော့ ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ မောင်အေးသွင်၊ ဦးတင်အောင်၊ ထွန်းလင်း၊ မဟာအောင်၊ မောင်ရေချမ်း၊ လင်းယုန် စတဲ့ နာမည်တွေပါ။
ဆရာကြီးဟာ ရန်ကုန်ဟိုက်စကူးကျောင်းကနေ ဆယ်တန်း အောင်မြင်ခဲ့ပြီးတဲ့နောက် ၁၉၃၈ ခုနှစ်မှာတော့ မြန်မာ့အလင်းသတင်းစာမှာ အလုပ်သင် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့စဉ်အချိန်ကလည်း စစ်တပ်ထဲ ဝင်ရောက်ခဲ့ပြီး တပ်မတော်တာဝန်ကို ထမ်းဆောင်ခဲ့ပါသေးတယ်။ ဖဆပလ အစိုးရခေတ် ၁၉၅၂ ခုနှစ်၊ သြဂုတ်လကနေ ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
စာပေလောကကို စတင်ဝင်ရောက်လာတဲ့ အချိန်ကတော့ ၁၉၃၈ ခုနှစ်၊ မောင်တင်အောင် ကလောင် အမည်နဲ့ရေးတဲ့ “ဘုန်း မမေ့နိုင်ဘူး” ဝတ္ထုနဲ့ပါပဲ။ နောက်ပိုင်းမှာတော့ စာပေ အရေးအသားတွေကြောင့် ၁၉၅၆ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ အင်းစိန်ထောင်နဲ့ ကိုကိုးကျွန်းတွေမှာ ထောင်ဒဏ် ကျခံရပါတယ်။
၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ဗန်းမောင်တင်အောင်ဆိုတဲ့ ကလောင်နာမည်ကိုယူပြီး “ဂျာနယ်ကျော်” သတင်းစာမှာ “နော်မူဂေး” ဝတ္ထုကိုရေးသားခဲ့ပါတယ်။ ဆရာကြီး ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကတော့ အများအပြားပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံ စာပေသမိုင်းမှာ ဆရာကြီးရဲ့ သြဇာက အလွန်ကို ကြီးမားပါတယ်။
ဆရာကြီးဟာ ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီး ကွယ်လွန်ခဲ့တာ နှစ်ကာလအားဖြင့် တွက်မယ်ဆိုရင် ၄၁ နှစ်သာ ရှိပါသေးတယ်။ ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေဟာ အများကြီးပါပဲ။ ဒါကြောင့်လည်း ဆရာကြီးဟာ မြန်မာစာပေလောကမှာ အထင်ကရ ပုဂ္ဂိုလ်တယောက်အနေနဲ့ ရှိနေဆဲပါ။
ကိုးကား – mm.wikipedia