အမျိုးသားနေ့ ပေါ်ပေါက်လာရတဲ့အကြောင်းဟာ ပညာရေးစနစ်နဲ့ အများကြီး ပတ်သက်နေပါတယ်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်တဲ့အတွက်ကြောင့် ကောလိပ်ကျောင်းသားတွေက သပိတ်မှောက်ရာကနေ အမျိုးသားနေ့ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
ကျောင်းသားတွေ ကိုလိုနီပညာရေးစနစ်ကို သပိတ်မှောက်တဲ့နေ့ကတော့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်သက္ကရာဇ် ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်) နေ့ပါ။ ဒါကြောင့်လည်း တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းမှာတော့ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်ကျောင်းသားတွေရဲ့ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ခဲ့တာဟာ အင်္ဂလိပ်နယ်ချဲ့တွေကို ပထမဆုံးအကြိမ် တော်လှန်ဆန္ဒပြခဲ့ခြင်းပါ။ ဒါကြောင့်လည်း ပထမ ကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းမှာ အရေးပါဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်အက်ဥပဒေ မပြဋ္ဌာန်းခင် အချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ တက္ကသိုလ်ရယ်လို့ မရှိသေးပါဘူး။ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်တို့ဟာ အိန္ဒိနိုင်ငံ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း မြန်မာတိုင်းရင်းသားတွေက မြန်မာနိုင်ငံအတွက် သီးသန့်တက္ကသိုလ်တခု တည်ထောင်ပေးဖို့ မကြာခဏဆိုသလိုပဲ တောင်းဆိုနေခဲ့ပါတယ်။
ဒါကြောင့်လည်း အင်္ဂလိပ်အစိုးရက ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် ၂ ခုပေါင်းပြီး ရန်ကုန် တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးတဲ့ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေဆိုပြီး ပေါ်ပေါက်လာခဲ့ပါ တယ်။ အင်္ဂလိပ်အစိုးရက မတတ်သာလို့ သီးခြားတက္ကသိုလ် တည်ထောင်ပေးရတဲ့ အတွက်ကြောင့် တက္ကသိုလ်အက်ဥပဒေမှာ အထက်တန်းပညာရေးကို ကန့်သတ်ချုပ်ချယ်ထားတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်အက်ဥပေဒေမှာ ပါဝင်တဲ့ အချက်တွေကတော့ —
(၁) မြန်မာပြည်တွင် တက္ကသိုလ်တခုသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်း တကျောင်းသာ ရှိရမည်။
(၂) ကောလိပ်ကျောင်းတွင် ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။
(၃) တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော ဟိုက်စကူးဖိုင်နယ် ခေါ် ဆယ်တန်းစာမေးပွဲ အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတခုခုတွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့် ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တကြိမ်တည်း မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) ဟိုက်စကူး ဖိုင်နယ်အောင်ပြီး တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်များကို ကောင်းမွန်စွာလိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တနှစ်နေရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တနှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ်ပညာရပ်များကို လိုက်နာရန် အရည်အချင်းမရှိသေးပါက တက္ကသိုလ်ပညာကို ဆက်သင်ခွင့်ရဦးမည်မဟုတ်” စတဲ့ အချက်တွေပါဝင်ပါတယ်။
အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ တက္ကသိုလ်အက်ဥပဒေဆိုတာက တက္ကသိုလ်ပညာရေးကို ဆုတ်ယုတ်စေတဲ့ ဥပဒေဖြစ်နေတဲ့အပြင် ပညာတတ်နည်းပါအောင် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပါ။ ဒါကြောင့်လည်း နိုင်ငံတဝန်း မြို့လုံးကျွတ် အစည်းအဝေးတွေခေါ်၊ သတင်းစာတွေကနေ အမျိုးမျိုးကန့်ကွက် ခဲ့ပေမယ့် မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ဂရက်ဒေါက်က “မြန်မာတွေဟာ ပညာရေးအကြောင်း နားမလည်ဘူး”ဆိုပြီး တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့ပြီး ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီဇင်ဘာ ၂ ရက်နေ့မှာ ကောလိပ်ကျောင်းသားခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ကျောင်းသားအစည်းအဝေးပွဲကြီး ကျင်းပပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေ ကို သပိတ်မှောက်ဖို့နဲ့ ပညာရေးစနစ်ပြုပြင်ဖို့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း ကျောင်း ပြန်မတက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မူလကတော့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သပိတ်မှောက်ဖို့ ဖြစ်ပေမယ့် အခြေအနေအရ ဒီဇင်ဘာ ၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်လိုက်ကြပါ တော့တယ်။ ကျောင်းသားတွေရဲ့သပိတ်ကို တနိုင်ငံလုံးကလည်း တခဲနက် ထောက်ခံခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အထက်တန်းကျောင်းတွေပါ သပိတ်ထဲ ပါဝင်လာပါတယ်။
အင်္ဂလိပ်အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ်ကျောင်းတွေကို ပြန်မတက်တော့ဘဲ ရာသက်ပန်သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကျောင်းသားသပိတ်ကနေ ရရှိခဲ့တဲ့ အမြတ်အစွန်းကတော့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ အမျိုးသားကျောင်း အများအပြား ပေါ်ပေါက်လာတာပါ။ ၁၉၂၀ ကျောင်းသားသပိတ်ကြောင့် ပြည်သူတွေမှာ လည်း နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးလို့ ခေါ်ဆိုနိုင်ပါတယ်။
၁၉၂၁ ခုနှစ် ဒီဇင်ဘာလ မန္တလေးမြို့မှာကျင်းပတဲ့ ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီးမှာ အမျိုး သားနေ့ သတ်မှတ်ဖို့စဉ်းစားကြတဲ့အခါ အချို့က သီပေါဘုရင် ပါတော်မူတဲ့ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေးကြပြီး အချို့က ဦးဥတ္တမ အဖမ်းခံရတဲ့နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ဖို့ အကြံပေးခဲ့ပါတယ်။
ဂျီစီဘီအေကွန်ဖရင့်ကို ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဦးမြင့်က ကျောင်းသားတွေ သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို “အမျိုးသားနေ့”အဖြစ် သတ်မှတ်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မန္တလေး ဂျီစီဘီအေ ကွန်ဖရင့်ကြီးက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အမျိုးသားနေ့ဟာ မေ့ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပညာရေးစနစ်ကို ပြုပြင်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်သလို အင်္ဂလိပ်အစိုးရကို ပထမဆုံးတော်လှန်ခဲ့တဲ့ ဖြစ်စဉ်တခုလည်းဖြစ်ပါတယ်။ ကျောင်းသားသပိတ်ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုမိုထက်သန်လာခဲ့ကြသလို မြန်မာနိုင်ငံအရပ်ရပ်မှာလည်း အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အခုဆိုရင် အမျိုးသားနေ့ ပေါ်ပေါက်စေတဲ့ အခြေခံအကြောင်းအရင်းဖြစ်တဲ့ ကျောင်းသားသပိတ်ကြီး ဖြစ်ပျက်ခဲ့တာ ၉၉ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ၉၉ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ဂုဏ်ကျေးဇူးကို မမေ့သင့်ပါဘူး။ ။
ကိုးကား – mm.wikipedia
You may also like these stories:
နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်
မတူကွဲပြားသော နှစ်သစ်ကူး အယူအဆများ
စစ်ရေးပြအခမ်းအနား ကြည့်ရှုဖို့အတွက် တီဗီတွေ အခမဲ့ပေးခဲ့တဲ့ တရုတ်အစိုးရ