အိန္ဒိယနယ်စပ် အနီးမှာရှိတဲ့ နီပေါနိုင်ငံ တောင်ပိုင်း ဘာရီယာပါဒေသမှာ ဟိန္ဒူနတ်ဘုရားဖြစ်တဲ့ ကာလီမယ်တော်အား ပူဇော်တဲ့ပွဲကို ၅ နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ ဒီဇင်ဘာလ ၃ ရက်နေ့က စပြီး ၅ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို သွေးချောင်းစီးပွဲတော်လို့ လူအများက သတ်မှတ်ကြပြီး ကန့်ကွက်ကြသူတွေလည်း အများကြီး ရှိနေပါတယ်။ ပွဲတော်မှာ သားသတ်သမားပေါင်း ၂၀၀ ကျော်ဟာ ကျွဲ၊ ဆိတ်၊ ကြက် အပါအဝင်အခြား သတ္တဝါများကို ယစ်ပူဇော်ဖို့ သတ်ဖြတ်လေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က ပြုလုပ်ခဲ့တဲ့ပွဲမှာ တိရစ္ဆာန်ပေါင်း ၂ သိန်းကျော်ခန့်ကို ယစ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ပွဲတော် ကျင်းပရတဲ့ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကျော်က ဟိန္ဒူနတ်ဘုရား ကာလီမယ်တော်က သူမအတွက် သွေးလှူရန်နဲ့ ဘုရားကျောင်းဆောက်ပေးရန် အကျဉ်းသားတဦးကို အိပ်မက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အိပ်မက်က နိုးလာချိန်မှာ အကျဉ်းသားဟာ လက်ထိပ်သံကြိုးတွေ ခတ်ထားခြင်း မရှိတော့တဲ့အတွက် နတ်ဘုရားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘုရားကျောင်းဆောက်ပြီး တိရစ္ဆာန်တွေကို ယစ်ပူဇော်ရာကနေ ရိုးရာ ဓလေ့သဖွယ် ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပွဲတော်ကို အိန္ဒိယနဲ့ နီပေါနိုင်ငံမှာ ယုံကြည်သူတွေ ထောင်ပေါင်းများစွာ လာရောက်ကြပြီး ညအိပ်ညနေ နေကာ ဆုတောင်းပွဲတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပွဲကျင်းပမှုကို ရဲ ၂၀၀၀ ခန့်က လုံခြုံရေး ယူထားရပါတယ်။
“ကျနော်တို့က ဒီလို ပွဲမျိုးတွေ မလုပ်စေချင်ဘူး။ ထောက်လည်း မထောက်ခံဘူး။ ဒါပေမယ့် လူတွေက သူတို့ရဲ့ ယုံကြည်မှုအတိုင်း ရိုးရာဓလေ့အရ အကောင်တွေကို လာလှူကြတာပါ”လို့ ပွဲကျင်းပရေးကော်မတီအဖွဲ့က Birendra Prasad Yadav က AFP သတင်းဌာနကို ပြောပါတယ်။
၂၀၁၅ ခုနှစ်က စတင်ပြီး ဘုရားကျောင်းတာဝန်ရှိသူများက ဒီယစ်ပူဇော်ပွဲကို တားမြစ်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နီပေါတရားရုံးကလည်း အစိုးရကို ဖိအားတွေ ပေးခဲ့ပေမယ့် လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူးလို့ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
Ref. BBC
You may also like these stories:
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း
နီပေါတွင် ဦးသန့် ရုပ်တု စိုက်ထူမည်
နီပေါအစိုးရ ရဟတ်ယာဉ် ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရ