ဥရောပနိုင်ငံတွေမှာ နေထိုင်ကြတဲ့ တော်ဝင်မိသားစုတွေဟာ ခရစ္စမတ်ပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ခရစ္စမတ်ဟာ မိသားစု၊ သူငယ်ချင်း၊ ချစ်တဲ့သူတွေနဲ့ အတူတကွ ကုန်ဆုံးကြတဲ့ အားလပ်ရက် ဖြစ်တာကြောင့် တော်ဝင်မိသားစုတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ရိုးရာတွေ ရှိကြပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေက တော်ဝင်မိသားစုတွေရဲ့ ခရစ္စမတ်ကျင်းပပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အင်္ဂလန်
ဗြိတိန် တော်ဝင်မိသားစုဟာ ခရစ္စမတ်ကို အင်္ဂလန်နိုင်ငံ၊ အရှေ့ပိုင်း Norfolk စီရင်စုမှာ ကျင်းပလေ့ရှိပါတယ်။ ဘုရင်မနဲ့ တော်ဝင်မိသားစုဝင်တွေဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လက်ဆောင်တွေကို ဖွင့်ဖောက်ကြမှာဖြစ်ပြီး ခရစ္စမတ်နေ့မှာတော့ အင်္ဂလိပ် မနက်စာ စစ်စစ်ကို စားသောက်ပြီး ဘုရားကျောင်းတက်ကြမှာ ဖြစ်ပါတယ်။
ဘုရားကျောင်းက ပြန်လာပြီးနောက်မှာတော့ နေ့လယ်စာအဖြစ် ကြက်ဆင်သားကို စားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နေ့လယ်စာ စားပြီးရင်တော့ ဘုရင်မ ပြောထားတဲ့ မိန့်ခွန်းကို နားထောင်ဖို့ ရုပ်မြင်သံကြားရှေ့မှာ စုစည်းကြပြီး ရုပ်မြင်သံကြားကြည့်ပြီး ညနေခင်းကို နန်းတော်အတွင်းက ဝန်ထမ်းတွေနဲ့ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
(၂) ဆွီဒင်
ဆွီဒင်နိုင်ငံရဲ့ တော်ဝင်မိသားစုကတော့ ခရစ္စမတ်ရာသီကို ရောက်တာနဲ့ နန်းတော်အတွင်းမှာ ခရစ္စမတ်သစ်ပင်ကို အလှဆင်ပြီး ထားလေ့ရှိပါတယ်။ ၁၉၆၀ ခုနှစ်က စပြီး ဆွီဒင်နိုင်ငံရဲ့ စိုက်ပျိုးရေးသိပ္ပံ တက္ကသိုလ်က တာဝန်ရှိသူတွေဟာ ခရစ္စမတ်သစ်ပင်ကို တော်ဝင်မိသားစုကို ဆက်သလေ့ ရှိပါတယ်။
တော်ဝင်မိသားစုဟာ သူတို့ရဲ့ ခရစ္စမတ်အတွင်း ကိတ်မုန့်ဖုတ်ခြင်း၊ ခရစ္စမတ်သစ်ပင် အလှဆင်ခြင်း စတာတွေကို ဗီဒီယိုရိုက်ကူးပြီး ပြည်သူတွေကို ပြသလေ့ရှိတယ်လို့ သိရပါတယ်။
(၃) ဒိန်းမတ်
ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေဟာ ခရစ္စမတ်နေ့မှာ ဘာတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို ပြောပြဖု့ိ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လေ့ရှိပါတယ်။ တော်ဝင်မိသားစုဟာ ၁၉၇၂ ခုနှစ်က စတင်ပြီး ခရစ္စမတ်အားလပ်ရက် တိုင်းကို Marselisborg Palace နန်းတော်မှာ ကုန်ဆုံးလေ့ ရှိပါတယ်။
တချို့နှစ်တွေမှာတော့ တော်ဝင်မိသားစုဟာ မင်းသမီး မယ်ရီရဲ့ မိဘတွေရှိရာ သြစတေးလျနိုင်ငံကို သွားရောက်လေ့ ရှိတယ်လို့ သိရပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ ဆန်တာကလော့စ်ကို ကြိုဆိုတဲ့ အထိမ်းအမှတ်စားသောက်ပွဲကို ပြုလုပ်ကြပြီး ခရစ္စမတ်နေ့မှာတော့ ဘုရင်မဟာ နေ့လယ်စာကို အချိုပွဲစားသုံးရင်း အစပြုလေ့ရှိတယ်လို့ သိရပါတယ်။
(၄) နော်ဝေး
နော်ဝေးနိုင်ငံကတော့ ခရစ္စမတ်ကို အခြားဥရောပနိုင်ငံနဲ့ မတူညီတဲ့ ပုံစံနဲ့ ကျင်းပလေ့ရှိပါတယ်။ ဘိုးဘေးများဖြစ်ကြတဲ့ အင်္ဂလန်၊ ဒိန်းမတ်နဲ့ ဆွီဒင်တို့ရဲ့ ရှေးဟောင်း ခရစ္စမတ် ပြုလုပ်ပုံနည်းတွေနဲ့ ရိုးရာနော်ဝေးနည်းလမ်းတွေကို ရောထားတဲ့ပုံစံနဲ့ ကျင်းပကြတယ်လို့ သိရပါတယ်။
၁၉၀၅ ခုနှစ်က စတင်ပြီး ခရစ္စမတ်တိုင်းမှာ ဝက်ပေါက်သားကင်လုပ်စားတဲ့ ရိုးရာစတင်ခဲ့ပြီး ခရစ္စမတ်အကြိုနေ့မှာ လက်ဆောင်တွေ လဲလှယ်ကြတယ်လို့ သိရပါတယ်။
Ref. express.co.uk