ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ပွဲတော်ဖြစ်တဲ့ ဆုမ်ခရမ်ပွဲတော်ကို COVID-19 ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ လာမယ့် ဇူလိုင်လအတွင်းမှာ ဆုမ်ခရမ်ပွဲတော်ကို ကျင်းပဖို့စဉ်းစားနေကြာင့် ထိုင်းနိုင်ငံ COVID-19 ရောဂါအခြေအနေ စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပါတယ်။
အားလပ်ရက်ရှည်ဖြစ်တဲ့ ဆုမ်ခရမ်ပွဲတော်ကို COVID-19 ကူးစက်မှုနှုန်း ကျဆင်းလာရင် ထိုင်းမှာ ပြန်လည် ကျင်းပသွားဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံ COVID-19 ရောဂါအခြေအနေစီမံခန့်ခွဲရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Taweesilp Visanuyothin ကလည်း ဇွန်လအတွင်း ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်သူအရေအတွက်ကျဆင်းသွားခဲ့ရင် ဇူလိုင်လအတွင်း ဆုမ်ခရမ်ပွဲတော်ကို အစားထိုးပြန်လည်ကျင်းပဖို့စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲသူက ဇူလိုင်လအတွင်း အရေးပေါ်အမိန့် ကြေညာနေစရာ မလိုဘဲ အခြေအနေတွေ ကောင်းသွားခဲ့ရင် ဆုမ်ခရမ် အားလပ်ရက်ကို အစားထိုး စီစဉ်ပေးသွားမယ်လို့ ပြောပါတယ်။
ထိုင်းရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့တဲ့ဆုမ်ခရမ်ပွဲတော်ဟာ ဧပြီ ၁၃ ရက်နေ့ကနေ ဧပြီ ၁၅ ရက်နေ့ အထိ ကျရောက်ခဲ့ပေမယ့် COVID-19 ကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပွဲတော် ကျင်းပမယ်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဆုမ်ခရမ်ပွဲတော်ဟာ ထိုင်းရိုးရာ ယဉ်ကျေးမှုပွဲတော် ဖြစ်တာနဲ့အညီ နှစ်စဉ် နိုင်ငံတကာ ခရီးသွားပေါင်းများစွာ လာရောက်ဆင်နွှဲလေ့ရှိတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရအဖွဲ့အနေနဲ့ လာမယ့်ဇွန် ၃၀ ရက်နေ့အထိ အရေးပေါ်အခြေအနေကို တိုးချဲ့ထားပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်း ရှာဖွေနေကြပါတယ်။
အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီးနောက်ပိုင်း ဆက်ဖြစ်လာမယ့် COVID-19 ကူးစက်မှု အခြေအနေကလည်း စိုးရိမ်စရာကောင်းတဲ့ အချက်တချက်ပါပဲ။
COVID-19 ရောဂါအခြေအနေ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ဇွန်လ ၁ ရက် နေ့က ရောဂါကူးစက်ခံရသူ တယောက်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်မှာ ၃,၀၈၂ ယောက် ရှိသွားပါပြီ။ ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးဟာ ရုရှားနိုင်ငံက ပြန်လာသူ တယောက်ဖြစ်ပြီး ပထမအကြိမ် ဓာတ်ခွဲ စစ်ဆေးရာမှာတော့ Negative တွေ့ရှိခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။
Ref: Bangkokpost