Culture

မင်းကြီးတောင်ပေါ်မှ အိမ်ကြီးများဆီသို့

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာမကြီး ဒေါ်ခင်စောတင့်က “မင်းကြီးတောင်ပေါ်က အိမ်ကြီးဆီသို့” အမည်နဲ့ ပြည်မြို့က ကိုလိုနီခေတ် လက်ကျန် အိမ်ကြီးတလုံးအကြောင်း ရွှေအောင်လံ မဂ္ဂဇင်းမှာ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။

ဖခင်ဖြစ်သူ အိန္ဒိယပဋိဉာဉ်ခံ ဝန်ထမ်း ICS အရာရှိကြီး ဦးဘတင့်နဲ့ မိခင်ဖြစ်သူ ခေတ်စမ်း စာပေ ကလောင်ရှင် ဒေါ်ခင်မြမူ တို့ ဒုတိယကမ္ဘာစစ်မတိုင်မီက နေခဲ့တဲ့ ပြည်မြို့ မင်းကြီးတောင်ပေါ်ကVilla ကြီးဆီကို သတိရ လွမ်းဆွတ်ပြီး တကူးတက သွားရောက်ကြည့်ရှု့တဲ့ အကြောင်းပါ။

ဒေါ်ခင်စောတင့်ရဲ့ဖခင် ICS အရာရှိကြီး ဦးဘတင့်ဟာ နယ်ပိုင်ဝန်ထောက်ကြီးအဖြစ်နဲ့ ပြည်မှာ တာဝန်ကျစဉ် မင်းကြီး တောင်ပေါ် က အိမ်ကြီးမှာ နေခဲ့တယ်လို့ သိရပါတယ်၊ ဆရာမကြီး ရည်ညွှန်းခဲ့တဲ့ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် ရှေးအိမ်ကြီးဟာ အခုတိုင်လည်း ပြည်မြို့ မင်းကြီးတောင်ပေါ်မှာ ရှိနေပါတယ်။

တက္ကသိုလ်ဘုန်းနိုင်ရဲ့ တပြည်သူ မရွှေထားဝတ္တုကို မင်းသား ကျော်သူ၊ မင်းသမီး မေသန်းနုတို့နဲ့ ရုပ်ရှင်ရိုက်ကူးတဲ့အခါ ဇတ်ဝင်ခန်းတချို့ ဒီအိမ်ကြီးမှာ ရိုက်ခဲ့တာကြောင့် တပြည်သူ မရွှေထားအိမ်ကြီးလို့လည်း လူသိများပါတယ်။

အင်္ဂလိပ် အရာရှိကြီးတွေ နေခဲ့တဲ့ ဒီနှစ်ထပ်အိမ် Villa ကြီးရဲ့ အပေါ်ထပ် ဝရန်တာကနေ ကြည့်လိုက်ရင် မြောက်ကနေ တောင်ကို စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရယ် တဖက်ကမ်းက တန့်ကြည့်တောင်၊ ဖိုးဦးတောင်စတဲ့ ရခိုင်ရိုးမ အဆက် အနွယ် တောင်တန်းကြီးတွေကို လက်တကမ်းမှာ ရှိနေသလို မြင်ရပါတယ်။

ဒါကြောင့် ဒီအိမ်ကြီးမှာ နေခဲ့တဲ့ ဗျူရိုကရက် အရာရှိကြီးတွေဟာ နံနက်ခင်း မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနု အေးကို ဝရန်တာကနေ ခံစားရင်း နံနက်စာ Breakfast ကို စားကာ ကော်ဖီ သောက်ခဲ့မှာ ဖြစ်သလို၊ အနောက်ဖက် တောင်တန်းကြီးပေါ် က နေကွယ်ချိန်ကို စောင့်စားရင်း ရေခဲစိမ်ဘီယာကို စုပ်ကာ နေညိုချိန် ဘဝရဲ့အရသာကို ခံစားခဲ့မှာ မလွဲပါဘူး။

ဗြိတိသျှဆိုတဲ့ အင်္ဂလိပ်တွေဟာ နယ်ချဲ့ရာမှသာ ပထမတန်းမဟုတ်ပါဘူး၊ သူတို့နေဖို့အတွက်ဆိုရင် အကွက်အကွင်း ကောင်း၊ အချက်အချာကျ၊ သာယာလှပပြီး မြို့ကို စီးပြီး မြင်ရတဲ့ နေရာကောင်းတွေကိုမှ ရွေးပြီး အိမ်ဆောက်နေရာ ယူတတ်တဲ့သူတွေလို့ ဆိုရမှာဖြစ်ပါတယ်။

ဘယ်အချိန်ကစပြီး မင်းကြီးတောင်ရယ်လို့ ဘာကြောင့် ခေါ်တယ်ဆိုတာ အတိအကျ မတွေ့ရပေမယ့်၊ ရွှေဆံတော် ဘုရား(မြသိတင်)တည်ထားရာ သုဒ္ဒသနတောင်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ တောင်စွယ် တောင်ခါးပန်း တောင်ထိပ် နေရာတွေမှာ မိုးကျရွှေကိုယ် မျက်နှာဖြူ အရာရှိကြီးတွေက အိမ်ဆောက်ပြီး နေခဲ့တာကြောင့် မင်းကြီး တောင်ဆိုတဲ့ အမည်နဲ့ လိုက်ဖက်တယ်လို့ ဧကန်ဆိုရပါလိမ့်မယ်။

၁၈၇၇ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်သည့် ရန်ကုန်-ပြည် မီးရထားလမ်း၏ ပြည်ဘူတာရုံဟောင်း (နှစ်တရာပြည့် မီးရထား)

Prome လို့ အင်္ဂလိပ်တွေ ခေါ်ခဲ့တဲ့ ပြည်မြို့လေးဟာ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်အပြီးမှာ နယ်ချဲ့ ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပါတယ်။ ၁၈၇၇ ခုနှစ်မှာ ရန်ကုန်ကနေ ပြည်ကို ဦးတည်ကာ မြန်မာပြည်ရဲ့ ပထမဆုံး မီးရထားလမ်းကို ဖောက် တဲ့ အခါမှာတော့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သရေခေတ္တရာ မြို့ဟောင်းလေးဟာ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ အရေးပါလာပါတယ်။

စီးပွားရေး အုပ်ချုပ်ရေးပိုင်းမှာ သော့ချက်ကျတဲ့အတွက် အရေးပိုင်အဆင့် ရုံးစိုက်ရာ မြို့ တမြို့ ဖြစ်လာပြီး၊ အုပ်ချုပ်ရေး (Executive)နဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ(Judicial)နဲ့ စတာတွေနဲ့ ပတ်သက်တဲ့ ကြေးတိုင်နဲ့ မြေစာရင်း၊ ငွေတိုက်၊ အရေးပိုင်ရုံး၊ မြူနီစီပယ်ရုံး၊ စက်ရှင်မင်းကြီး ရုံးထိုင်တဲ့ တရားရုံးကြီးနဲ့ ပြည်အကျဉ်းထောင်၊ DSP လို့ ခေါ်တဲ့ ရာဇဝတ် ဝန်ထောက် နေထိုင်ခဲ့တဲ့အိမ်၊ မြို့မရဲစခန်း စတာတွေဟာ ယနေ့တိုင် ထင်ထင်ရှားရှား တွေ့မြင်ရမှာပါ။

အရေးပိုင်ရုံးစိုက်သည့် ပြည်မြို့မှ ကိုလိုနီခေတ်တရားရုံးကြီး( ပြည်ခရိုင်တရားရုံး Facebook Page)

ဒီမင်းကြီးတောင်ပေါ်က ကိုလိုနီခေတ် အိမ်ကြီးတွေမှာ ဘယ်သူဘယ်ဝါ နေခဲ့ကြသလဲဆိုတာ ပြည်မြို့ နယ် ဖြစ်စဉ် မှတ်တမ်းတွေမှာ မတွေ့ရပေမယ့်၊ စစ်ကြိုခေတ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်အကြောင်း ပြန်ပြောင်း ရေးသား ချက်တွေမှာတော့ မိုးကျရွှေကိုယ် ICS အများစု နေခဲ့ကြပြီး၊ မြန်မာတချို့ ကြည်ညိုကြတဲ့ ပဲခူးခရိုင်ဝန်ရှင်တော် မင်းကြီး (Commissioner of Pegu Division ) ဖြစ်တဲ့ မစ္စတာဆွင်းသင်းဘင်း တောင် ဒီအိမ်ကြီးတွေမှာ နေကောင်း နေထိုင်ခဲ့ လိမ့်မယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘာကြောင်လဲဆိုတော့ စစ်ကြီး အစမှာ ဆွင်းသင်းဘင်းဟာ ဘဏ္ဍာရေးဝန်ကြီး ဖြစ်ပေမယ့် တာဝန်ကျရာ မေမြို့ (ပြင်ဦး လွင်)ကို စစ်ပြေး အစိုးရနဲ့အတူ လိုက်ပါမသွားဘဲ ရန်ကုန်ကို ဂျပန်သိမ်းတဲ့အထိ ပြည်မြို့မှာ နေထိုင်ကာ တောင်ကုတ် တောင်ကြားလမ်းကနေ အိန္ဒိယကို ပြည်တော်ပြန်မယ့် စစ်ပြေးဒုက္ခသည်တွေကို ကူညီနေခဲ့တယ်ဆိုတဲ့ မှတ်တမ်းများ ဖော်ပြထားတဲ့ အတွက်ကြောင့် အခုလို ကောက်ချက်ချ ပြောဆိုခြင်း ဖြစ်ပါတယ်။

ICS အရာရှိကြီး ဝန်ရှင်တော်မင်းကြီး ဆွင်းသင်းဘင်းဟာ မြန်မာတွေကို ခင်မင်ပြီး မြန်မာတွေကလည်း သူ့ကို ကြည်ညို လေးစားကြသလို သူကလည်း မြန်မာပြည်နဲ့ ဘိလပ်ကို သူ့ရဲ့ နိုင်ငံတွေအဖြစ် ခံယူထားကာ “My two Countries” လို့ အမြဲပြောလေ့ရှိသူလို့ သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ မင်းကြီးတောင်ပေါ်က မိုးကျရွှေကိုယ် သခင်ကြီးတွေလည်း အလျင်အမြန်ဝင် လာတဲ့ ဂျပန်ထိုးစစ်ကြောင့် “သူတို့လည်း အသက်လုပြီး ပြေးကြရရှာတယ်” ဆိုသလို၊ ပြည်တော်ကို အပြေးအလွှား ကသုတ် ကယက် ပြန်တဲ့သူ ပြန်ရ၊ တချို့ လည်း သူတို့အိမ်ကြီးတွေမှာပဲ အသက်ဇီဝိန်ချွေခံခဲ့ရတယ်လို့ စစ်ကိုမီလိုက်တဲ့ လူကြီးသူမ တွေရဲ့ စကားအရ သိရပါတယ်။

မင်းကြီးတောင်တက်လမ်းဘေးရှိ ကိုလိုနီခေတ် အိမ်ကြီးတလုံး(ကိုပြည့်)

ဂျပန်ခေတ် ထိုငါးနှစ်မှာတော့ မင်းကြီးတောင် တတောင်လုံး ဂျပန်က သိမ်းယူတပ်စွဲခြင်း ခံခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး ခေတ်မှာလည်း ရန်ကုန်ကို သိမ်းဖို့ ချီတက်ခဲ့တဲ့ ဒု ဗိုလ်မှူးကြီး စောမြမောင် ဦးစီးတဲ့ ကရင်သေနတ်ကိုင် တပ်ရင်း(၁)ဟာ မင်းကြီးတောင်မှာ အခြေစိုက်ခဲ့သလို၊ သူပုန်ခေတ်လို ခေါ်ကြတဲ့ ပြည်တွင်းစစ်ကာလမှာ ကွန်မြူနစ် ဗိုလ်ဇေယျ၊ ဗိုလ်သိန်း တို့ ဦးဆောင်တဲ့ တပ်ပေါင်းစုက မင်းကြီးတောင်ပေါ် မှာ နေရာယူခဲ့ကြပြန်ပါတယ်။

တပ်မတော်က ပြည်မြို့ကို ပြန်သိမ်းပြီးနောက် မင်းကြီးတောင်ပေါ်မှာ ဗိုလ်မှူးကြီး ဘဖြူရဲ့ တပ်မဟာ ၁၃ အခြေချပြန်ရာ သင်္ဘောဆိပ်ကနေ မင်းကြီးတောင်ပေါ် တက်တဲ့လမ်းကို သင်္ဘောဆိပ်လမ်း(Harbour Street)လို့ ခေါ်ရာကနေ တပ်မဟာ လမ်းလို့ ပြောင်းလဲ ခေါ်ခဲ့ကြပါတယ်။

၁၉၇၅ ပဲခူးရိုးမက ဗကပဗဟို ပြုတ်တော့ မဆလအစိုးရက ကမ္ဘာ့ဘဏ်အကူအညီနဲ့ ရိုးပေါ်ကသစ်တွေကို ထုတ်ဖို့ စီမံရာမှာ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေကို မင်းကြီးတောင်ပေါ်မှာပဲ အခြေစိုက်စေခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၉၃ ခုနှစ်ခန့်မှာတော့ န၀ဒေး ဧရာဝတီ မြစ်ကူးတံတား စီမံကိန်းကြောင့် တတောလုံး တတောင်လုံး စစ်တပ်က သိမ်းယူခဲ့ပါတယ်။
ဟိုအရင်ကတော့ မင်းကြီးတောင်ပေါ်မှာ ဒီလို ရှေးလက်ရာ Villa ကြီး ၁၀ လုံး ခန့် ရှိခဲ့ဖူးပါတယ်။တချို့ကတော့ အခုတိုင် ရှိကြသေးသလို၊ တချို့အိမ်တွေလည်း လူမနေတဲ့အတွက် ပျက်စီးကာ နောက်ပိုင်းမှာ ဖြိုဖျက်ခံခဲ့ရပါတယ်။

ငယ်ငယ်က မှတ်မိခဲ့တဲ့ တောင်တက်လမ်း တလျှောက်က ရှေးအိမ်ကြီးတွေ အကြောင်းကိုပြောရရင် ကဗျာဆရာ မောင်ချောနွယ်တို့ရဲ့ နှစ်ထမ်အိမ်ကြီးလည်း မပါမဖြစ်ပေါ့။

“သီရိခေတ္တရာပြည်က တောင်ပေါ်လမ်းကွေ့မှာ ကျနော်တို့ဟာ နေထိုင်လို့” ဆိုတဲ့ သူ့ရဲ့ကဗျာလိုပဲ ကိုချော ဖခင်နယ်ပိုင်ကြီး ဦးကျော်မြင့် မိသားစုဟာ မင်းကြီးတောင်တက်လမ်းနံဘေး ကုန်းပြန့်လေးပေါ်က ရေနံ၀ နေတဲ့ နှစ်ထပ်ပျဉ်ထောင် အိမ်ကြီး မှာ နေခဲ့ကြတာပေါ့။

ခြံအဝင်ဝကို အုပ်မိုးထားတဲ့ ဖျောက်ဆိပ်ပင်ကြီးရယ်၊ အိမ်ရှေ့က မြေကွက်လပ်ကျယ်ကြီးရယ်၊ တရုတ်စံကားပင်အိုကြီး ရယ်၊ ဆိပ်ငြိမ်တဲ့ တောင်တက်လမ်းလေးရယ်၊ ဒီမြင်ကွင်းတွေကို နေ့စဉ်မြင်တွေ့ရတဲ့ ကိုချောနွယ်အဖို့ ဒီအရာတွေဟာ သူ့ကို ကဗျာဆရာအဖြစ် ရောက်စေခဲ့တာလားဆိုတာ တွေးစရာပါ။

သူတို့အိမ်နဲ့ မျက်နှာခြင်းဆိုင် တောင်နံရံ နံဘေးမှာတော့ သီရိမြိုင်လို့ အမည်ပေးထားတဲ့ ဦးချစ်ဖို မိသားစုနေထိုင်တဲ့ တိုက်အိမ်ကြီးရှိပါတယ်၊ တချိန်က ပြည်မြို့ရဲ့ နာမည်ကျော် နေသူရိန် ကရာတေးကလပ်ကို ဒီနေရာမှာ ဖွင့်ခဲ့တာကြောင့် ဟိုတုန်းကဆိုရင် မင်းကြီးတောင်တက်လမ်း ကိုချောနွယ်တို့ အိမ်ရှေမှာ ကရာတေးကစားသူတွေနဲ့ အပြည့်ပေါ့။

အဲဒီကနေ ကတ္တရာခင်းထားတဲ့ တောင်တက်လမ်းလေးအတိုင်း တက်လာခဲ့ရင် သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့ သံအိမ်ကြီးဆီကို ရောက်မှာပါ၊ ကျနော်တို့ သိတတ်စ အရွယ်မှာတော့ သံအိမ်ကြီးမရှိတော့ပါဘူး၊ မြေကွက်လပ်ကြီး ဖြစ်နေပါပြီ။

သံတွေနဲ့ ဆောက်ခဲ့လို့ သံအိမ်ကြီးလို့ ခေါ်တာလို့ အများကထင်ပေမယ့်၊ ပြည်မြို့သား စာရေးဆရာကြီး ဇဝနက သံတမန်တွေ နေခဲ့တဲ့ သံတဲကို အစွဲပြုပြီး သံအိမ်ကြီးလို့ ခေါ်တာ ဖြစ်ကြောင်း ဇဝနရဲ့ ဇဝန စာအုပ်မှာ ရေးသား ထားပါတယ်။

နောက်ပိုင်းတော့ သံအိမ်ကြီးနေရာမှာ အော်တိုတယ်လီဖုန်း ဆက်သွယ်ရေး လိုင်းခန်းတွေ ဆောက်လိုက်ကြပါတယ်။

သံအိမ်ကြီးနဲ့ မျက်စောင်းထိုး တောင်စောင်းအောက် ချိုင့်တနေရာမှာတော့ ခရေပင်၊ မရမ်းပင်၊ ဥသျှစ်ပင်တွေရှိတဲ့ ကိုလိုနီ ခေတ် လက်ရာအိမ်ကြီးတလုံး ရှိပြန်ပါတယ်။ အရင်ကတော့ အရပ်သားမိသားစု ၃စုခန့် စုပေါင်းနေထိုင်ခဲ့ကြပြီး ဂျပန်ခေတ် က ဒီအိမ်ကြီးရဲ့ မြေတိုက်ခန်းဟာ ကင်ပေတိုင်တွေရဲ့ အချုပ်ခန်းဖြစ်ခဲ့တယ်လို့ သိမှီခဲ့တဲ့ လူကြီးတွေရဲ့ စကားအရ သိရပါ တယ်။ အခုတိုင်လည်း ဒီအိမ်ကြီး ရှိလိမ့်အုံးမယ်လို့ မျှော်လင့်ရပါတယ်။

ဟိုတုန်းကတော့ တောင်တက်လမ်းဟာ လူသူကင်းပြီး ငှက်မြည်သံ၊ ဘုတ်အီသံ၊ ရှဉ့်လေးတွေရဲ့ အသံ၊ လေတိုးသံတွေကိုပဲ ကြားရကာ တခါတရံမှသာ တောင်ပေါ်တက်လာတဲ့ ကားသံတွေပဲ ကြားရမှာဖြစ်ပါတယ်။

အဲဒီကနေ ဆက်တက်လာရင် သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေနေထိုင်တဲ့ အစိမ်းရောင် သစ်သားအိမ်လေး နှစ်လုံး အလွန် တောင်ကွေ့တနေရာမှာ ကိုလိုနီခေတ်လက်ရာ နောက်ထပ်အိမ်မဲကြီး တလုံးကို ဘွားကနဲ ထပ်မံ တွေ့ရပါလိမ့်မယ်၊ ဖြောင့် ဖြူးနေတဲ့ ခြံအဝင် မြေလမ်းဟာ အိမ်ကြီးရဲ့ ဆင်ဝင်ကြီးအောက်ကို တိုးလျိုး ပေါက်ခဲ့တာပေါ့။

အဲ့ဒီအိမ်ကြီးမှာ ပြည်မြို့ကို အုပ်ချုပ်ခဲ့တဲ့ နယ်ပိုင်ကြီးတချို့ နေထိုင်ခဲ့ပြီး နောက်ဆုံး နေခဲ့တဲ့ နယ်ပိုင်ကြီးက ဦးမင်းစိန်ပါ။ ၁၉၈၀ ခုနှစ်လောက်မှာ ပြည်မြို့ က ပြောင်းသွားကတည်းက ဒီအိမ်ကြီးမှာ ဘယ်သူမှ မနေတော့ပဲ၊ ၁၉၈၈ နောက်ပိုင်းမှာ တော့ ဒီအိမ်ကြီးမှာ တခြားသော ဌာနဆိုင်ရာအရာရှိတွေ ပြန်လည် လာရောက်နေထိုင်တာကို တွေ့ရပါတယ်။

ဒီအိမ်ကြီးထဲက ပြောင်လက်အောင် တိုက်ထားတဲ့ လျှာထိုးခင်း ကြမ်းပြင်၊ ၂ x ၁လက်မ သစ်သားလျှာထိုးမျက်နှာကျက်နဲ့ ၊ မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ ကြေးပန်ကာကြီးတို့ဟာ ကိုလိုနီခေတ်က အရာရှိကြီးတွေ ဘယ်လိုနေထိုင်ခဲ့တယ် ဆိုတာကို ပြနေသလိုပါပဲ။

ဒီအိမ်ကြီးရဲ့ အထက် တောင်ခါးပန်းအကွေ့တနေရာကနေ လှမ်းကြည့်ရင် လှပတဲ့ ဧရာဝတီမြစ်ကြီးကို စတင်မြင်ရမှာဖြစ်ပြီး၊ အထူးသဖြင့် အနောက်မြောက်ဘက်မှာရှိတဲ့ ဖိုးဦးတောင်တန်းရယ် စတုထ္တမြစ်ကျဉ်းရယ်ကိုပေါ့။

ဝန်ချတောင်အနီးမှ ထိန်းသိမ်းသူမဲ့နေသည့် ရှေးဟောင်းအိမ်ကြီး(ကိုပြည့်)

အဲဒီနေရာက ကျော်ရင်ဖြင့် လမ်းနှစ်ခွကို ရောက်မှာပါ၊ တလမ်းကတော့ ဗေဒါရီဂူနဲ့ အလောင်းတော်ကဿဖ ဘုန်းကြီး ကျောင်းကို သွားနိုင်သလို တလမ်းကတော့ ဝန်ချတောင်၊ ယုန်ဖြူတောင်၊ စကားတောင်၊ ကြက်တင်းတောင် စတဲ့နေရာ တွေကို ရောက်နိုင်ပါတယ်။

လမ်းခွဲနှစ်ခုကို စီးမိုးနေတဲ့ တောင်ထိပ်မှာတော့ ပြည်ခရိုင်သားတွေကြား နာမည်ကြီးခဲ့တဲ့ ထောက်လှမ်းရေး စခန်း သစ်သားအိမ်လေး နှစ်လုံးကို တွေ့မှာပါ။ ထောက်လှမ်းရေးခေတ်ကတော့ တောင်ပေါ်က ခေါ်တယ်ဆိုရင် အားလုံး တုန်လှုပ်သွားလေ့ ရှိတဲ့ နေရာပါ။ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသား များစွာကို နှိပ်စက်ခဲ့ကြတာပေါ့။

လမ်းနှစ်ခွအရောက် ဗေဒါရီဂူသို့ ဆိုတဲ့ လမ်းခွဲအတိုင်း ဆက်သွားရင် ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်ရုံ(ဒါက ၁၉၈၈ နောက်ပိုင်းမှ ဆောက်တာပါ)ကို ရောက်မယ်၊ ဒါကို ကျော်ရင်ဖြင့် စစ်ကြိုခေတ်ကို မီခဲ့တဲ့ လူကြီးတွေ ပြောပြချက် အရသိရတဲ့ စတီးဘရားသားကုမ္ပဏီရဲ့ သစ်ထုတ်ရေးရုံးနေရာကို ရောက်မှာပါ။

ဒဏ္ဍာရီလာ ဗေဒါရီ အသွား လမ်းညွှန်(ကိုပြည့်)

ရှေးလူကြီးတွေရဲ့ စကားတွေကို ထောက်ချင့်ပြီးဆိုရရင် စတီးဘရားသားကုမ္ပဏီဟာ ပြည်မြို့ လူနေရပ်ကွက်အတွင်းမှာ ရုံးမစိုက်ဘဲ မင်းကြီးတောင်ပေါ်မှာ ရုံးသီးသန့် ဖွင့်ခဲ့တယ်လို့ ယူဆရမှာပါ။ ဒါကြောင့်လည်း မျက်နှာဖြူတွေအတွက် တွေ့ဆုံ မိတ်သဟာယ ဖွဲ့ကြတဲ့ သူတို့အတွက် သီးသန့်ကလပ်ဟာလည်း မင်းကြီးတောင်ပေါ်မှာပဲ ရှိမယ်လို့ ယုံကြည် ရပါတယ်။

စတီဘရားသားရုံး အလွန် ကတ္တရာလမ်း အဆုံးမှာ တပြည်သူ မရွှေထား ဇတ်ကား ရိုက်ခဲ့တဲ့ အိမ်ကြီး(Villa)ဆီကို ရောက် ပါပြီ။

တကယ်တော့ ဒီအိမ်ကြီးတည်ရှိတဲ့ တောင်ကုန်းဟာ ပြည်သရေခေတ္တရာသမိုင်းနဲ့လည်း ဆက်စပ်နေပါတယ်။ အိမ်ကြီးရဲ့ အောက် ဘက်လျှိုထဲမှာ တော့ သရေခေတ္တရာရာဇဝင်မှာ ထင်ရှားတဲ့ တကောင်းပြည်က ခေပဒူတ ရှင်ရသေ့ကြီးနဲ့ သမီးဖြစ်သူ သမင်မျက်လုံးပိုင်ရှင် ဗေဒါရီတို့ နေထိုင်တဲ့ ကျောင်းသင်္ခန်းလို့ ဆိုရမယ့် ဂူရှိပါတယ်။

Mythလို့ ခေါ်တဲ့ ဒဏ္ဍာရီအရတော့လူနဲ့ သမင်မ ကိုယ်လက်မနှီးနှောရပါပဲ ကျင်ငယ်ရေကိုသောက်လို့ မွေးခဲ့ရတယ်ဆိုတဲ့ ဗေဒါရီဟာ ဒီဂူကနေ ဧရာဝတီမြစ်ကို ဆင်းကာ ရေခပ်ခဲ့တာပေါ့။ ဒီလိုနဲ့ တနေကုန် ရေခပ်ဆင်းရင်း တနေ့မှာ မြစ်ရိုး အတိုင်း တကောင်းပြည်က စုန်ဆင်းလာတဲ့ မျက်မမြင် မဟာသမ္ဘဝ၊ စူဠာသမ္ဘ၀ ညီနောင်နဲ့ တွေ့ကာ အကိုဖြစ်သူ မဟာသမ္ဘဝနဲ့ ပေါင်းဖက်ရင်း “သီရိခေတ္တရာဆိုတဲ့ ကျက်သရေရှိတဲ့ လယ်ယာနိုင်ငံ”ကို တည်ခဲ့သူ ဒွတ္တပေါင်ဘုရင်ကို မွေးဖွားခဲ့တာပါ။

ဗေဒါရီရဲ့ ကျောင်းသင်္ခန်းဂူ အပေါ်မှာ ဒီအိမ်ကြီးကို ဆောက်လုပ်ထားတာပါ။ ဂူပေါက်၀ လျှိုပြန့်မှာတော့ အရင်က တင်းနစ် ကုတ်တခု ရှိလေရဲ့၊ ဂေါက်သီးကစားတာ ခေတ်မစားသေးတဲ့ ကိုလိုနီခေတ်မှာတော့ ဗေဒါရီဂူဝက တင်းနစ်ကွင်းမှာ မျက်နှာဖြူ မိုးကျရွှေကိုယ်တွေရဲ့ ဆိုရှယ်လို့ခေါ်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး လုပ်ခဲ့တဲ့ ပုံပါပဲ။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ ကလေး၀တောရဆိုပြီး အဲဒီ တင်းနစ်ကုတ်ပေါ်မှာ ဘုန်းကြီးကျောင်း လာဆောက်တော့ တင်းနစ်ကွင်းလည်း ပျောက်ခဲ့ရတာပေါ့။ အဲဒီကတည်းက ဗေဒါရီဂူလည်း မှေးမှိန်ပြီး အဲဒီအိမ်ကြီးကိုလည်း စစ်တပ်က သိမ်းယူခဲ့ပါတယ်။

ဘာပဲပြောပြော စစ်အစိုးရလက်ထက် “တည်ဆောက်ပြုပြင် မြန်ပြည်တခွင်”ဆိုတဲ့ ဆောင်ပုဒ်အရ အဟောင်းဖြို အသစ် ဆောက်နေတဲ့ အချိန်မှာ တပြည်သူမရွှေထား ရိုက်ကူးခဲ့တဲ့ ကိုလိုနီခေတ် Villa ကြီးကတော့ အဖျက်အဆီး မခံရတာက အမှတ်မထင်ပဲ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါပဲ။

ဒါ့အပြင် ဟိုတုန်းကတော့ တပြည်သူ မရွှေထား ရိုက်ကူးတဲ့ အိမ်ကြီးရဲ့ တဖက်က ကုန်းပေါ်မှာ လူမနေတဲ့ ကိုလိုနီခေတ် လက်ရာ တိုက်ဝါကြီး တလုံးလည်း ရှိပါသေးတယ်၊ သူကတော့ အတွင်းဘက် ချောင်ကျကျမှာ ရှိပြီး စစ်တပ်က သိမ်းယူကာ စစ်သားစုဆောင်းရေး အဆောက်အအုံအဖြစ် အသုံးချခဲ့ကြတယ်။

ဒီအိမ်ကြီးတွေလိုပဲ အိမ်နီကြီးလို့ ခေါ်ခဲ့ကြတဲ့ ကိုလိုနီခေတ် အိမ်ကြီးတလုံး အကြောင်းကို ပြောပြချင်ပါသေးတယ်၊ ဝန်ချ တောင်သွားတဲ့ လမ်းပေါ်က ကုန်းမြင့်ပေါ်မှာ ဆောက်ထားတဲ့ အနီရောင် အုတ်ကြွပ်မိုးထားတဲ့ အိမ်ကြီးကို အားလုံးက အိမ်နီကြီးလို့ ခေါ်ကြပါတယ်။

ပြတင်းပေါက်ပေါင်း ၉၀ကျော် ထည့်သွင်းတည်ဆောက်ထားတဲ့ အိမ်နီကြီးဟာ ရွှေဆံတော်ဘုရားတည်ရှိရာ သုဒဿန တောင်နဲ့ အနီးကပ်တည်ရှိပြီး ဧရာဝတီမြစ်ကို စီးမိုးမြင်နေရကာ အင်္ဂလန် တောပိုင်းရပ်က အိမ်ကြီးတွေလိုပဲ၊ မြေလတ် ဆောင်းရဲ့ ဒဏ် ခံနိုင်အောင် မီးလင်းဖိုကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

မင်းကြီးတောင်အောက် လူနေရပ်ကွက်မှ ကြည့်လိုက်ပါက တောင်ထိပ်က အိမ်နီကြီးကို ထီးထီးချည်း မြင်ရမှာဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတာကြောင့် ထင်းခွေ၊ တောလည်တဲ့ လူအများက လွဲပြီး သွားလာသူနည်းပါတယ်။

အိမ်နီကြီးအနီး တောမီးလောင်ရင် ရပ်ကွက်လူထုက ငှက်ပျောရွက်တွေ၊ ရေစွတ်ထားတဲ့ ဂုန်နီအိတ်တွေနဲ့ ရိုက်ကာ ငြိမ်းသတ် ကာကွယ်ခဲ့ကြပေမယ့် ၁၉၈၅ ခုနှစ် ခန့်မှာတော့ မဆလ အစိုးရက မြို့ရေပေးရေး စီမံကိန်းအတွက် ရေလှောင်ကန် ဆောက်ဖို့ ဆိုကာ အကြောင်းမလှစွာပဲ ဖြိုဖျက်ခံလိုက်ရပါတယ်။

ဒီရှေးဟောင်းအိမ်ကြီးသာ ကွယ်ပျောက်သွားခဲ့ရပေမယ့် ဖွတ်မရ ဓားမဆုံးဆိုသလို မြို့ရေပေး ရေး စီမံကိန်းလည်း ဖြစ်မလာခဲ့ပါ။

ဒီအိမ်နီကြီးရဲ့ ဟိုဘက်တကွေ့ ဝန်ချတောင်နားမှာလည်း မီးခိုရောင်အိမ်ကြီးတလုံးရှိပါသေးတယ်၊ ဒီအိမ်ကြီးကို တချို့က တပြည်သူ မရွှေထား ရိုက်ကူးခဲ့တဲ့ Villa ကြီးနဲ့ မှားတတ်ကြပါတယ်။ ဒီမီးခိုးရောင် အိမ်ကြီးမှာ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် အစပိုင်း ၁၉၇၅ခုနှစ်ခန့်က ပြည်မြို့နယ် နယ်မြေလုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးသာလှိုင်(တပ်မတော်-လေ) နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တပ်မ ၆၆က ဗျူဟာမှူး တချို့ ပြောင်းရွေ့ နေထိုင်မှုတွေ ရှိခဲ့ပေမယ့် နဝတခေတ်မှာတော့ ခြံစောင့်တွေ သာထားကြပါတော့တယ်။ အခုနောက်ပိုင်းတော့ ထိန်းသိမ်းသူကင်းမဲ့နေတဲ့ ဒီအိမ်ကြီးရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် မျက်နှာစာမှာ မြင်တွေ့လာရပါတယ်။

တကယ်တော့ ပြည်မြို့ဟာ Animal Farm တို့ Nineteen Eighty-Four တို့လို စာအုပ်တွေကို ရေးသွားတဲ့ နာမည်ကျော် စာရေးဆရာ ဂျော့ချ်အိုဝဲလ်နေသွားတဲ့ စစ်ကိုင်းတိုင်း ကသာမြို့လေးလိုပဲ ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံတွေ ပေါတဲ့မြို့လေးပါ။

ဒီမြို့နှစ်မြို့ရဲ့ တူညီမှုက ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိနေပြီး လှပတဲ့ သင်္ဘောဆိပ်တွေကို ပိုင်ဆိုင်ထားသလို ရေလမ်း၊ ကားလမ်း၊ ရထားလမ်းဆုံရာ မြို့တွေဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ကသာမြို့သူမြို့သားတွေ ကိုယ်တိုင်ဦးစီးပြီး ကိုလိုနီခေတ် အဆောက်အအုံတွေကို တတ်နိုင် သမျှ စွမ်းပကားနဲ့ ထိန်းသိမ်းထားသလို ဒုတိယကမ္ဘာစစ်က စစ်မြေပြင်နေရာတွေကို ရှာဖွေဖော်ထုတ် ပြသကာ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်အောင် စွဲဆောင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး မီးရထားလမ်း ဖောက်လုပ်ခဲ့တဲ့ ပြည်မြို့လေးမှာလည်း ကိုလိုနီခေတ် အဆောက်အအုံတွေသာ ကျန်ရှိရုံမက ၁၈၅၇ ခုနှစ်က ဂျာမန်လူမျိုး သစ်တောပညာရှင် ဒေါက်တာ ဘရန်းဒစ် စိုက်ပျိုးခဲ့တဲ့ နှစ် ၁၆၀ကျော်ပြီဖြစ်တဲ့ လက်ကျန် ကျွန်းပင်ကြီးတချို့ကိုလည်း မင်းကြီးတောင်ခြေက မိချောင်းရဲ ရွှေကျွန်းတော ကြိုးဝိုင်းမှာ တွေ့မြင်နိုင်ပါတယ်။

ဂျာမန်ရုက္ခဗေဒ ပညာရှင် ဒေါက်တာဘရန်ဒစ် စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း(ဧရာဝတီ)

ဒီမိချောင်းရဲ ရွှေကျွန်းတောဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဧရာဝတီမြစ်ကိုကူးကာ တောင်ကုတ်လမ်းကနေ ပြည်တော်ပြန် မယ့် အိန္ဒိယသားတွေ စစ်ပြေးစခန်းချခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်မြို့ဟာ ပျူခေတ်က သရေခေတ္တရာမြို့ဟောင်းကိုသာမက ကိုလိုနီခေတ်ရဲ့ အငွေ့အသက် ဒုတိယကမ္ဘာ စစ်ရဲ့ အငွေ့အသက်နေရာတွေ အဆောက်အအုံတွေလည်း ရှိနေတယ်လို့ ဆိုရမှာပါ၊ ဒါကြောင့်လည်း ထိန်းသိမ်းဖို့ လိုအပ် သလို မထိန်းသိမ်းနိုင်သေးရင်တောင်မှ စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။

Colonial House ဆိုတာက ဗြိတိသျှ နေမဝင်အင်ပါယာခေတ် သိမ်းပိုက်ခံ ကိုလိုနီနယ်များမှာ ရုံးထိုင်ဖို့၊ နေထိုင်ဖို့ တည် ဆောက်ခဲ့ကြတဲ့ နှစ်၁၀၀ကျော်သက်တမ်းရှိ ရှေးလက်ရာ အဆောက်အဦကြီးများ ဖြစ်ပြီး၊ ဒီအဆောက်အဦကြီးတွေရဲ့ သက်တမ်း၊ သမိုင်းကြောင်း၊ လက်ရာ စတာတွေဟာ ခေတ်စနစ်တခုကို ဖော်ပြနေသလို တချို့ ကမ္ဘာလှည့် ခရီးသွားတွေ အတွက်လည်း လေ့လာစရာ စားကျက်ကောင်းတခုဖြစ်တာကြောင့် နိုင်ငံတော်တော် များများမှာတော့ အမြတ်တနိုး ထိန်းသိမ်းထားလေ့ရှိပါတယ်။

မကြာသေးမီက ထိုင်းနိုင်ငံ ဖရေးပြည်နယ်မှာ ၁၂၇နှစ် သက်တမ်းရှိ ဘုံဘေဘားမားကုမ္ပဏီရဲ့ ကုန်သွယ်ရေးရုံး အဆောက် အအုံကြီးတလုံးကို အာဏာပိုင်တွေက ဖြိုဖျက်လိုက်တာကြောင့် ဒေသခံများရဲ့ စိတ်ဆိုးကန့်ကွက်မှုနဲ့ ကြုံခဲ့ရပါတယ်။

ဒါကြောင့်လည်း မြေလတ်ဒေသ ပြည်မြို့က ကိုလိုနီခေတ်လက်ရာ အဆောက်အအုံကြီးတွေဖြစ်တဲ့ မင်ကြီးတောင်ပေါ်က အိမ်ကြီးတွေနဲ့ မြိုထဲမှာရှိတဲ ငွေတိုက်၊ အုပ်ချုပ်ရေးရုံး၊ တရားရုံး၊ မြူနီစီပယ်ရုံးနဲ့ တခြားသော အဆောက်အအုံတွေကို မပျက်စီးခင် စောင့်ရှောက်ကြမယ်ဆိုရင် အချိန်မီသေးတယ်လို့ ဆိုချင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက် အသိအမှတ်ပြုထားတဲ့ ပျူမြို့ဟောင်း သရေခေတ္တရာ ရှေးဟောင်းအမွေအနှစ်ဇုန်ရဲ့ ဒု ညွှန်မှူး ဦးကျော်မျိုးဝင်းက မင်းကြီးတောင်ပေါ်က တပြည်သူမရွှေထား ရုပ်ရှင်ရိုက်ကူးရာ အိမ်ကြီးကို Historic Town Museum အဖြစ် ပြုလုပ်ထိန်းသိမ်းသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ရေးသား ထားတာကို တွေ့ရပါတယ်။ မင်းကြီးတောင်ပေါ်က အိမ်ကြီးတွေအတွက်တော့ ကောင်းတဲ့ လက္ခဏာလို့ ဆိုရမှာပါ။

ဒါပေမယ့် ဒီလိုထိန်းသိမ်းစောင့်ရှောက်မှုမျိုးက တဦးတယောက်ထဲ လုပ်ဆောင်ဖို့ထက် အားလုံး ဝိုင်းဝန်းပါဝင် လုပ်ဆောင် မယ်ဆိုရင် နောင်တချိန် ပြန်လည် ဖွံ့ဖြိုးလာမယ့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား- မင်းကြီးတောင်ပေါ်မှ အိမ်ကြီးဆီသို့(ခင်စောတင့်)

သီရိပျံချီ၊ စည်သူ၊ သရေစည်သူဦးဘဌေး၏ ဘ၀ဖြစ်စဉ်

ဇဝန၏ ဇဝန

Did you find apk for android? You can find new Free Android Games and apps.
Loading