Culture

ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု

၁။
ဆရာမောင်သာနိုး ဘာသာပြန်တဲ့ “နေရူဒါ ရဲ့ နေရူဒါ” စာအုပ်က ကျေနာ့်အဖို့ ဒုတိယအကြိမ် ပြည်ပြေးဘဝ ပထမဆုံး ဖတ်ဖြစ်တဲ့စာအုပ်ပါ။

စာအုပ်ကလေးကိုလှပ်၊ ဘာသာပြန်ဆိုသူရဲ့ အမှာစာကို ဖတ်တယ်ဆိုရင်ပဲ ချီလီမှာ ဗိုလ်ချုပ်ကြီးပီနိုချေး စစ်အာဏာ သိမ်းတော့ “ဖက်ဆစ်တွေတက်လာပြီ၊ ပြည်သူတွေ နည်းမျိုးစုံ ဆန့်ကျင်ကြ” လို့ ပြောခဲ့တဲ့ ချီလီကဗျာဆရာကြီး ပက်ပလို နေရူဒါရဲ့စကားကို ချက်ချင်းပဲ သတိရလာပါတယ်။

အမှာစာထဲမှာ “မင်မွာ” ဆိုတဲ့ စကားလုံးကိုတွေ့တော့ ဆရာမောင်သာနိုးစာတွေနဲ့ အမြဲတမ်း ရင်းနှီးနေသည့်တိုင် တချက်တော့ ငိုင်ပြီးစဉ်းစားလိုက်ရပါသေးတယ်။ နောက်တော့မှ “MEMOIRS” ကို ပြောတာပဲဆိုတာ သဘောပေါက်ပြီး ပြုံးဖြစ်အောင် ပြုံးမိပါတယ်။

နေရူဒါက သူ့ရဲ့စာအုပ်ထဲ ချီလီကောင်စစ်ဝန်အဖြစ် ရန်ကုန်မြို့ကို သွားရမယ့်အကြောင်းနဲ့ အစ ချီပြီးရေးတော့ သူ့ကဗျာတွေ စာတွေ စတင်ဖတ်ရှုခွင့် ရလာခဲ့တာကိုလည်း တဆက်တစပ်တည်း ပြန်တွေးမိပြန်ရော။

၁၉၉၂ ခုနှစ် ကျနော် မာနယ်ပလောကို ရောက်လာပါတယ်။ ရောက်ပြီး တနှစ်မရှိတရှိအချိန်မှာပဲ သံလွင်မြစ်ကမ်း စခန်း တခုမှာ နေထိုင်ပြီး လူချင်းမတွေ့ဘူးသေးတဲ့ ကဗျာဆရာမ မိဆူးပွင့်ဆီက စာအုပ်တအုပ် လူကြုံနဲ့ ရောက်လာပါတယ်။

မောင်သစ်တည်ဘာသာပြန်ဆိုထားတဲ့ နိုင်ငံတကာ ကဗျာရှည်သုံးပုဒ်စာအုပ်၊ မိတ္တူကူး ပြန်ချုပ်ပေးထားတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ ချီလီကဗျာဆရာကြီး ပက်ဘလို နေရူဒါရဲ့ “သစ်ခုတ်သမားနိုးကြားလော့” ကဗျာရှည်ပါလာတာ ဖတ်ရ တာပါ။

ဒါဟာ နေရူဒါရဲ့ ကဗျာတွေထဲက ကျေနာ့်အတွက် တကယ့်ကို စွဲစွဲခိုက်ခိုက် ဖြစ်စေတဲ့ကဗျာပါပဲ။

နေရူဒါက စာအုပ်ရဲ့အစပိုင်းမှာ ရန်ကုန်ကို ချီလီ ကောင်စစ်ဝန်အဖြစ် သွားရတော့မယ့် အကြောင်းနဲ့ နိဒါန်းပျိုးပြီး နောက် တော့ သင်္ဘောစီးခရီး၊ ရထားစီးခရီး အတွေ့အကြုံတွေကို ဆက်ရေးပါတယ်။ ပါရီကိုရောက်တယ်၊ ရှန်ဟိုင်းကိုရောက်တယ်။ ဂျပန်ကိုလည်း ရောက်တယ်၊ စင်ကာပူလည်း ရောက်တယ်။ နောက်တော့ သိင်္ဂုတ္တရကုန်းတော်ပေါ်က ရွှေတိဂုံဘုရားကြီး ထီးထီးမတ်မတ်ရှိရာ ရန်ကုန်မြို့ကို သူ ရောက်လာခဲ့ပါတယ်။

နေရူဒါဟာ ကဗျာဆရာပဲ။ သူ ရန်ကုန်ရောက်ချိန် ခေတ်ပြိုင်ဥရောပ ယဉ်ကျေးမှု အနေအထားက ကိုလိုနီနိုင်ငံသားတွေနဲ့ ရောရောယှက်ယှက်မနေသင့်ဘူးဆိုတဲ့ အယူအဆအပေါ် လုံးလုံးလျားလျား စိုက်ထူထားတာဖြစ်တယ်။

နေရူဒါက ကဗျာဆရာလေ။ သူက အဲဒီ ကိုလိုနီ ဥရောပ စိတ်နေစိတ်ထား ယဉ်ကျေးမှုကို မကြိုက်ဘူး။ လမ်းတကာ ဝင်ထွက်သွားလာတယ်။ ဗမာတွေနဲ့ပေါင်းသင်းတယ်၊ မိတ်ဖွဲ့တယ်။ အဲဒီမှာ သူ့ကို လူဖြူတွေက သပိတ်မှောက်ကြတယ်။ ဆက်ဆံရေး သိပ်မလုပ်ကြတော့ဘူး။ ဒီလိုနဲ့ ဗမာကောင်မလေးတယောက်နဲ့ ကြိုက်မိလာရတယ်။

ဒီအကြောင်းတွေ ဖတ်ရတော့ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ နေရူဒါတို့ဇနီးမောင်နှံ ချက်နိုင်ငံ ပရာဟာမြို့မှာဆုံတော့ နေရူဒါရဲ့ဇနီးက အဲဒီတုန်းက နေရူဒါက အချစ်ကဗျာတွေပဲ ရေးနေတာပါလို့ ရယ်ပွဲဖွဲ့ပြောခဲ့တာ သွားသတိရတယ် (ဒဂုန်တာရာရဲ့ ဧရာဝတီ ယန်စီ ဗော်လ်ဂါ စာအုပ်မှ …)။

နောက်တော့ နေရူဒါ ဗမာနိုင်ငံကနေ ပြန်သွားရတယ်။ အပြန်တရုပ်ပြည်မှာ သူ့ကိုစောင့်ကြိုနေတဲ့ ကဗျာဆရာကြီး အိုက်ချင့်နဲ့တွေ့တယ်တဲ့ (ဒီနေရာမှာ ဆရာမောင်သာနိုးက ဘာသာပြန်အပိုင်းတပိုင်း ရပ်လိုက်တယ်။ သူ့ ကနဦး ရေးထားချက်အရ သူက ဒီစာအုပ်ကို ကျနော်တို့နဲ့ ပတ်သက်တာလေးတွေ ကောက်နုတ် ပြန်ဆိုတာဖြစ်လို့ နောက်ထပ် အခန်းသပ်သပ်၊ ခေါင်းစဉ်သပ်သပ်ထားပြီး ပြန်ဆိုထားပါတယ်)။

၂။
နောက်တခန်းကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ရော။ ကဗျာရွတ်ခြင်းဖတ်ခြင်းရဲ့ တန်ခိုး … တဲ့။

ဒီနေရာမှာ ဆရာမောင်သာနိုးရဲ့ ကဗျာရွတ်ခြင်းနဲ့ ကဗျာဖတ်ခြင်းကို ကွဲပြားအောင် စာတပုဒ်ဝင်ရေးပေးထားပါတယ်။ ဒီနေရာမှာ အသံလွှင့်ဌာနကနေ ကဗျာဖတ်တာ၊ ရွတ်ဆိုတာ နှစ်ပေါင်း ဆယ်စုမက ရှိခဲ့ဖူးသူ ကျနော့်အဖို့ ကျေနပ် ရပြန်ရော။ ကျနော်က ကဗျာဖတ်တာနဲ့ ရွတ်ဆိုတာ မတူဘူးဆိုတာ ပိုပြီးကွဲပြားသွားရ တယ်လေ။

နေရူဒါက တကယ့်ကဗျာဆရာပါ။ အလုပ်သမားတွေ ပတ်လည်ဝိုင်းနေတဲ့ အခန်းတခန်းထဲ သူ့ရဲ့နှလုံးသားထဲက စပိန် ပြည်စာအုပ်ဖတ်ပြတာ ရေးတော့ ကျနော် အံ့သြထိတ်လန့် ကျေနပ်သွားရတယ်။ “ကျုပ်ကဗျာရဲ့အသံကပဲ ကျုပ်ကို ထိခိုက်စေတယ်၊ ကျုပ်ကဗျာတွေနဲ့ အဲဒီ အပစ်ပယ်ခံ ဝိညာဉ်တွေကို ဆက်သွယ်ပေးနေတဲ့ သံလိုက်စွမ်းအားကြောင့် တုန်လှုပ်မိတယ်” …လို့ ရေးလိုက်ပါတယ်။

ဒီစာပိုဒ်ကိုဖတ်ရတော့ ၂၀၀၇ ခုနှစ်ထဲ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုထဲ ကဗျာရွတ်ခဲ့တာကို ချက်ချင်း လွမ်းသွားရတယ်။ နေရူဒါရေးတာ မှန်ပါတယ်။ ကျနော်က “ပဉ္စလက်တောင်တန်း” ကဗျာရှည်ကို ရွတ်ဆိုပြီးလို့ ဘေးကပရိသတ်ကို ကြည့်တော့ အသက် ၅၀ ဝန်းကျင် ဒုက္ခသည်အမျိုးသမီးတဦး မျက်ရည်ကျနေတာကို တွေ့ခဲ့ရဖူးတာပဲလေ။

၃။
ဒီစာအုပ်နောက်ပိုင်းတစ်ခုလုံးရဲ့ လေးပုံသုံးပုံလောက်မှာ ဆရာမောင်သာနိုးက နေရူဒါနဲ့ ကဗျာဆိုပြီး အခန်း ၁၂ ခန်းခွဲ၊ ပြန်ဆိုထားတာတွေ့ရပါတယ်။ နေရူဒါ ဖြတ်သန်းကျင်လည်ရတဲ့ ဘဝများထဲက ကဗျာဆရာတွေ၊ ကဗျာတွေနဲ့ နိုင်ငံရေး သမားတွေအကြောင်း ရေးထားတာတွေပါ။

စာရေးဆရာ၊ ကဗျာဆရာတွေ သူတို့ရဲ့ အောက်မေ့ဖွယ်ရာ အတွေ့အကြုံကို စာပြန်ရေးကြတဲ့အထဲ ကျနော်အနှစ်သက်ဆုံး ကတော့ ဆရာမြ (စာရေးဆရာ မြသန်းတင့်) ဘာသာပြန်တဲ့ အာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ ဘဝ စာအုပ်ပါပဲ။

ပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ တိုက်ရိုက်ပတ်သက် နေတဲ့ နေရူဒါရဲ့ ဒီစာအုပ်ကိုလည်း နှစ်သက်ပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံသူ မိန်းကလေးတဦးနဲ့ ချစ်ခဲ့ကြိုက်ခဲ့တဲ့ ကမ္ဘာကျော် တော်လှန်ရေး ကဗျာဆရာကြီးရဲ့ ရောမန္တိက ချစ်ဇာတ်လမ်း လေး ပါနေလို့လည်း ပိုပြီး စိတ်လှုပ်ရှားမိပါတယ်။ နေရူဒါကလည်း သူ့ဘဝဟာ ရန်ကုန်မှာ စခဲ့တယ်၊ ဗမာပြည်မှာ စခဲ့တယ်လို့ ရေးခဲ့ဖူးတာပဲလေ။

ကမ္ဘာကျော် စာပေနိုဗဲလ်ဆုရှင်၊ တော်လှန်ရေးသမား ချီလီကဗျာဆရာကြီး ပက်ဘလို နေရူဒါဟာ ချီလီမှာ ရွေးကောက်ပွဲ အနိုင်ရပြီးတက်လာတဲ့ အရပ်သားအစိုးရ သမ္မတ အာရန်ဒေးကို သတ်ဖြတ်ပြီး တိုင်းပြည်အာဏာ သိမ်းယူသူ ဗိုလ်ချုပ်ကြီး ပီနိုချေးကို အပြင်းအထန် ဆန့်ကျင်ခဲ့သူပဲ။ ဖက်ဆစ်တွေ တက်လာပြီ၊ ဆန့်ကျင်ကြဆိုပြီး ချီလီပြည်သူတွေကို တပ်လှန့်ခဲ့ တာပဲ။ ဒါပေမယ့် သူ့ခမျာ အသက်အရွယ်ကြီးပြီ၊ ခြောက်ဆယ်ကျော် ခုနစ်ဆယ်နားနီးပြီလေ။ စစ်အာဏာသိမ်းပြီး ခြောက်လ အကြာမှာပဲ နေရူဒါလည်း ကွယ်လွန်ရပါတယ်။

ရူဒါရဲ့ ဒီ အမှတ်တရများ စာအုပ်ကို ဖတ်တော့ ကျနော်က ဒုတိယအကြိမ် ပြည်ပြေးဘဝခံယူတဲ့ ဆယ့်ငါးရက်မြောက် နေ့မှာပါ။ ဘယ် မေ့လို့ရနိုင်တော့မှာလဲဗျာ။ ။

စာအုပ်။ ။ နေရူဒါရဲ့ နေရူဒါ

ဘာသာပြန်ဆိုသူ။ ။ မောင်သာနိုး

ထုတ်ဝေသူ။ ။ ကွမ်းခြံလမ်းစာပေ

ထုတ်ဝေခုနှစ်။ ။ ပထမအကြိမ်၊ မေ ၂၀၁၈

မှတ်ချက် – ချီလီကဗျာဆရာကြီး နေရူဒါသည် ၁၉၇၁ ခုနှစ်တွင် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သူဖြစ်သည်။

Loading