Culture

ပုဂံရှေးဟောင်းဇုန်အတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေ

ယူနက်စကို အသိအမှတ်ပြု ကမာ္ဘ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ အုတ်တိုင်များ စိုက်ကာ မြေနေရာသတ်မှတ် ခြံခတ်ပြီးနောက် အဆောက်အအဦများ ဆောက်လုပ်လာခြင်းများ ရှိလာကြောင်း သိရသည်။

ဒေသခံများအဆိုအရ ဆောက်လုပ်နေသည့် နေရာများ စေတနာကြီး ဘုရားနှင့် ပုဂံမြို့သစ်ကြားရှိ ဒုတိယနန်းတော်ဟု အသိအမှတ်ပြုထားသည့် ကျောက်တံခါးနန်းတော် အနီး ဝန်းကျင်တွင် ပေ ၁၀၀ ပတ်လည် ခြံကွက်များကို ပုဂ္ဂလိကပိုင်၊ တဦးတယောက်ပိုင်အဖြစ် ခြံခတ်နေရာဦးမှုများလည်း မြင်တွေ့နေရကြောင်း ပြောသည်။

ပုဂံဒေသခံတဦးက “စေတနာကြီးနဲ့ ပုဂံမြိုသစ်အကြားမှာ ဝန်းခြံတွေ၊ အိမ်တွေ ဆောက်လုပ် နေကြတာပေါ့၊ လက်ရှိမှာက ခြံစည်းရိုးတွေ၊ ကျောက်တိုင်တွေ၊ သံဆူးကြိုးတွေ စိုက်ပြီး မြေနေရာ သတ်မှတ်တာမျိုးတွေ လုပ်နေကြတာ တွေ့ရတယ်”ဟု ဆိုသည်။

လတ်တလော အဆောက်အဦ မဆောက်သေးသဖြင့် မည်သည့် စီမံကိန်းဆိုသည်ကို မသိရသေးသော်လည်း ပုဂံဒေသ တွင် ယခင်ကတည်းကပင် အဆောက်အဦမှ ဆောက်လုပ်ခြင်းမရှိဘဲ ခြံဝန်းခတ်ထားသည့်မြေကွက်များ များစွာရှိနေ ကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

ထို့အတွက်လည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေ ပညာရှင်တဦးကလည်း ပုဂံကမာ္ဘ့အမွေအနှစ်ဒေသ၏ အဖိုးတန်ဆုံးနေရာဖြစ်သော စေတနာကြီးနှင့် ပုဂံမြို့သစ်အကြားတွင် ခြံခတ်ခြင်း၊ အိမ်များ ဆောက်လုပ်ရန် ကြိုးပမ်း နေမှု တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် စီးပွားရေး သမားများသာမက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများပင် ရှုပ်ရှုပ်ထွေးထွေး ပါဝင်ပတ်သက်နေသဖြင့် ရှေးဟောင်း အမွေအနှစ်များ အန္တရာယ် မကျရောက်စေရေးအတွက် ထိန်းသိမ်းပေးကြရန် တိုက်တွန်းထားသည်။

၁၉၈၈ နောက်ပိုင်းကာလများကတည်းက ပုဂံဒေသတွင် ပုဂ္ဂလိက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက နည်းလမ်း အမျိုးမျိုးဖြင့် ခြံဝန်းခတ်ခြင်း၊ အဆောက်အအုံများ ပြုလုပ်ခြင်းများ ရှိနေပြီး နိုင်ငံရေး မတည်ငြိမ်သည့် ကာလများတွင် ယခုကဲ့သို့ အခြေအနေမျိုးများ ကြုံတွေ့လေ့ရှိကြောင်းလည်း လေ့လာသူများကဆိုသည်။

ပုဂံချစ်သူများအဖွဲ့က ပြုစုထားသော စာရင်းများအရ ပုဂံရှေးဟောင်းနယ်မြေတွင် ခြံခတ်ခြင်း၊ အဆောက်အအုံ ဆောက် လုပ်ခြင်းများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြခြင်းကြောင့် ပုဂံကမာ္ဘ့အမွေအနှစ်ဒေသ အဖိုးတန်ဆုံးနေရာများတွင် ခြံဝင်းကြီးပေါင်း ၅၀ ကျော်ထိ ရှိခဲ့လာပြီဖြစ်သလို ယင်းခြံဝင်းများအတွင်းရောက်ရှိသွားသော ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု ဘုရား၊ စေတီ၊ ပုထိုးများမှာ ၂၀၀ ဝန်းကျင်ခန့်ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းများတွင် အရှေ့ဖွားစောရပ်ရှိ ဟိုတယ်နှင့် ဘုရား ၂၄ ဆူကို ခြံခတ်ထားသည့် ဧဒင်အုပ်စုကုမ္ပဏီ၏ ဟိုတယ် လုပ်ငန်းစီမံချက်အပြင် ဘုရား ၁ ဆူနှင့် အုတ်ကျောင်း ၅ ဆူကို ခြံခတ်ထားပြီး နိုင်ငံသားတဦးကို နာမည်ခံခိုင်းကာ ပြင်သစ်နိုင်ငံသူတဦး ဝယ်ယူထားသည့် ခြံဝင်းလည်း ပါဝင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြုစုထားသည့် စာရင်းအရသိရသည်။

ပုဂံဒေသခံတဦးက “ဒါတွေက အရင့်အရင် အစိုးရ လက်ထက်တွေကတည်းက ရှိခဲ့တာ။ အခုမှ ထလုပ်ကြတာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက တခြားနည်း သုံးစွဲခွင့်တွေ၊ ခွင့်ပြုမိန့်တွေ ပေးခဲ့ပြီးသားတွေ နိုင်ငံရေး အခြေအနေ မတည်ငြိမ်တာက တကြောင်း၊ စီးပွားရေး မကောင်းတာက တကြောင်းနဲ့ မဆောက်ကြတာ” ဟု ပြောသည်။

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းကတည်းကပင် စစ်အစိုးရသည် ပုဂံမြို့ဟောင်းအတွင်း ဟိုတယ်များကို တည်ဆောက်ခွင့် ပြုခဲ့သည်။ အချို့ဟိုတယ်များသည် ရှေးဟောင်း ဘုရားကျောင်းကန်များနှင့် အလွန်နီးကပ်စွာ ရှိနေသလို၊ အချို့ဟိုတယ် များသည် ရှေးဟောင်း စေတီပုထိုးများကို ထည့်သွင်းခြံခတ်ပြီး တည်ဆောက်မှုများလည်း ရှိခဲ့သည်။

ယင်းကဲ့သို့ ယခင်ကာလကတည်းက အာဏာသိမ်း စစ်ဗိုလ်ချုပ်များ လုပ်ဆောင်ခဲ့သည့် အကျိုးဆက်များကြောင့် ခြံခတ်ခြင်း၊ အဆောက်အဦးဆောက်ခြင်းများမှာ ယနေ့အချိန်အထိလည်း ဆက်လက် ဖြစ်ပေါ်နေပြီး ယင်းကိစ္စရပ်များ ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ပုဂံအခြေစိုက် အရပ်ဘက် အဖွဲ့အစည်း တခုက သုံးသပ်သည်။

ဥပမာအားဖြင့် အလယ်ပိုင်း စစ်ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ်တင်ငွေလက်ထက်တွင် ဝက်ကြီးအင်းကို ရပ်ကွက်အဖြစ် သတ်မှတ်လိုက်သောကြောင့် ရက်ကွက် အနေဖြင့် ခြံဝန်းများ ခတ်ကြသည့်အခါ ယင်းနေရာရှိ ရှေးဟောင်းအမွေအနှစ်များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် ကမာ္ဘ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အဆိုပါဒေသသည် နိုင်ငံတကာ စာချုပ် စည်းမျဉ်းများအရ တရားဝင် ကာကွယ်စောင့်ရှောက်မှုကို ခံရမည်ဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် ယူနက်စကို၏ အခန်းကဏ္ဍမှာ မှေးမှိန်လျှက် ရှိသည်။

ပုဂံချစ်သူများအဖွဲ့က တာဝန်ရှိသူတဦးက “ယူနက်စကိုကလည်း သွေးအေးလွန်းနေတယ်၊ သူတို့ရဲ့ ပါဝင်ပတ်သက်မှု အခန်း ကဏ္ဍ ဘာမှ မတွေ့ရဘူး။ ယူနက်စကိုက နည်းပညာတွေ၊ ငွေကြေး အင်အားတွေ ကူညီပံ့ပိုးတဲ့အပြင် ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ မျှော်လင့်ကြီးစွာနဲ့ ပျော်ခဲ့ကြပေမယ့် လက်ရှိကမာ္ဘ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရ တာဟာ အခုတော့ ရွှေရည်စိမ်ယူနက်စကို ဖြစ်နေပါတယ်”ဟု ဆိုသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများ တွင်လည်း မြေနေရာ သတ်မှတ် ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် ပေ ၁၂၀ အကွာအဝေးတွင် သတ်မှတ်မြေအနက်တူးခြင်း၊ သတ်မှတ်ပေအမြင့် အတိုင်းအတာဖြင့်သာ ဆောက်လုပ်ရမည်ဟု ပြဌာန်းထားသည်။

ယခုကဲ့သို့ ခြံဝင်းခတ်ခြင်းနှင့် အဆောက်အဦး ဆောက်လုပ်ခြင်းများကို ရှေးဟောင်းသုတေသနဌာန အနေဖြင့် ခွင့်‌ပြု မထားသည့်အပြင် ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိကာ လိုအပ်ပါက ဥပဒေ၊ နည်းဥပဒေများနှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှုး ဦးကျော်မျိုးဝင်းက ပြောသည်။

“ကျနော်တို့ဌာနအနေနဲ့ ဘာမှ ခွင့်ပြုစရာအကြောင်း မရှိဘူး၊ အခြားနည်းလည်း မပေးဘူး၊ ကမာ္ဘ့ အမွေအနှစ်ရပြီး ကတည်း က ဇုန်ထဲမှာ ရှိနေတဲ့ လယ်ယာမြေတွေအားလုံးကို အခြားနည်း သုံးစွဲခွင့် လုံး၀ မပေးတော့ဘူး၊ သဘောထားမှတ်ချက် တောင်းခံလာရင်လည်း လုံးဝကို ကန့်ကွက်ထားပြီးသားပါ၊ ဆက်ပြီး ခြံစည်ရိုးကာတယ်၊ အဆောက်အဦ ဆောက်တယ်ဆို ရင် ဥပဒေ၊ နည်းဥပဒေတွေအရ တရားစွဲသွားမယ်”ဟု ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း ပုဂ္ဂလိက နေရာဦးမှုများသာမက သဗ္ဗညုဘုရားကို ထိန်းသိမ်းစောင့် ရှောက်ရန်ဟု အကြောင်းပြကာ တရုတ်ကုမ္ပဏီတခုက နန်းတော်နေရာအတွင်း ရုံးခန်း ဖွင့်လှစ်ထားမှုလည်း ရှိနေကြောင်း သိရသည်။

ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက စစ်ကောင်စီကို ကန့်ကွက်ပြောဆိုခဲ့သော်လည်း ယင်းသို့ ပြင်ဆင်ရန် စာချုပ်ကို NLD လက်ထက်က ချုပ်ဆိုခဲ့ခြင်းကြောင့် ဖျက်သိမ်းမရဟုဆိုကာ ၂၀၂၂ ခုနှစ် အောက်တိုဘာမှစကာ ရွှေဂူကြီး စတုတ္ထနန်းတော်အနီးရုံးခန်း ဖွင့်လှစ်ကာ မြေဖို့ခြင်းလုပ်ငန်းများကို စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသခံ တဦးက “၂၀၁၇ တုန်းက စာချုပ်ခဲ့တာ တရုတ်နဲ့ မြန်မာနဲ့။သဗ္ဗညုဘုရားကြီးကို တရုတ်နိုင်ငံက ပြုပြင်ထိန်း သိမ်း ဖို့ စာချုပ်။ အဲဒါက အခုကျမှ အကောင်အထည်ဖော်တယ်။စကစ က ဘာပြောလဲ ဆိုတော့ ကျနော်တို့ ခွင့်ပြုတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ လက်မှတ်ထိုးပြီးသား ဆိုတော့ ဖျက်သိမ်းလို့ မရတော့ဘူးတဲ့”ဟု ဆိုသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD )အစိုးရ လက်ထက်တွင် အိန္ဒိယက ပညာရှင်များ အာနန္ဒာ ဘုရား ကြီးကို ပြင်ဆင်ရာတွင် ရှေးဟောင်းသုတေသနက ဆောက်ထားသည့် ဝန်ကြီးများ ရိပ်သာ၊ ဝန်ထမ်းအိမ်ယာများတွင်သာ နှစ်ရှည်နေထိုင် ပြင်ဆင်သွားခဲ့သည်။

ကမာ္ဘလှည့်ခရီးသွားများ အများဆုံးလာလေ့ရှိသည့် ပုဂံ ရှေးဟောင်းဒေသတွင် ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက် ထား သော ဘုရားပုထိုးစေတီပေါင်း ၃၀၀၀ ကျော်ရှိသည်။

You may also like these stories:

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

COVID-19 ရဲ့ ရိုက်ခတ်မှုအောက်က ပုဂံဒေသ

ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ

တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ

Loading