တိုကျိုအခြေစိုက် Stardust Promotion အန်တာတိန်းမန့်ကုမ္ပဏီမှ မြေတောင်မြှောက်ပေးခဲ့တဲ့ PrizmaX အဖွဲ့ဟာ အနုပညာကို ရူးသွပ်ကြတဲ့ အမျိုးသားလူငယ် ၅ ဦး ပါဝင်တဲ့ ဂျပန် ပေါ့ပ်ဂီတ ဖျော်ဖြေရေး အဖွဲ့တဖွဲ့ ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာတော့ Wonder☆Wown ဆိုတဲ့ အမည်နဲ့ အဖွဲ့ဝင် ၄ ဦးသာ ပါဝင်ဖွဲ့စည်းထားပြီး နောက်ပိုင်းမှ အဖွဲ့ဝင် ၁ ဦးတိုးကာ PrizmaX ဆိုတဲ့ အဖွဲ့အမည်ကို ပြောင်းလဲခဲ့တာပါ။
စတင်ဖွဲ့စည်းချိန်မှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေကတော့ Tim Kurosaki, Jin Sugiyama, Olivet Taylor နဲ့ Hickling Atayume တို့ပဲဖြစ်ကြပါတယ်။ အစပိုင်းမှာတော့ Stardust Promotion ရဲ့ စီစဉ်ပေးမှုနဲ့အတူ မြို့တွင်းဖျော်ဖြေပွဲများနဲ့ ရံဖန်ရံခါ ပြင်ပ ဖျော်ဖြေပွဲများကိုသာ ပြုလုပ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အဖွဲ့နာမည်ကို PrizmaX သို့ ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ အဖွဲ့သားများ ပြောင်းလဲမှု များရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ Clap လို့အမည်ရတဲ့ စီးရီးတခုမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ မြန်မာပရိသတ်များ “အဝင်း” လို့ ခေါ်ဝေါ်နေကြတဲ့ Win Morisaki (မိုရာဆာကီဝင်း)တယောက် PrizmaX အဖွဲ့သို့ ဝင်ရောက်လာပြီး ယခုအချိန်မှာတော့ Tim Kurokawa၊ Win Morisaki၊ Daiki Shimizu၊ Fuuki Fukumoto နဲ့ Tsubasa Shimada စတဲ့ အဖွဲ့ဝင်တွေနဲ့ PrizmaX အဖွဲ့ဟာ ရပ်တည်လာခဲ့ပါတယ်။
ပထမဆုံးသီချင်း အယ်လ်ဘမ်ကိုတော့ ၂၀၁၃ ခုနှစ် မတ်လမှာ ထွက်ရှိခဲ့ပြီး Mysterious Eyes/ Go! လို့ အမည်ရပါတယ်။ ဆက်လက်ပြီး ဒုတိယခြေလှမ်းဖြစ်တဲ့ Ready လို့အမည်ရတဲ့ တေးသီချင်းအယ်လ်ဘမ်ကိုလည်း ၂၀၁၃ ခုနှစ် အောက်တို ဘာလမှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မတ်လမှာတော့ တတိယ သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ Take Me ကို ထုတ်ဝေဖြန်ချိခဲ့ပါတယ်။ စတုတ္ထ အယ်လ်ဘမ်ဖြစ်တဲ့ Reborn ကို ၂၀၁၄ စက်တင်ဘာမှာ ဖြန့်ချိခဲ့ပါတယ်။ ပဉ္စမမြောက် တေးအယ်လ်ဘမ် Our Zone ကို ၂၀၁၅ မေလ မှာ ထွက်ရှိခဲ့ပြီး ပြည်ပဖျော်ဖြေမှုအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ပြီး ရန်ကုန်မြို့ Novotel Hotel မှာ ဖျော်ဖြေသွားခဲ့ပါတယ်။ ဒါဟာ PrizmaX အဖွဲ့ရဲ့ ပထမဆုံးပြည်ပဖျော်ဖြေမှုအဖြစ် မြန်မာနိုင်ငံမှာ ဖျော်ဖြေသွားခဲ့တာ လည်းဖြစ်ပါတယ်။
ခြောက်ခွေမြောက်အယ်လ်ဘမ် နဲ့ ခုနှစ်ခွေမြောက်အယ်လ်ဘမ်များဖြစ်ကြတဲ့ Lonely Summer Days နဲ့ Up<Up တို့ကို တော့ ၂၀၁၅ စက်တင်ဘာလ နဲ့ ၂၀၁၆ ဧပြီလတို့မှာ အသီးသီးဖြန့်ချိခဲ့ပြီး Up<Up အယ်လ်ဘမ်ရဲ့ အောင်မြင်မှုကတော့ Oricon Weekly Singles မှ ထုတ်ပြန်တဲ့ ဇယားမှာ နံပါတ် ၄ နေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
PrizmaX အဖွဲ့ဝင်တဦးလည်းဖြစ်သူ အဖွဲ့ရဲ့ Main Vocal နေရာမှာ အဓိကသီဆိုနေသူလည်းဖြစ်သူ လတ်တလော မြန်မာမိန်းကလေးများကြား ရေပန်းစားနှစ်ခြိုက်နေတဲ့ မြန်မာလူမျိုး “အဝင်း” လို့ ခေါ်ဆိုနေကြတဲ့ မိုရာဆာကီဝင်းနဲ့ ပတ်သက်လို့ အနည်းငယ်ဖော်ပြချင်ပါသေးတယ်။
အဝင်းကို ၁၉၉၀ သြဂုတ်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အခုဆိုရင် သူဟာ ၂၇ နှစ်ထဲ ဝင်လာပါပြီ။ အရပ်အမြင့်ကတော့ ၁၇၄ စင်တီမီတာ ( ၅ပေ ၈လက်မခွဲ ) ရှိပြီးတော့ O သွေး အမျိုးအစားကို ပိုင်ဆိုင်ထားပါတယ်။
အဝင်းဟာ ၁၀ နှစ်သားအထိ အဘွားဖြစ်သူနဲ့အတူ မြန်မာနိုင်ငံမှာပဲ နေထိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မိဘတွေနဲ့အတူ ဂျပန် နိုင်ငံမှာ အခြေချခဲ့ပါတယ်။ ထူးခြားတာက PrizmaX အဖွဲ့မှာ ကျန်အဖွဲ့ဝင် ၄ ဦးဟာ ဂျပန်သွေးပါဝင်ကြပြီး အဝင်း တစ်ဦး တည်းသာ မြန်မာမိသားစုက မွေားဖွားလာတဲ့ ဂျပန်သွေးမပါဝင်တဲ့သူတဦးပဲ ဖြစ်ပါတယ်။
သူဟာအဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ဝါသနာပါသူတဦးဖြစ်ပြီး ဂျပန်နိုင်ငံရှိ ရုပ်ရှင်ဇာတ်ကား တချို့မှာလည်း ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။
လတ်တလောမှာ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းရိုက်ကူးမယ့် “ဇာတိမြေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း မြန်မာသရုပ်ဆောင်များဖြစ်ကြတဲ့ ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဝင်းဟာ ၂၀၁၆ ခုနှစ် ဇွန်လမှာ ဒါရိုက်တာ Steven Spielburg ရိုက်ကူးခဲ့ပြီး Ready Player One လို့အမည်ရတဲ့ သိပ္ပံစွန့်စားခန်း ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါရုပ်ရှင်ကားကို အမေရိကန်နိုင်ငံ ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Warner Bro မှ ၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ တကမ္ဘာလုံးကို ပြသသွားမှာဖြစ်တဲ့အတွက် အဝင်းကို ချစ်တဲ့ ပရိသတ်များအတွက် သတင်းကောင်း အနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
Ref: Wikipedia
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။