ဦးကျော်သူပါဝင်သရုပ်ဆောင်ထားတဲ့ “ငဘ” ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံတွင် ကိုရီးယား စာတန်းထိုးပြီး ပြသခဲ့ရာ ပရိသတ်တော်တော်များများရဲ့ ကြိုက်နှစ်သက်ခြင်းခံခဲ့ရပြီး တောင်ကိုရီးယား ပရိသတ်ကပေးတဲ့ အကယ်ဒမီကို ရပြီလို့ ဦးကျော်သူက သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားပါတယ်။
“ငဘ တောင်ကိုရီးယားမှာအကယ်ဒမီရပြီ။ ငဘ ရုပ်ရှင်ဇာတ်ကားအား ယနေ့တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကျင်းပရာ အင်ချွန်းမြို့နှင့်ဟွာဆောင်းမြို့များတွင် ကိုရီးယားစာတန်းထိုး၍ပြသခဲ့ရာ ကြည့်ရှုသူအပေါင်းနှစ်ခြိုက်အားပေးခဲ့ပြီး မြန်မာပြည်သူလူထုလူငယ်များ၏ ချီးမြုင့်သော အကယ်ဒမီဆုအား ရရှိခဲ့ပါတယ်”လို့ ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားတာလည်း ဖြစ်ပါတယ်။
အဆိုပါ “ငဘ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကျင်းပရာ အင်ချွန်းမြို့နဲ့ ဟွာဆောင်းမြို့များမှာ ကိုရီးယားစာတန်းထိုးကာ ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ဦးကျော်သူက တောင်ကိုရီးယားနိုင်ငံရဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ ပိုစတာနဲ့ ပန်းအလှပြပွဲ ဖွင့်ပွဲတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကိုရီးယားလွတ်လပ်ရေးအတွက် အသက်စွန့်ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတဦးရဲ့မြေးဖြစ်သူ ပြတိုက်မှူးတို့နဲ့အတူ ယင်းပြတိုက်ဝန်းအတွင်းရှိခန်းမတွင် လွတ်လပ်ရေးနေ့ ဂုဏ်ပြုရုပ်ရှင်ပွဲတော်အား ဟိုချီမင်း ဗီယက်နမ်ရုပ်ရှင်ကားဖြင့် ဖွင့်လှစ်ပြသခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဦးကျော်သူရဲ့ တည်းခိုရာဟိုတယ်သို့ တောင်ကိုရီးယားနိုင်ငံ KBS သတင်းဌာနမှလည်း တစ်နာရီခန့် လာရောက်၍ ရုပ်ရှင်အကြောင်းများနဲ့ ပရဟိတအကြောင်းများ လာရောက်မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ CLOSING CEREMON တွင် “ငဘ” ရုပ်ရှင် ဇာတ်ကား ထပ်မံပြသမှာဖြစ်ပြီး ကိုရီးယားရှိ ပရိသတ်များနဲ့လည်း ထပ်မံတွေ့ဆုံကြမယ်လို့လည်း ပြောထားပါတယ်။
အဆိုပါ “ငဘ” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူနဲ့အတူ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ တို့လည်း အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)က ရိုက်ကူးပုံဖော်ထားကာ၂၀၁၇ ခုနှစ် ဇန်နဝါရီလပိုင်းက မြန်မာနိုင်ငံတွင် ရုံတင်ပြသခဲ့ပြီး ဖြစ်ပါတယ်။
“ငဘ” ရုပ်ရှင်ဇာတ်ကားဟာ အဖိနှိပ်ခံ တောင်သူလယ်သမားတွေရဲ့ ဘဝတွေကို ပုံဖော်ပြသထားတဲ့ဇာတ်ကားဖြစ်ပြီး စာရေးဆရာကြီး မောင်ထင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ “ငဘ” ဝတ္ထုကို ပြန်လည်အသက်သွင်း ရိုက်ကူးထားခြင်း လည်း ဖြစ်ပါတယ်။