တေးသံရှင် ရဲလေးရဲ့ ၅ ကြိမ်မြောက် ပြုလုပ်မယ့် တကိုယ်တော်ဖျော်ဖြေပွဲ ( My World My Fans My Show) ကို သူ့ရဲ့လေးကြိမ်မြောက်ဖျော်ဖြေပွဲအပြီး လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ရဲ့ ၅ ပွဲမြောက် တကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ပွဲနဲ့က ၅ နှစ်လောက်ကွာသွားပါတယ်။ ဒါပေမယ့် ကြားထဲမှာ ၃ နှစ်လောက်ကလည်း နည်းနည်းဟသွားခဲ့တာနဲ့ အချိန်ပြန်ယူ အားပြန်ယူပြီး အနုပညာဝမ်းစာ ပြန်ရှာရတာနဲ့ ၅ နှစ်လောက်ကြာသွားတာပါ” လို့ တေးသံရှင်ရဲလေးက ပြောပါတယ်။
အဆိုတော် ရဲလေးရဲ့ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြုလုပ်မယ့် တကိုယ်တော်ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီမှ စတင်ကာ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကတော့ Standard ၉၀၀၀ ကျပ်၊ VIP ၂၀၀၀၀ ကျပ်နဲ့ VVIP ၃၀၀၀၀ ကျပ်တို့ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးနေပြီလို့ သိရပါတယ်။
ရဲလေးက သူ့ရဲ့တကိုယ်တော်ဖျော်ဖြေပွဲများအနက် ၂ ပွဲကို Free Show အဖြစ်ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်မယ့်ပွဲကတော့ ၃ ကြိမ်မြောက် လက်မှတ်ရောင်းချပြီး ဖျော်ဖြေတဲ့ပွဲလည်းဖြစ်ပါတယ်။
ဒီပွဲမှာ ရဲလေးနဲ့အတူ ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်များကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိဘဲ ပရိသတ်များကို အံ့သြအောင်လုပ်ပြသွားမယ်လို့လည်း ပြောပါတယ်။
“အခုအပါအဝင် ၅ ပွဲမှာတော့ ၂ ပွဲက Free Show လုပ်ခဲ့တယ်။ ဒီတခါကတော့ ၃ ကြိမ်မြောက်လက်မှတ်ရောင်းတဲ့ ပွဲပေါ့နော်။ ဒီဇင်ဘာလ ၂ ရက်နေ့ စနေနေ့မှာ လုပ်မှာပါ။ အနုပညာရှင်များစွာ အနုပညာတင်ဆက်မှုများစွာနဲ့ အားကောင်းကောင်း တင်ဆက်မယ့်ပွဲဖြစ်ပါတယ်။ ပရိသတ်များလာရောက်ကြဖို့အတွက် ဖိတ်ခေါ်ပါတယ်” လို့ ရဲလေးက ပြောပါတယ်။
အဆိုတော် ရဲလေးဟာ တကိုယ်တော်တေးစီးရီးခွေ ၈ ခွေ ထွက်ရှိထားပြီး ၉ ခွေမြောက်ကိုလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ယခု ဒီဇင်ဘာလ ၂ ရက်နေ့တွင်ပြုလုပ်မယ့် သူ့ရဲ့တကိုယ်တော်ဖျော်ဖြေပွဲဟာ အနုပညာလောကနဲ့ ၃ နှစ် ဝေးကွာပြီးမှ ပြုလုပ်မယ့်ပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။