Entertainment

“သို့…ချစ်နေတုန်းပဲ” ဆိုတဲ့ အဆိုတော် ချမ်းချမ်း

လတ်တလော အိမ်ထောင်ရေးပြဿနာတွေနဲ့ ပရိသတ်နဲ့ မီဒီယာများအကြား အတော်လေးရေးပန်းစားနေတဲ့ အဆိုတော် ချမ်းချမ်းဟာ သူ့ရဲ့ လေးခွေမြောက် တကိုယ်တော် တေးစီးရီး ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တေးစီးရီးအမည်ကတော့ “သို့…ချစ်နေတုန်းပဲ” ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ပရိသတ်လက်ထဲကို ရောက်ရှိလာတော့မှာပါ။

“အစ်မက စီးရီးမထွက်တာ ၂ နှစ်ခွဲလောက်ကြာသွားပြီ။ မိသားစုတဖက် ကလေးတဖက်နဲ့ အားလုံးကိုညီမျှအောင် လုပ်ရတော့ တအားပင်ပန်းတယ်။ နောက်ကွယ်မှာ ကြိုးစားရတာတွေကို ဘယ်သူမှမမြင်ပေမယ့် ထွက်လာတဲ့အခါ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒက အစ်မ ပရိသတ်တွေရော အစ်မမှာရောရှိတယ်။ ထွက်လာရင်တော့ ကြိုက်ကြမယ်လို့ ထင်ပါတယ်” လို့ ချမ်းချမ်းက ပြောပါတယ်။

ချမ်းချမ်းရဲ့ အဆိုပါ တေးစီးရီးထဲတွင် သီချင်း ၁၃ ပုဒ်ထည့်သွင်းထားပြီး ကိုယ်ပိုင်သံစဉ်သီချင်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီ တေးစီးရီးရဲ့ နာမည်ပေးဖြစ်ပုံကို ချမ်းချမ်းက “စီးရီးခေါင်းစဉ်လေးကတော့ “သို့” ဆိုတာကတော့ အစ်မပရိသတ်ဆီကို အရောက်ပို့ပေးချင်တဲ့ ဆန္ဒလေးနဲ့ နှစ်တွေလည်းကြာပြီ။ သူတို့ဆီကို စာလေးတစောင်ပို့ပေးလိုက်တယ်ဆိုတဲ့ ပုံစံလေးပေါ့။ “ချစ်နေတုန်းပဲ” ကတော့ အခွေထဲမှာပါတဲ့ သီချင်းနာမည်လေးပါ” လို့ ချမ်းချမ်းက ပြောပါတယ်။

“သို့…ချစ်နေတုန်းပဲ” အခွေထဲက တေးသီချင်းများကို တေးရေးဆရာများအဖြစ် ဓိရာမိုရ်၊ အောင်ခြိမ့်၊ G Lay၊ Ngar ၊ DJ Linn Linn တို့က ရေးသားပေးထားပြီး စန္ဒီမြင့်လွင်က Featuring တွဲဖက်သီဆိုပေးထားပါတယ်။

ဒီ တေးစီးရီးကို M United Production မှ ဒီဇင်ဘာ ၉ ရက်နေ့တွင် ဖြန့်ချိပေးသွားမှာဖြစ်ပြီး အခွေပရိုမိုးရှင်းကိုလည်း အဆိုပါနေ့တွင် ပြုလုပ်နိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အဆိုတော် ချမ်းချမ်းဟာ Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲသို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး တကယ်ဆိုရင် အချစ်ပဲလိုတယ်၊ သိပ်ချစ်တယ် အရမ်းမုန်းတယ်နဲ့ အိပ်မက် ဆိုတဲ့ တကိုယ်တော်တေးစီးရီးများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတဦးလည်းဖြစ်ပါတယ်။

Loading