လာမယ့် ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆုရရှိသူများကို ယခင်နှစ်များက ရွှေသားကြယ် ၂ ကျပ်သားပေးရာမှ ယခုနှစ်တွင် ရွှေသားကြယ် ၅ ကျပ်သားစီ ဆုချီးမြှင့်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အသိပေးပြောကြားထားပါတယ်။
ဒါ့အပြင် တသက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက် ရွှေသားကြယ် ၅ ကျပ်သားအပြင် ထူးချွန်ဆုရရှိသူများအား သက်ရှိထင်ရှားရှိစဉ် ကာလတလျှောက် လစဉ် ချီးမြှင့်ငွေကျပ် ၅ သိန်းကိုပါ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆုချီးမြှင်းခြင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်များကို ရုပ်ရှင်အစည်းအရုံးနဲ့အတူ အဆိုပြုလွှာအောင်မြင်ခဲ့တဲ့ Forever Group နဲ့ ဆက်စပ်ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကယ်ဒမီပွဲ အခမ်းအနားအတွက် ခန့်မှန်းကုန်ကျစရိတ်ကိုတော့ ငွေကျပ် သိန်း ၃၀၀၀ သတ်မှတ်ထားပြီး အဆိုပါ ခန့်မှန်းကုန်ကျစရိတ်တွင် ရွှေသားကြယ်များရဲ့ ကုန်ကျစရိတ်များမပါဝင်သေးဘဲ ရွှေကြယ်များရဲ့ ကုန်ကျစရိတ်နဲ့ ပွဲတက်ရောက်သူများကို အစားအသောက်ကျွေးမွေးမယ့် ကုန်ကျစရိတ်များကိုတော့ Forever Group မှ သီးခြားကျခံ သုံးစွဲသွားမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာ့ရုပ်ရှင်ဆုချီးမြှင့်ခြင်း အခမ်းအနားကိုတော့ ၁၉၅၂ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပလျက်ရှိကာ ၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။