၂၀၁၇ ခုနှစ်ဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် နှစ်သစ်ကူးမယ့်အချိန်အခါမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေအနေနဲ့ သူတို့ ဘယ်မှာရှိနေမလဲ၊ ဘယ်တွေသွားဖို့ရှိလဲ ပရိသတ်အတွက် သူတို့ရဲ့ နှစ်သစ်ဆုကောင်း စကားများကို ဖော်ပြလိုက်ပါတယ်။
ချမ်းမင်းရဲထွဋ်
ဒီနှစ် New Year မှာတော့ ကျနော် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ သွားဖြစ်ဖို့ရှိတယ်။ ၂၀၁၈ မှာ အကုန်လုံး ဝင်ငွေတွေ အများကြီးဝင်ပါစေ။ အဓိကက ပိုက်ဆံတွေအများကြီး ဝင်ရင် လူတွေက ပျော်တယ်လေ။ အဲဒါကြောင့် ပိုက်ဆံတွေ အများကြီးဝင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဝိုင်းစုခိုင်သိန်း
ဒီနှစ် New Year ကတော့ ကျိုက္ကစံကွင်းမှာ လုပ်မယ့် MRTV-4 က ပွဲမှာရှိပါမယ် နောက်ပြီးတော့ မြန်မာပလာဇာမှာ လုပ်မယ့် New Year ပွဲမှာရှိပါမယ်။ ဝိုင်းစုကိုချစ်တဲ့သူအားလုံးပဲ ဒီနှစ်ကစပြီးတော့ ကိုယ်လိုချင်တဲ့အရာတွေ အားလုံးဖြစ်ပါစေ၊ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ၊ မလိုချင်တဲ့အရာတွေကို ဒီနှစ်မှာ မကြုံတွေ့ရပါစေနဲ့ အခက်အခဲမရှိ ဖြတ်သန်းနိုင်ပါစေ၊ အားလုံးပဲ အလုပ်အကိုင်တွေအားလုံးပဲ အဆင်ပြေပါစေ။
ဇွန်သံစဉ် (Miss Universe Myanmar 2017)
New Year မှာတော့ အလုပ်နဲ့ပဲဖြတ်သန်းသွားမှာပါ။ အလုပ်ကလေးတွေ လက်ခံထားတာရှိတဲ့အတွက် အခု လောလောဆယ်တော့ မိသားစုနဲ့ ခရီးထွက်ပြီးတော့ New Year အမှီ ရန်ကုန်ပြန်ရောက်လာမှာပါ။ ၂၀၁၇ ကတော့ ညီမအတွက် အဖိုးမဖြတ်နိုင်တဲ့နှစ်လေးတနှစ်ပါ။ Miss Universe ပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ်ထဲမှာ သွားပြိုင်ထားတာ ဖြစ်တဲ့အတွက် ညီမအတွက်တော့ တကယ်ကို ထူးခြားတဲ့နှစ်လေးတနှစ်ပါ။ နှစ်သစ်မှာ ပရိသတ်တွေအားလုံးပဲ စိတ်သစ်ကိုယ်သစ်နဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။
နန်းစုရတီစိုး
New Year မှာကတော့ မိသားစုနဲ့ ခရီးထွက်ဖြစ်မယ်ထင်တယ်။ ကမ်းခြေတခုခုကိုပေါ့။ ၂၀၁၇ ကတော့ အမှတ်ရစရာတွေအများကြီးပါပဲ။ ဒါပေမယ့် ၂၀၁၇ မှာ နန်းစုအရမ်းကြိုက်တဲ့ သီချင်းလေးတပုဒ်ကို ထွက်လိုက်တာ ပရိသတ်ကလည်း ကြိုက်နှစ်သက်သွားတဲ့အတွက် အမှတ်တရပါပဲ။ ရူးအောင်ချစ်ရသူ သီချင်းလေးနဲ့ ပတ်သက်ပြီး ၂၀၁၇ ကတော့ အမှတ်တရပါပဲ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အသစ်သစ်တွေများစွာ ဖန်တီးနိုင်ကြပါစေ။ စီးပွားရေးတွေလည်း အဆင်ပြေပြီး စိတ်ချမ်းမြေ့သာယာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အိုင်ရင်းဇင်မာမြင့်
New Year မှာက ဦးဇော်ဝင်းထွဋ် ၊ ကိုRဇာနည် ၊ ကိုစည်သူလွင်ရယ် အစ်မရယ် ဟိုတယ်ရွှေပြည်သာမှာ သီချင်းဆိုဖို့ရှိပါမယ်။ ၂၀၁၇ ကတော့ ထူးထူးခြားခြားကြီးမရှိပါဘူး။ နှစ်သစ်မှာစိတ်ချမ်းသာပါစေ။ ၂၀၁၇ နဲ့မတူတဲ့ ကောင်းချီးများစွာ ရရှိပါစေလို့ဆုတောင်းပေးပါတယ်။
ရွှေအိမ်စည်
New Year မှာကတော့ ထွေထွေထူးထူးတော့ အစီအစဉ်မရှိသေးပါဘူး။ အိမ်စည်အနေနဲ့ New Year Party လေးတခု သူငယ်ချင်းတွေနဲ့စုပြီးတော့ လုပ်သွားဖို့တော့ ရှိပါတယ်။ ၂၀၁၇ မှာ အမှတ်ရစရာဆိုရင်တော့ အိမ်စည်ရဲ့မွေးနေ့လ ၁၀ လပိုင်း ၂၅ ရက်တုန်းက ငွေဆောင်ရောက်နေတုန်းမှာ Surprise ပါတီလေးလုပ်ပေးတဲ့အချိန်လေးကို ပြန်သတိရတယ်။ အဲဒီနောက်ပိုင်းမှာ Surprise လုပ်ပေးတာလေးတွေက အမှတ်တရလေးတွေပါ။
၂၀၁၇ ကတော့ အိမ်စည်အနေနဲ့ ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ အောင်မြင်မှုရတဲ့နှစ်လို့ ပြောလို့ရသလို သင်ခန်းစာတွေအများကြီး ရတဲ့နှစ်လို့လည်းပြောလို့ရတယ်။ ဘာပဲပြောပြော ဒီနှစ်မှာ ရတဲ့သင်ခန်းစာတွေကို စုပေါင်းပြီး နောက်နှစ်မှာ ဒီထက်မကပိုပြီးတော့ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကို သင်ယူလို့ရတာပေါ့။
အိမ်စည်ကို အားပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီနှစ်က အိမ်စည်အတွက် အခက်အခဲရှိတဲ့ နှစ်လို့ပြောလို့ရတဲ့အတွက်ကြောင့် အခက်အခဲတွေထဲက အိမ်စည်ကိုချစ်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေလည်း ဆက်လက်ချစ်ခင်ပေးပါ။