အလှမယ်ရွှေအိမ်စည်က Miss Universe Organization ရဲ့ National Director ဒေါ်စိုးယုဝေကို အသရေပျက်စေသော၊ အထောက်အထားကင်းမဲ့သော စွပ်စွဲချက်များဖြင့် တဖက်သတ်ဆန်ဆန် ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အပေါ် ဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့အတွက် နစ်နာကြေးနဲ့အတူ ၁၄ ရက်အတွင်း ပြန်လည်ဝန်ချတောင်းပန်ရန် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ ကြေညာချက်တွင် အလှမယ် ရွှေအိမ်စည်အား ဒေါ်စိုးယုဝေအနေနဲ့ အသရေဖျက်ရေးသားခဲ့ခြင်းအတွက် နစ်နာကြေးငွေကျပ် သိန်းငါးထောင်တိတိကို ပေးလျော်ရန်နဲ့ အများပြည်သူသိရှိနိုင်မယ့် နိုင်ငံပိုင်သတင်းစာ၊ ဂျာနယ်များနဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝန်ချ တောင်းပန်သောကြေညာချက်ကို ၁၄ ရက်အတွင်း ဖော်ပြပေးရန် ကြေညာထားပြီး ပျက်ကွက်ခဲ့ပါက တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ National Director ဒေါ်စိုးယုဝေသိရှိစေရန် ထုတ်ပြန်ကြေညာထားခြင်းဖြစ်ပါတယ်။
တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ရွှေအိမ်စည်က “နိုဝင်ဘာလဆန်းကတည်းက စနစ်တကျလမ်းကြောင်းမှန်အတိုင်း အကြောင်းကြားထားပြီးနောက် တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးရတဲ့အဆင့်အထိ မရောက်ခင် တဖက်ကလည်း လူကြီးလူကောင်းဆန်ဆန် သိက္ခာရှိရှိ ပြန်လည်ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တာကြောင့် သိရှိလိုသူတွေ မေးလာရင်တောင် ထောက်ထားပြီး မဖြေကြားပဲ နေခဲ့ပါတယ်။ ဒါပေမယ့် အခြားတဖက်က ပြန်လည်ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့အတွက် စောင့်ဆိုင်းဖို့မဖြစ်နိုင်တာကြောင့် ဒီနေ့ အခုလိုကြေညာချက်ကို သတင်းစာမှာ တရားဝင်ဖော်ပြဖို့ ညွှန်ကြားလိုက်ရပြီ ဖြစ်ပါတယ်” လို့ သူမရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားပါတယ်။
အဆိုပါတရားစွဲဆိုမှုတွင် ဂုဏ်သိက္ခာကျဆင်းစေမှုကို ငွေကြေးဖြင့် အဖိုးမဖြတ်နိုင်သော်လည်း ဥပဒေအရ နစ်နာကြေး ပမာဏတခုခု သတ်မှတ်ရခြင်းဖြစ်ကာ နစ်နာကြေးအဖြစ် ငွေကြေး ကျပ်သိန်း ၅ ထောင်ကို တောင်းဆိုထားပြီး တရားစွဲဆိုမှုများပြီးမြောက်ပါက ရရှိလာမယ့် နစ်နာကြေးငွေကို လေးစားနှစ်သက်ရာ ပရဟိတအဖွဲ့များကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“မိမိရဲ့ ကိုယ်ကျင့်သိက္ခာကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်နိုင်သော်လည်း ဥပဒေအရ နစ်နာကြေးပမာဏတခုခု သတ်မှတ်ရစမြဲ ထုံးစံမို့ ရှေ့နေများရဲ့ အကြံပြုချက်အတိုင်း ဖော်ပြတောင်းဆိုထားတဲ့ နစ်နာကြေးကိုလည်း ဒီအမှုတွေပြီးမြောက်လို့ ရရှိလာတဲ့အခါ တရားရုံးစရိတ်နှင့်တကွ အထွေထွေကုန်ကျခဲ့သည်များကို ထုတ်နှုတ်ပြီး ကျန်ငွေကို လေးစားနှစ်သက်ရာ ပရဟိတအဖွဲ့အစည်းများကို ခွဲဝေလှူဒါန်းသွားမှာဖြစ်ပြီး ပရိသတ်များ ပီတိ အနုမောဓနာ ကြိုတင်ပွားနိုင်အောင် တင်ပြအပ်ပါသည်”လို့ ရွှေအိမ်စည်က ပြောဆိုထားပါတယ်။
Miss Universe Myanmar အဖွဲ့အစည်းမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အလှမယ်ရွှေအိမ်စည်အား ပြိုင်ပွဲအတွက် လိုအပ်သည့် ပညာရေးအထောက်အထား စာရွက်စာတမ်းများ မတင်ပြနိုင်ခြင်း၊ နိုင်ငံကိုယ်စားပြု အလှမယ်တဦးရဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီမှုမရှိတဲ့ အပြောအဆို အသုံးအနှုန်းများ ပြောဆိုခြင်း၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ခရီးစဉ်အတွက် လိုအပ်သည်များကို အချိန်မှီဆောင်ရွက်နိုင်ခြင်း မရှိခြင်း စတဲ့အချက်များအပါအဝင် အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အချက်အလက်များမှာ မှန်ကန်မှုမရှိသည့်အကြောင်းကို အလှမယ် ရွှေအိမ်စည်က ပြန်လည်တုံ့ပြန်ထားပြီး ယခုအခါတွင် လျော်ကြေးနဲ့တကွ ပြန်လည်တောင်းပန်ဖို့ရန် တောင်းဆိုခြင်းများပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။