တရုတ်ရုပ်ရှင်၏ ဝင်ငွေသည် ၂၀၁၇ ခုနှစ်တွင် ယွမ်ငွေ ၅၅ ဒသမ ၉ ဘီလီယံ အထိ တိုးတက် လာခြင်းကြောင့် တိုင်းပြည် အတွက် ကျောထောက်နောက်ခံပေးနိုင်သည့် အဆင့်သို့ တက်လှမ်းနိုင် ခဲ့ပြီဟု တရုတ်နိုင်ငံ၏ ထိပ်တန်း မီဒီယာ ထိန်းသိမ်း ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ်အတွက် လက်မှတ်စုစုပေါင်း ရောင်းချရမှုမှာ ၂၂ ဒသမ ၃ ရာခိုင် နှုန်း တိုးတက်လာရာ လာမည့်နှစ်များအတွင်း ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက် အဖြစ် တရုတ်က မြောက်အမေရိကကို ကျော်တက်နိုင်မည့် လမ်းကြောင်း ပေါ်ထွက်လာရန် ကြိုးပမ်း နေစဉ် အထက်ပါ စွမ်းဆောင်ချက်က အောင်မြင်မည့် အနေ အထား ခိုင်မာကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု လေ့လာသူများကဆိုသည်။
မြောက်အမေရိကတွင် ရုံဝင်လက်မှတ် ရောင်းချရမှုမှ ရရှိသည့် အခွန်ငွေမှာ ၂ ဒသမ ၃ သို့ ကျဆင်းခဲ့ ကြောင်း comScore ၏ အဆိုအရ သိရသည်။
တရုတ်၏ ၂၀၁၇ စံချိန်သည် ၂၀၁၆ ဈေးကွက် ရုတ်တရက် ပြောင်းလဲမှုကိုလည်း တောင့်ခံနိုင်မှုကို ပြသရာလည်း ရောက် သည်။ မျက်မှောက်ကာလ၌ ယခင်ဆယ်စုနှစ်များထက် ကျော်လွန်၍ ပျမ်းမျှ လက်မှတ်ရောင်းချရမှုမှာ ၃၅ ရာခိုင်နှုန်း ရှိသဖြင့် ဒေသတွင်း လက်မှတ်ရောင်းချရနှုန်း တိုးတက်မှုမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းသို့ ရုတ်တရက် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာရုပ်ရှင်များကို စေ့ငုကြည့်လျှင် အမေရိကန်မှ ထွက်ရှိသည့် ရုပ်ရှင်များ အနေဖြင့် ၂၀၁၇ ခုနှစ်အတွက် အခွန်တော် ၄၆ ရာခိုင်နှုန်းရခဲ့ပြီး ၂၀၁၆ ခုနှစ်က ၄၂ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်က ၃၈ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ရှိခဲ့သဖြင့် ဈေးကွက်ဝေစု တိုးတက်လာသည် ဟု ဆိုနိုင်သည်။
ယခုနှစ် အစတွင် နိုင်ငံပိုင် ရုပ်သံနှင့် ပုံနှိပ်ထုတ်ဝေရေး၊ ရေဒီယို၊ ရုပ်ရှင် စသည်တို့ကို ကိုင်တွယ်နေသည့် တရုတ်မီဒီယာ ထိန်းသိမ်းရေးဌာနက ရုံဝင်ခ ဝင်ငွေရရှိမှု အနေအထားကို ဖော်ပြလိုက်သည့် အချိန်တွင် အွန်လိုင်းပေါ်မှ လက်မှတ်ဝယ် ယူနိုင်မည့် အစီအစဉ်ကိုပါ ချက်ချင်းဆိုသလို စတင်လိုက်သည်။ အွန်လိုင်း ဝန်ဆောင်ခကို ခုနှိမ်ကြည့်လျှင် တရုတ်၏ ၂၀၁၇ လက်မှတ်အခွန်တော်မှာ ၁၃ ဒသမ ၄၅ ရာခိုင်နှုန်း တိုးလာပြီး ၂၂ ဒသမ ၃ ရာခိုင်နှုန်းအထိ အလားအလာ ကောင်း နေသည်။
မြောက်အမေရိက ရုံဝင်ခကိန်းဂဏန်း အချက်အလက်များတွင် ယင်းသို့ ဝန်ဆောင်ခများ မပါဝင် သော်လည်း တရုတ်ပြည် တွင် တော့ ရုပ်ရှင်လက်မှတ် အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အွန်လိုင်းပေါ်တင်ကြသဖြင့် အမေရိကန် နှင့် ယှဉ်လျှင် ၂၅ ရာခိုင်နှုန်း လျော့နည်းနေသေး၏။
အွန်လိုင်းဝန်ဆောင်ခသည် ရုပ်ရှင်စတူဒီယိုများ ထက်ပင် လက်မှတ်အခန်း ကဏ္ဍ၌ အောက်ဆုံးတိုင် ကျရောက်သွားဖွယ် ရှိသည်။ သို့သော် လက်မှတ်ရောင်းခ ဆိုသည်က သန်းနှင့် ချီသည့် ရုပ်ရှင်ရုံသွားကြည့်တတ်သူများကို ကိုယ်စားပြုနေဆဲ ဖြစ်သည်။
တရုတ်ငွေကြေး ခိုင်မာအားကောင်းလာခြင်းက ယခုနှစ်ပိုင်း အတွင်း ဒေါ်လာကို အန်တု၍ ဟောလီးဝုဒ်ရုပ်ရှင် စတူဒီယိုများ ကို ထိုးနှက်စရာ တခုဖြစ်နေသည်။ အမေရိကန်ဒေါ်လာဘက်တွင် တရုတ်ရုံဝင်ငွေခမှာ ၂၀၁၆ ခုနှစ်က ၆ ဒသမ ၅၈ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်းသို့ တိုးတက်လာသည် (လက်မှတ်ဖိုး အပါအဝင်)။
ယခုနှစ် တရုတ်ပြည်တွင် အကြီးအကျယ် အောင်ပွဲခံခဲ့သော အမေရိကန်ဇာတ်ကားများမှာ ယူနီဗာဆယ်ကုမ္ပဏီက ရိုက်ကူးသည့် The Fate of the Furious ဇာတ်ကား (ဒေါ်လာ ၃၉၂ ဒသမ ၈ သန်း၊ မည်သည့်တရုတ်ကားမှ မယှဉ်နိုင်သည့် အများဆုံး ဝင်ငွေ)၊ ပါရာမောင့်ကုမ္ပဏီက ရိုက်ကူးသည့် Transformers: The Last Knight (ဒေါ်လာ ၂၂၈ ဒသမ ၈ သန်း ဝင်ငွေရရှိ)၊ ဒစ္စနေးက ရိုက်ကူးသည့် Pirates of the Caribbean: Dead Men Tell No Tales (ဒေါ်လာ ၁၇၂ ဒသမ ၃ သန်း ဝင်ငွေရရှိ)၊ လဲဂျန်ဒရီကုမ္ပဏီက ရိုက်ကူးသည့် Kong: Skull Island (ဒေါ်လာ ၁၆၈ ဒသမ ၂ သန်း ဝင်ငွေရရှိ)၊ ဒစ္စနေးကုမ္ပဏီက ရိုက်ကူးသည့် Coco ( ဒေါ်လာ ၁၇၇ သန်း ဝင်ငွေရရှိ) တို့ ဖြစ်ကြသည်။
တရုတ် ရုပ်ရှင်ဈေးကွက်သည် Coco ဇာတ်ကားမှအပ အမေရိကန် အတွက် အဓိက အရေးပါလာမှုကို မီးမောင်းထိုးပြ လိုက်သည်။ ပြောရမည် ဆိုလျှင် ယင်းဇာတ်ကားများ ပြသမှု ဝင်ငွေကို ကြည့်လျှင် မြောက်အမေရိကမှာ ပြသခြင်းထက် တရုတ်ပြည်တွင် ပြသခြင်းက ဝင်ငွေ ပိုကောင်းနေသည်။
Coco ဇာတ်ကားမှာ မြောက်အမေရိကတွင် ၁၇၈ သန်းအထိ ဝင်ငွေကောင်းခဲ့သော်လည်း တရုတ်ပြည်တွင် ပြသနေရဆဲ ဖြစ်ပြီး ၂၀၁၈ အစောပိုင်းတွင် ရုပ်ရှင်ထိပ်တန်း ဈေးကွက်တွင် ရှေ့ရောက်လာနိုင်မည် ဟု ခန့်မှန်းရသည်။
တရုတ် ရုပ်ရှင်လုပ်ငန်းတွင် ယခုနှစ် အတွက် အကြီးဆုံး ဇာတ်လမ်းမှာ မျိုးချစ်စိတ်သူရဲကောင်း ပုံဖော်ရိုက်ကူးထားသည့် Wolf Warrior 2 ဇာတ်ကားဖြစ်ပြီး ဒေါ်လာသန်း ၈၇၀ ရရှိ၍ စံချိန်တင်နိုင်ခဲ့ပြီး ဟောလီးဝုဒ် အတွက်လည်း ဝင်ငွေ သောက်သောက်လဲ ရသည့်ဇာတ်ကား ဖြစ်သွားသည်။
နောက်ထပ် ဝင်ငွေကောင်းသည့် ဇာတ်ကားများမှာ Never Say Die (ဟာသဇာတ်မြူးထဲတွင် ၃၃၃ ဒသမ ၉ သန်းဖြင့် ဝင်ငွေ အကောင်းဆုံးဖြစ်ခဲ့) ဖြစ်သည်။ အခြားဝင်ငွေ ကောင်းသည့်ကားများမှာ ဂျက်ကီချန်း၏ Kung Fu Yoga (ဒေါ်လာ ၂၅၄ ဒသမ ၅ သန်းဝင်ငွေ) နှင့် ဆူးဟက်၏ Journey to the West: The Demons Strike Back (ဒေါ်လာ ၂၃၉ ဒသမ ၅ သန်းဝင်ငွေ) တို့ဖြစ်သည်။
ဟောလီးဝုဒ်မှ ထုတ်လုပ်သည့် ရုပ်ရှင်များကို ဝင်ငွေအမြင့်ဆုံး ဖြစ်စေလျက် တရုတ်ဈေးကွက်က ၂၀၁၇ ခုနှစ်တွင် မတူကွဲပြားခြင်း အသစ်ဖြင့် ဆီးကြိုခဲ့သည်။ သမီးနှစ်ယောက်ကို နပန်းချန်ပီယံ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခဲ့သူ ဖခင်အဖြစ် အမီယာခန်းက သရုပ်ဆောင်ထားသည့် အိန္ဒိယ ဘောလိဝုဒ် ဇာတ်ကား Dangal မှာ ဝင်ငွေ ဒေါ်လာ ၁၉၈ ဒသမ ၁ သန်း ရရှိခဲ့သည်။
တချိန်တည်းမှာပင် ထိုင်း အထက်တန်းကျောင်း သည်းထိပ်ရင်ဖိုဇာတ်ကား Bad Genius မှာ ဝင်ငွေ ၄၁ ဒသမ ၁ သန်း နှင့် စပိန် ပြစ်မှုဇာတ်ကား Contratiempo မှာ ဝင်ငွေ ၂၆ သန်း အသီးသီး ရရှိခဲ့ကြသည်။ ယင်းစပိန်ဇာတ်ကားမှာ စပိန်နိုင်ငံ တွင် ၅ ပတ်ဆက်တိုက် ရုံတင်ရပြီး အောင်ပွဲခံခဲ့သည်။
တရုတ် ရုပ်ရှင်ကဏ္ဍကို မကြာသေးမီနှစ်များ အတွင်း ပြန်ကြည့်လျှင် ၂၀၁၀ ပြည့်နှစ်က ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံသာ ရှိရာမှ ၂၀၁၇ ခုနှစ်အရောက်တွင် ၈ ဒသမ ၆ ဘီလီယံသို့ အဆမတန် ခုန်တက်သွားခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။
ယင်းသို့ ခုန်တက်စေဖို့ အတွက် နိုင်ငံတဝန်းတွင် ရုပ်ရှင်ရုံများ အသည်းအသန် ဆောက်ခြင်းဖြင့် မီးထိုးပေးခဲ့သည်။ ဆယ်စုနှစ် တခု အလယ်ပိုင်းတွင် တရုတ်က အမေရိကန်ကို ကမ္ဘာ့မျက်နှာစာ၌ အမီလိုက်နိုင်ခဲ့သည်။ ပျမ်းမျှ ရုပ်ရှင်ရုံ ၂၆ ရုံကျော်နှုန်းဖြင့် ၂၀၁၇ ခုနှစ် အတွင်း တရုတ်က နေ့စဉ်နှင့် အမျှ ထူထောင်နေခဲ့သည်။ ယနေ့ တရုတ်ပြည်တွင် ရုပ်ရှင်ရုံပေါင်း ၅၀၇၇၆ ရုံ ရှိပြီ ဖြစ်သည်။
(hollywoodreporter ရုပ်ရှင်သတင်းတွင် တွင်ဖော်ပြသည့် China Box Office Returns to Robust Growth in 2017, Hitting $8.6B ကို ဆီလျှော်အောင် ဘာသာပြန်သည်။)