လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိခဲ့တဲ့ လတ်တလော ရိုက်ကူးနေဆဲ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ဒီ ဇာတ်ကားကို ပရဟိတသမားတယောက်အနေနဲ့ မဟုတ်ဘဲ အနုပညာရှင်တယောက်အနေဖြင့်သာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“စစ်ကိုမုန်း၍တိုက်ခဲ့သည် ရုပ်ရှင်ကားကြီးကို ရိုက်ခဲ့တာက အနုပညာရှင်တယောက်အနေနဲ့ ရိုက်ခဲ့တာပါ။ တခါ ကျရင် ရုပ်ရှင်မင်းသမီးဖြစ်လိုက် တခါကျရင် ပရဟိတသမားဖြစ်လိုက်ပေါ့နော်။ ကိုယ့်ကို အနုပညာအနေနဲ့ လာငှားတဲ့ အခါကျရင် ကိုယ်သည် အနုပညာမျက်လုံးနဲ့ပဲ ကြည့်တယ်။ ဇာတ်လမ်းဇာတ်ကွက်ကို ကြည့်တယ်။ အမအတွက် လုပ်ခွင့်ရမယ့် ဇာတ်ကွက် အိုက်တင်လုပ်ရမယ့် အပိုင်းဆိုရင် လက်ခံပြီး ရိုက်ကူးတယ်။ နိုင်ငံရေးလည်း သိပ် နား မလည်ဘူး” လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပြောပါတယ်။
အဆိုပါ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခန်းတွင် ပါဝင်တဲ့ သရုပ်ဆောင် အမျိုးသမီးတချို့ ရဲ့သေနတ်လွယ်ပြီး ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံများနဲ့ ပတ်သက်လို့ ဝေဖန်မှုများရှိခဲ့သလို ဇာတ်ကားရိုက်ကူးနေချိန် ကချင်ပြည်နယ် လိုင်ဇာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများမှာလည်း တိုက်ပွဲများဖြစ်ပေါ်နေချိန်နဲ့ တိုက်ဆိုင်မှုတွေ ရှိတာကြောင့် ဝေဖန်မှုများစွာ ရှိခဲ့တာပါ။
ဝေဖန်မှုများနဲ့ပတ်သက်လို့ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူများကလည်း လွတ်လပ်စွာ ဝေဖန်နိုင်ကာ သူမကတော့ မင်းသမီးတယောက်အနေနဲ့ လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်မျိုး ဖြစ်တဲ့အတွက် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတော်ဂုဏ်ပြုကားဆိုတာ အမတို့ငယ်ငယ် မင်းသမီးစလုပ်ကတည်းက အများကြီးရိုက်ခဲ့ရတဲ့ကားတွေပဲ။ အဲဒီ အခါကျတော့ အမက အနုပညာရှင်တယောက်တယောက်အနေနဲ့ပဲ မြင်တယ်။ အဲဒီအတွက်ကြောင့် ဒီကားကို မင်းသမီးတယောက်အနေနဲ့ ရိုက်ခဲ့တယ်။ ဒါကတော့ အမတို့ကို ကြိုက်တဲ့သူရှိမယ်။ မကြိုက်တဲ့သူရှိမယ်။ သူတို့မှာ လွတ်လပ်ပိုင်ခွင့်ရှိတယ်။ အမကတော့ ရုပ်ရှင်သမားတယောက်အနေနဲ့ ဒီကားကို ရိုက်ကူးခဲ့တာပါ။ ဒီကားထဲမှာတော့ တပ်ရင်းမှူး ဇနီးနေရာကနေ ကိုညိုမင်းလွင်နဲ့တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တာပါ” လို့ ဆိုပါတယ်။
“စစ်ကိုမုန်း၍တိုက်ခဲ့သည်” `ရုပ်ရှင်ဇာတ်ကားကြီးဟာ ၇၃ နှစ်မြောက် တပ်မတော်နေ့တွင် ပြသရန် ရည်ရွယ်ကာ ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်း ဗထူးတပ်မြို့နဲ့အနီးတဝိုက်တွင် အနုပညာရှင်အမြောက်အမြားနဲ့ ၁ လခန့် အကြာ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။
ဒီ ဇာတ်ကားကို ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ထက်မြတ်နိုင်ဇင်တို့က ရေးသားကာ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) မှ ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် ဇင်ဝိုင်း ၊ နေမင်း ၊ ညိုမင်းလွင်၊ ကျော်ထက်အောင်၊ ထူးအောင် ၊ ထူးခန့်ကျော်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ခိုင်နှင်းဝေ၊ စိုးပြည့်သဇင်၊ အိချောပို ၊သွန်းဆက် ၊ ယဉ်လက်၊ ဆောင်းဝတ်ရည်မေ အစရှိတဲ့ အနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။
https://www.facebook.com/theirrawaddyburmese/videos/1886694971374646/