ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မင်းခိုက်စိုးစန်၊ ထက်မြတ်နိုင်ဇင်တို့ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ အကယ်ဒမီ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကို လက်ရှိ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
ဇာတ်လမ်းမှာ နေတိုး၊ ဝါဇင်၊ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မေသဉ္ဇာဦး၊ ဆုမြတ်နိုးဦး၊ လူမုန်း၊ ဟိန်းမင်း၊ ဒေါ်အိအိစိုးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာ အင်းလေးကန်ဒေသ အလှတွေနဲ့ အင်းလေးရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ အင်းလေး လှေလှော်ပြိုင်ပွဲနဲ့ အစပျိုးထားပါတယ်။
အင်းလေးလှေလှော်ပြိုင်ပွဲမှာ အနိုင်ရပြီးဆုရတဲ့ အင်းသား စိုင်းဝဏ္ဏ (ဝါဇင်)ကို ညီမဖြစ်သူ ကြာညိုသွယ် (ဝတ်မှုန်ရွှေရည်) က သူ့သူငယ်ချင်း နန္ဒာ (ဆုမြတ်နိုးဦး) နဲ့ ကြိတ်ပြီး သဘောတူ ထားပါတယ်။ ဇာတ်လမ်းအစမှာ ရိုးသားတဲ့ အင်းသူအင်းသားတွေရဲ့ ချစ်စဖွယ်ဟန်ပန်တွေကို သဘာဝကျကျ ချစ်စရာကောင်းအောင် ရိုက်ထားတာ တွေ့ရပါတယ်။
သူငယ်ချင်းဖြစ်သူ နန္ဒာကို အစ်ကိုနဲ့ သဘောတူတာကြောင့် ယောင်းမလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပြီး နန္ဒာနဲ့ အတူ အင်းလေးက ဟိုတယ်တခုမှာ ရိုးရာ ကိန္ဒရီကိန္ဒရာအကနဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို ကပြဖျော်ဖြေပါတယ်။ ညီမ ကြာညိုသွယ်ကို စိုင်းဝဏ္ဏက အရမ်းချစ်ပြီး ညီမနဲ့ ပတ်သက်လာရင် သူ့ကို ယောက်ဖလို့ စနောက် ခေါ်တာတောင် ဆတ်ဆတ်ထိမခံ ရန်ဖြစ်တဲ့သူပါ။
ညီမဖြစ်သူ အလုပ်တွေကြိုးစားပြီး သူရှာထားတဲ့ ဝင်ငွေနဲ့ သူဝါသနာတဲ့ အဆိုတော်တယောက် ဖြစ်အောင် ကြိုးစားနေတာ သိရတဲ့အခါ ညီမဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စိုင်းဝဏ္ဏက သူ့ကို တဖတ်သတ်ချစ်နေတဲ့ နန္ဒာရဲ့အချစ်တွေကို မသိဟန်ဆောင် လျစ်လျူရှုထားခဲ့ပါတယ်။
တနေ့မှာ တခြားနေရာကနေ လူစိမ်းနှစ်ယောက် အင်းလေးက အိမ်ကြီးတလုံးကို ပြောင်းလာပါတယ်။ ရိုးသားပြီး ဖော်ရွေတဲ့ အင်းသူအင်းသားတို့ရဲ့ ထုံးစံအတိုင်း အိမ်ရှေ့ကနေ လှေနဲ့ ဖြတ်သွားရင်း အိမ်ပြောင်းတာ ဘာကူညီပေးရဦးမလဲလို့ အိမ်နီးချင်း အမျိုးသမီးက မေးတာကို ဦးလူမောင် (လူမုန်း) က ဘာအကူအညီမှမလိုဘူးဆိုပြီး မောက်မောက်မာမာနဲ့ ပြန်လည် ပြောဆိုပါတယ်။
ဒီလိုနဲ့ ပတ်ဝန်းကျင်နဲ့ ခပ်တန်းတန်းနေဖြစ်တဲ့ တူဝရီးနှစ်ယောက်မှာ တူဖြစ်သူ မင်းနောင်ရိုး (နေတိုး) က ကြာညိုသွယ်နဲ့ သူ့မိခင် (မေသဉ္ဇာဦး) ကို လမ်းမှာ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားတာမြင်ပြီး လိုက်လံ ကူညီပေးရာကနေ ကြာညို့မိခင်အတွက် လိုအပ်တဲ့သွေးကိုပါ လှူဒါန်းပေးခဲ့တဲ့အတွက် ကြာညိုနဲ့ မင်းနောင်ရိုးတို့ ပိုမို ခင်မင်လာခဲ့ပါတယ်။
မင်းနောင်ရိုးရဲ့ သီချင်းဆိုသံကိုကြားပြီး ကြာညိုသွယ်နဲ့ မင်းနောင်ရိုး ဝါသနာ၊ အကြိုက်ချင်းတူ၊ ခံယူချက်ခြင်းလည်း တူညီတာကြောင့် တဖြည်းဖြည်း ရင်းနှီးမှုပိုလာပြီး တဦးကိုတဦး ပိုနားလည် လာခဲ့ပါတယ်။ ဒါပေမဲ့ အေးချမ်းတဲ့ အင်းလေးကန်ဒေသကို လူစိမ်း တူဝရီးနှစ်ဦး ပြောင်းလာပြီးနောက် လပြည့်ညတွေမှာ ခြောက်ခြားစရာ အဖြစ်အပျက်တွေ တခုပြီးတခု ဖြစ်လာခဲ့ပါတယ်။
လပြည့်ညတွေမှာ ကြောက်စရာကောင်းတဲ့ အသံနက်ကြီးနဲ့အတူ ထူးဆန်းစွာ လျှို့ဝှက်သည်းဖို အဖြေရှာမရတဲ့ လူသတ်မှုတွေ လပြည့်ညတွေမှာ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးတကောင် သတ်တာလို့ ယူဆရတဲ့ လူသေ အလောင်းပေါ်က ဒဏ်ရာတွေအရ ဒီလူသတ်မှုတွေဟာ ပဟေဠိဆန်ဆန် အဖြေရှာမရဘူး ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ လပြည့်ညတွေ တညပြီးတညမှာ အသတ်ခံရမှုတွေ၊ သေဆုံးမှုတွေ ဖြစ်လာတဲ့အခါ အင်းသားဖြစ်သူ စိုင်းဝဏ္ဏက လူသတ်မှုတခုကနေ ထွက်ပြေးသွားတဲ့ သွေးခြေရာတွေအတိုင်း ခြေရာခံလိုက်တဲ့အခါ လူစိမ်း တူဝရီးတို့ နေထိုင်ရာအိမ်ကို သံသယ ဖြစ်မိပါတယ်။ သူ့ရဲ့ သံသယ အတိုင်း မင်းနောင်ရိုးတို့ နေထိုင်တဲ့ အိမ်ကြီးမှာ တကယ် သတ္တဝါဆိုးကြီး ရှိတာလား။
အဲဒီ သတ္တဝါကောင်ကြီးကရော လပြည့်ညတွေဆို ထကြွသောင်းကျန်းတာလား။ အဲဒီ သတ္တဝါကြီးက ဘယ်သူလဲ။ အဲဒီသတ္တဝါကြီးနဲ့ မင်းနောင်ရိုးတို့ ဘယ်လို ပတ်သက်မှုရှိလဲ စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းကနေ ပိတ်ကားပြင်ထက်မှာ ဆက်လက်ရှုစားရမှာပါ။
ဇာတ်ကားမှာ အင်းသူအင်းသားတွေရဲ့ ချစ်စဖွယ် ရိုးရာအကအလှတွေ၊ အင်းလေးရိုးရာ တိုက်တေး တေးသီချင်းအကြောင်း၊ ရင်သပ်ရှုမောဖွယ် အင်းလေကန် အလှ၊ သတ္တဝါဆိုးကြီးကို ပုံဖော် ရိုက်ကူး ထားတဲ့ ပီပြင်လွန်းတဲ့ Makeup Effect, Computer Effect တွေကို သဘာဝကျကျနဲ့ ပီပီပြင်ပြင် ရိုက်ပြထားတာ တွေ့ရပါတယ်။
ဇာတ်ကားမှာ တေးရေး ညီမင်းခိုင်ရေးသားပြီး နေတိုးသီဆိုထားတဲ့ “လရောင်ချော့တေး” သီချင်းက ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်တာကြောင့် ပရိသတ်တွေကြားမှာ ရေးပန်းစားပါတယ်။ ဇာတ်လမ်းက ပရိသတ်တွေ ထင်မထားတဲ့ နေရာကနေ မြှုပ်ကွက်နဲ့ ပြသသွားပြီး အချစ်၊ အလွမ်း၊ ဒရာမာ၊ သည်းထိတ်ရင်ဖို စတဲ့ ရသမျိုးစုံ ခံစားရအောင် ရိုက်ပြသွားတာ တွေ့ရပါတယ်။
“လရောင်ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၅ ရက်နေ့က စပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပြည်၊ မကွေး၊ တောင်ငူ၊ လားရှိုး၊ ပုသိမ်၊ မြဝတီ၊ ဘားအံ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ဗန်းမော်၊ ရေနံချောင်း၊ မိတ္ထီလာ၊ မြိတ်၊ ရွှေဘို၊ မုံရွာ၊ ဖျာပုံ၊ မအူပင်၊ ဘိုကလေး၊ အောင်ပန်း၊ သထုံ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မတ္တရာ၊ ကလေး၊ မော်လမြိုင်၊ ထားဝယ် စတဲ့ မြို့များမှာ ပြသနေပြီ ဖြစ်ပါတယ်။