ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် လူကြီးလူကောင်းလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွင် အောင်မြင်ကျော်ကြားနေတဲ့ အလှမယ်များနဲ့ နာမည်ကျော် မင်းသားကြီးလေးဦးတို့ တွဲဖက်၍ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် အဓိကဇာတ်ဆောင်မင်းသမီးလေးယောက်ဆိုရင် ပရိသတ်အနေနဲ့ တခါ ရိုက်လည်း ဒီ မင်းသမီးပဲ နောက်တခါလည်း ဒီမင်းသမီးပဲ မဖြစ်ရအောင် အမြင်ဆန်းအောင် မင်းသမီးအသစ်တွေနဲ့ ရိုက်ကူးသွားပါမယ်” လို့ ဒါရိုက်တာပြည်ဟိန်းသီဟက ပြောပါတယ်။
အဆိုပါ “လူကြီးလူကောင်းများ” ရုပ်ရှင်ဇာတ်ကားတွင် လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ စဝ်ယွန်းဝတီဦး၊ ယွန်းဝင့်လွှာအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နာမည်ကျော် မင်းသားကြီးလေးယောက်ဖြင့် ရိုက်ကူးရခြင်းနဲ့ ပတ်သက်လို့The Eye Movie Prodction မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ကျော်က “လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားမှာ နာမည်ကြီးမင်းသားလေးဦးနဲ့ ဘာဖြစ်လို့ ရိုက်ရလဲဆိုရင် ကုမ္ပဏီအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ စဉ်းစားတဲ့အခါမှာ ယနေ့ရုပ်ရှင်လောကမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်ပြီးတော့ ရုံရက်ရဖို့ ရုံရှင်စိတ်ကြိုက်ဖြစ်ဖို့အတွက် ကျနော်တို့ကြိုးစားတဲ့အခါမှာ ဇာတ်လမ်းလည်း အပြိုင်အဆိုင် ရိုက်ကူးမှုတွေလည်း အပြိုင်အဆိုင် ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ ကျနော်တို့ ကုမ္ပဏီမှာရှိနေတဲ့ မင်းသားကြီးလေးဦးစုပေါင်းပြီးတော့ ရိုက်လိုက်ရင် အားတခုဖြစ်မယ်။ အဲဒီလိုဆိုရင် ပရိသတ်တွေ စိတ်ဝင်စားမယ် ကြည့်လို့ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကားကို ရိုက်ဖို့အတွက် စိတ်ကူးဖြစ်တာပါ” လို့ ပြောပါတယ်။
“လူကြီးလူကောင်း”များ ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတခုဖြစ်တဲ့ The Eye Movie Prodction မှ ရိုက်ကူးတဲ့ ၆ ကားမြောက် ရုပ်ရှင်ကားကြီးတကားဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတခုဖြစ်တဲ့ The Eye Movie Prodction မှာတော့ အကယ်ဒမီလွင်မိုးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး လူမင်း၊ ပြေတီဦး၊ နေတိုး တို့က ရှယ်ယာအဖွဲ့ဝင်များအဖြစ် ပါဝင်ပါတယ်။