Forbes ကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် ဝင်ငွေ အကောင်းဆုံး မင်းသားစာရင်းမှာတော့ နပန်းသမား ဘဝကနေ မင်းသား ဖြစ်လာတဲ့ The Rock က တနှစ်အတွင်း ဝင်ငွေ ၆၅ သန်း ရပြီး ဝင်ငွေ အကောင်းဆုံး မင်းသား စာရင်းမှာ ဒုတိယ ချိတ်ပါတယ်။ Vin ကတော့ ၅၄.၅သန်းပဲ ရခဲ့ပြီး တတိယ နေရာမှာပါ။ ဝင်ငွေအကောင်းဆုံးအဖြစ်နဲ့ Daddy’s Home 2 နဲ့ Transformers: The Last Night တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Mark Wahlberg က ဝင်ငွေ ၆၈ သန်းနဲ့ ပထမ နေရာ ရပ်တည်ခဲ့ပါတယ်။
အစဉ်လိုက်ဆိုရင် Mark, The Rock, Vin တို့ပြီးရင် Adam Sandler က ၅၀.၅ သန်း၊ Jackie Chan က ၄၉ သန်း၊ Robert Downey Jr က ၄၈သန်း၊ Tom Cruise က ၄၃သန်း၊ Shah Rukh Khan က ၃၈သန်းနဲ့ အစဉ်လိုက် ရှိနေပါတယ်။ ဒါက တခြား ဆောင်းပါး တပုဒ်ကနေ ရယူပြီး ပြောလိုက်တာပါ။ ဒီလို ဝင်ငွေ အကောင်းဆုံး မင်းသားတွေက တကယ်တမ်း ထုတ်လုပ်သူတွေကို၊ ပြီးတော့ သူတို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ဝင်ငွေ ကောင်းအောင် လုပ်ပေးနိုင်ပါရဲ့လား။ အမှန်အတိုင်းပြောရရင် မလုပ်ပေးနိုင်ပါဘူး။
ဥပမာဆိုရင် ဝင်ငွေ အကောင်းဆုံး မင်းသား Mark ရဲ့ ဇာတ်ကားတွေက ၂၀၁၇ မှာ ဝင်ငွေ အကောင်းဆုံး စာရင်းမဝင်ခဲ့ပါဘူး။ ဒါဆိုရင် ဘယ်သူတွေက သူတို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ဝင်ငွေ အကောင်းဆုံး ဖြစ်စေပါသလဲ။ ဆက်ကြည့်ရအောင်ပါ။
မင်းသားတဦးချင်း ဝင်ငွေအကောင်းဆုံးစာရင်းမှာ The Rock က Vin ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဇာတ်ကားကို ဝင်ငွေကောင်းစေနိုင်တဲ့ အကောင်းဆုံး မင်းသားစာရင်းမှာတော့ Vin က ပြန်ပြီးဦးဆောင်သွားပါတယ်။ Vin ဟာ သူပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို ၂၀၁၇ ခုနှစ် တနှစ် အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံထိအောင် ရရှိစေခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။ အထူးသဖြင့်တော့ အရင်နှစ်က ရုံတင်ခဲ့တဲ့ ၈ ကားမြောက် Fast & Furious နဲ့တင် ဝင်ငွေ ၁.၂ ဘီလီယံလောက် ရသွားစေခဲ့ပါတယ်။ ပြီးတော့ သူ ဦးဆောင် ထားတဲ့ xXx: The Return of Xander Cage တွေကနေ ကျန်ရှိဝင်ငွေတွေရပြီး စုစုပေါင်း ဝင်ငွေ ၁.၆ ဘီလီယံ လောက် ရရှိသွားစေခဲ့တာလည်း ဖြစ်ပါတယ်။
The Rock ကတော့ အခုစာရင်းမှာ ဒုတိယနေရာ ချိတ်ပါတယ်။ အရင်နှစ်က သူ ပါဝင်ခဲ့တဲ့ ဇာတ်ကားတွေ ကနေ ဝင်ငွေ ၁.၅ ဘီလီယံလောက်ထိအောင် ရှာပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Vin နဲ့ အတူ သရုပ်ဆောင် ထားတဲ့ Fast 8 အပြင် လက်ရှိ ရုံတင်နေတဲ့ Jumanji ကနေလည်း ဝင်ငွေတွေ ရှာပေးနေတယ်၊ အရင်လ တွေထဲက ရုံတင်ခဲ့တဲ့ Baywatch ဆိုရင်လည်း ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေ ပြန်ရခဲ့တာတွေ တွေ့ရပါတယ်။
ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မှုကနေ ဇာတ်ကားတွေကို ဝင်ငွေရရှိစေမှုအပိုင်းမှာ Vin နဲ့ The Rock ပြီးရင်တော့ တတိယနေရာမှာ Wonder Woman ထဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Gal Gadot က ရပ်တည် နေပါတယ်။ သူမက Wonder Woman တကားတည်းနဲ့တင် ဝင်ငွေ ဒေါ်လာ သန်း ၈၄၀ လောက် ရှာပေး နိုင်ခဲ့ပြီး အရင်နှစ် တနှစ်လုံးမှာတော့ သူမရဲ့ ဇာတ်ကားတွေကနေ စုစုပေါင်း ဝင်ငွေ ၁.၄ ဘီလီယံ လောက်ထိအောင် ရှိခဲ့တာပါ။ Justice League ဆိုရင်လည်း ၂၀၁၇ ခုနှစ်ထုတ် ရုပ်ရှင်တွေထဲမှာ မကောင်းဘူးလို့ မှတ်ချက် အပေးခံရတဲ့ ဇာတ်ကားတကားဖြစ်ပေမယ့် သူမကြောင့် ဝင်ငွေ ကောင်းခဲ့ပါတယ်။
ဇာတ်ကားတွေကို ဝင်ငွေအများဆုံး ရအောင်ရှာဖွေပေးနိုင်တဲ့ မင်းသား၊ မင်းသမီး စာရင်းမှာတော့ စတုတ္ထနေရာမှာ ၂၀၁၇ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး မင်းသမီး Emma Waston က ၁.၃ ဘီလီယံ၊ Pirates of Caribbean ဇာတ်ကားတွေနဲ့အတူ နာမည်ရတဲ့ Johnny Depp က ၁.၁ ဘီလီယံ၊ Daisy Ridley က ၁.၀၈ ဘီလီယံ၊ Tom Holland က ၈၈၈ သန်း၊ Chris Patt က ၈၆၄ သန်း၊ Chris Hemsworth က ၈၄၅သန်း၊ John Boyegaက ၈၁၅ သန်းနဲ့ အစဉ်လိုက်ရပ်တည်နေတာ တွေ့ရပါတယ်။ ဒီစာရင်းမှာ ဝင်ငွေ အကောင်းဆုံး မင်းသား Mark တယောက် ပါမလာခဲ့တာကတော့ ဇာတ်ကားတွေကို အမြတ်အစွန်းရအောင် လုပ်ဆောင် ပေးနိုင်မှု အားနည်းနေတာကြောင့်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။
www.maxim.com တွင်ဖော်ပြထားတဲ့ Vin diesel just topped the rock as the world’s top-grossing actor, which should add some fuel to their feud ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။