မကြာခင်မှာ ပြုလုပ်တော့မယ့် Myanmar Idol Season 3 တွင် ပြိုင်ပွဲဝင်ကြမယ့်သူများအတွက် ဝေဖန်အကြံပြုပေးကြမယ့် ဒိုင်လူကြီးများဖြစ်ကြသော မြန်မာပြည်သိန်းတန်၊ ရန်အောင်၊မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့က ပြိုင်ပွဲဝင်များအတွက် အကြုံစကားများနဲ့ သူတို့ ဘယ်လို အကဲဖြတ်ပေးသွားမလဲ ဆိုတာတွေကို ဧရာဝတီက မေးမြန်းထားပါတယ်။
မြန်မာပြည်သိန်းတန်
ဒီနှစ်ကိုတော့ တရားသူကြီးလေးယောက်ဆိုတော့ အင်မတန်အားရပါတယ်။ ပြီးတော့ တမူဆန်းပြားတဲ့ ပိုမိုထူးခြားတဲ့ Myanmar Idol ရဲ့အစီအစဉ်တွေက အားလုံးသိကြတဲ့အတိုင်းဝေဝေဆာဆာနဲ့ ပျော်စရာကောင်းတယ်။ သို့ပေမယ့် ရဲစွမ်းသတ္တိနဲ့ ပြိုင်ရမယ့်နှစ် ဖြစ်လာပါတယ်။ အဲဒီတော့ ပြိုင်ပွဲဝင်ရမယ့် ကလေးများကို စကားလက်ဆောင်ပြောချင်တာက ကျန်းမာရေးကို အဓိကထားပြီးတော့ ပြင်ဆင်ကြပါ သီချင်းရွေးတာလေးတွေလည်း မမှားပါစေနဲ့၊ ကိုယ်နဲ့အလိုက်ဖက်ဆုံးသီချင်းတွေကို ရွေးပြီးတော့ ယှဉ်ပြိုင်ကြပါ။ ယှဉ်ပြိုင်တဲ့နေရာမှာလည်း အန်ကယ်တို့ ဒိုင်လေးယောက်ရဲ့ ရှေ့မှာယှဉ်ပြိုင်ရပေမယ့်လည်း အန်ကယ်တို့ရှိတယ်လို့လည်း သဘောမထားပါနဲ့။ စင်္ကြာဝဠာကြီးတခုလုံးမှာ မိမိတယောက်တည်း ရှိတယ်လို့ပဲ ယုံကြည်ပြီးတော့ မိမိကိုယ်မိမိ ဖျော်ဖြေနေတယ်လို့မှတ်ယူပြီးတော့ ယှဉ်ပြိုင်ကြစေဖို့ ကြိုတင်ပြီးတော့ မှာကြားချင်ပါတယ်။ ယုံကြည်ချက်ပြင်းပြင်းထန်ထန်နဲ့ ဇွဲသတ္တိမလစ်ဟင်းပါစေနဲ့။ မဲပေးမယ့် တိုင်းသူပြည်သားများကို မှာချင်တာတခုက အရည်အချင်းပြည့်မှီတဲ့ ကလေးတွေကို ရွေးချယ်ပြီးတော့မှ ကြည့်ရှု ရွေးထုတ်မဲပေးကြဖို့၊ မိမိရဲ့ဒေသအလိုက် မြို့နယ်အလိုက် စွဲလမ်းမှုလေးတွေကို ပယ်ဖျောက်ပါ။ အရည်အချင်းပြည့်မှီတဲ့သူကိုပဲ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ဦးစားပေးပြီး မဲပေးကြပါလို့ ကြိုတင်ပြီးတော့ မှာချင်ပါတယ်။ ကျနော်ကတော့ မနှစ်က အန်ကယ် No အန်ကယ် No နဲ့ တပြည်လုံးက ကျနော့်ကို အားပေးစောင့်ရှောက်ချစ်ခင်ကြပါတယ်။ ဒီနှစ်မှာလည်း ကျနော်ဟာ ဘယ်လို အသုံးအနှုန်းနဲ့ အသုံးတော်ခံမယ်ဆိုတာ အားလုံးသော ပရိသတ်များ မီဒီယာများ စောင့်ကြည့်တော်မူပါခင်ဗျာ။
အကယ်ဒမီရန်အောင်
ကျနော့်အတွက် Myanmar Idol Season 3 က ပထမဆုံး ဒိုင်လုပ်ရခြင်းဖြစ်ပါတယ်။ ကျနော် ဒီသီချင်းဆိုပွဲတွေ အားလုံးကို စိတ်ဝင်စားပြီး နှစ်တိုင်း အပတ်တိုင်း အမြဲတန်းစောင့်ကြည့်ပါတယ်။ အခုလိုပါဝင်ရတဲ့အတွက်လည်း အများကြီး ဂုဏ်ယူဝမ်းမြောက်မိတယ်။ ကျနော်သာဆို ဘယ်လိုလေးပြောလိုက်မယ်။ ဘယ်လိုမျိုးဝေဖန်လိုက်မယ်ဆိုတဲ့ ချိုချိုသာသာစကားလုံးတွေလည်း ရွေးချယ်ထားပါတယ်။ ဒိုင်လေးယောက်ဖြစ်တဲ့အတွက်လည်း ပိုပြီးတော့ ခက်ခဲမယ်လို့လည်း ထင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်များက ဒီထက်ပိုပြီးတော့ ကြိုးစားစေချင်ပါတယ်။
မျိုးကျော့မြိုင်
ကျနော်ပြောချင်တာကတော့ တကယ်တမ်း အဆိုရှင်တယောက် အဆိုတော်တယောက်ဖြစ်လာဖို့က မလွယ်ပါဘူး။ အောင်မြင်မှုရဖို့ကလည်း မလွယ်ပါဘူး။ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ကလည်း မလွယ်ပါဘူး။ အဲဒီလိုမျိုးလုပ်မယ့် လူငယ်တွေအပေါ်မှာ ကျနော်တို့က အတတ်နိုင်ဆုံး အကောင်းဆုံး လမ်းပြပေးချင်ပါတယ်။
တင်ဇာမော်
Myanmar Idol ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခံစားမှုများစွာ ပေးစွမ်းနိုင်အောင် အနုပညာရှင်တွေရော အတတ်ပညာရှင်တွေရော အားလုံးက ကိုယ့်နေရာကနေကိုယ် အစွမ်းကုန်ကြိုးစားရပါတယ်။ အဲဒီတော့ ကျမက ဒီနှစ်မှာ ဒုတိယအကြိမ်အဖြစ် ဒိုင်တဦးအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အခါမှာ မနှစ်ကထက် ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ခံစားရတယ်။ အကယ်၍ ဒိုင်တဦးအနေနဲ့ မပါဝင်ရဘူးဆိုရင်တောင် Myanmar Idol ပရိသတ်တဦးပါ။ အောင်မြင်ပြီးသား Myanmar Idol ဟာ Season 3 မှာ ဒီထက်ပိုပြီးတော့ ရင်ခုန်စရာတွေ စိတ်လှုပ်ရှားစရာတွေ ဝမ်းသာစရာ ဝမ်းနည်းစရာတွေရော ပရိသတ်တွေကို ပေးစွမ်းနိုင်အောင် ကြိုးစားကြရမယ့်နေရာမှာ အရေးကြီးဆုံးကတော့ … လာပြီးတော့ ပြိုင်ပွဲဝင်ကြမယ့် ပြိုင်ပွဲဝင်တွေက တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မနှစ်ကထက်ပိုပြီးတော့ တော်တဲ့ အလားအလာရှိတဲ့ လူငယ်လူရွယ်တွေ သတ္တိရှိရှိနဲ့ ရှေ့ကိုတိုးပြီးတော့ ထွက်လာနိုင်ပါစေ။ သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း လက်ရဖမ်းယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Myanmar Idol Season 3 ရဲ့လူရွေးပွဲကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မကွေးမြို့တို့တွင် ပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲအစီအစဉ်များကိုတော့ ဧပြီလတွင် စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Winner ဆုရရှိမယ့်သူကိုတော့ ငွေကျပ် သိန်း ၅၀၀ နဲ့ တကိုယ်တော် တေးစီးရီးတခွေကို ထုတ်ပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပထမဆုံး Season 1 ရဲ့ Winner အဖြစ် စောလားထော်ဝါး နှင့် Season 2 ရဲ့ Winner အဖြစ် သားငယ်တို့က ရရှိခဲ့ပါတယ်။