MRTV- 4 ရုပ်သံလိုင်းတွင် အပတ်စဉ်သောကြာနေ့တိုင်း ပြသလျက်ရှိတဲ့ အစီအစဉ်တခုဖြစ်တဲ့ Make Me Beautiful အစီအစဉ်မှ ပြိုင်ပွဲဝင်တဦးရဲ့ မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သက်ပြီး ဒိုင်များက ရယ်မောခဲ့တာနဲ့ ပတ်သက်လို့ မဖြစ်သင့်ဘူးလို့ မိတ်ကပ်ပညာရှင် ဒီဇင်ဘာနှင်းက ဧရာဝတီကို ပြောပါတယ်။
“အဲဒီလိုမျိူးပြိုင်ပွဲဝင်အပေါ်ကို ရယ်တာဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှားတဲ့အမှားတွေကို ကိုယ်က ထောက်ပြရမယ်။ သူတို့ဘက်ကလည်း မှားတာလေးတွေရှိနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပြိုင်ပွဲမျိုးရှိတယ်။ ကလေးတွေနားမလည်တာ မသိတာလေးတွေကိုတော့ ပြရမယ်။ အခုလိုမျိုးရယ်တာမျိုးက ပရိသတ်အနေနဲ့ သဘောမကျသလို မျက်ရည်ကျသွားတဲ့ မော်ဒယ်လ် အနေနဲ့လည်း စိတ်မကောင်းဖြစ်မိမှာပေါ့။ အဲဒါကြောင့် ဒါက သင်ခန်းစာတခုပေါ့။ မိတ်ကပ်ဝါသနာပါတဲ့သူ အားလုံးကို ကြိုဆိုပါတယ်။ တချို့ကလည်း ဝါသနာရှင်တွေ တချို့ကျတော့လည်း ပရော်ဖက်ရှင်နယ် အဆင့်ထိသွားဖို့ရှိတဲ့သူတွေက သေချာလေ့လာပါ” လို့ မိတ်ကပ်ပညာရှင် ဒီဇင်ဘာနှင်းက သုံးသပ် ပြောဆိုပါတယ်။
Make Me Beautiful အစီအစဉ်ဟာ ဝါသနာရှင် မိတ်ကပ် artist များက မိတ်ကပ်လိမ်းခြယ်မှုပုံစံ မျိုးစုံကို အဆင့်ဆင့်ယှဉ်ပြိုင်ကြရတဲ့ ပြိုင်ပွဲဖြစ်ပြီး အဆိုပါ အစီအစဉ်ရဲ့ Week 8 အနေနဲ့ ယှဉ်ပြိုင်မှုဖြစ်တဲ့ Drag Queen မိတ်ကပ်လိမ်းခြယ်မှုပုံစံမှာတော့ ပြိုင်ပွဲဝင် ဂျူလိုင် လိမ်းခြယ်ခဲ့တဲ့ မိတ်ကပ်ပြင်ဆင်မှုကို ဒိုင်လူကြီးများဖြစ်ကြတဲ့ မိတ်ကပ် မထက် (pop soul)၊ မိတ်ကပ် လင်းလင်း၊ Beauty Blogger နေခြည်ဦး နဲ့ Stylist Swannie Dean တို့က ရယ်မောခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ပြိုင်ပွဲဝင် ဂျူလိုင်ရဲ့ မိတ်ကပ်လိမ်းခြယ်ယှဉ်ပြိုင်မှုကို ရယ်မောပြီး သုံးသပ်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုများစွာ ဖြစ်ပေါ်လျက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ရတဲ့ Drag Queen လို့ဆိုတဲ့ မိတ်ကပ်လိမ်းခြယ်မှုပုံစံဟာ မိမိရဲ့ ပင်ကိုယ်ရုပ်နဲ့ ကွဲထွက်ပြောင်းလဲသွားအောင် ပြင်ဆင်ရခြင်းဖြစ်ပြီး နိုင်ငံတကာမှာတော့ ဂေးမိတ်ကပ် လို့လည်း ခေါ်ဝေါ်ကြတယ်လို့ ဒီဇင်ဘာနှင်းက ဆိုပါတယ်။
အဆိုပါပြိုင်ပွဲရဲ့ ဒိုင်များထဲတွင် မိတ်ကပ် ကိုမာလည်း ဒိုင်တဦးအဖြစ်ပါဝင်ပြီး သူကတော့ ပွဲစဉ်တလျှောက်လုံးမှာ ပြိုင်ပွဲဝင်တွေအပေါ် အကောင်းဆုံး သုံးသပ်ပေးသူအဖြစ်အနေနဲ့ရော အခုလို ပြိုင်ပွဲဝင်များအပေါ် ရယ်မောခြင်းတွေ မပြုလုပ်သူအဖြစ်ပါ ပရိသတ်တွေရဲ့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။
“ဒီလို ရယ်တာနဲ့ပတ်သက်ပြီးတော့ အရမ်းကြီးတော့ မပြောတတ်ပါဘူး။ ပါစင်နယ်တွေပါမှာ စိုးလို့၊ ဒါပေမယ့် အဲဒီမှာ ပါဝင်တဲ့ ဒိုင်တဦးဖြစ်တဲ့ မိတ်ကပ်ကိုမာ ကိုကြည့်ပါ။ သူဘယ်လိုဝေဖန်သလဲ ဆိုတာကိုပေါ၊့ တကယ်တတ်တဲ့ မိတ်ကပ်ပညာရှင်တွေက ဝေဖန်တာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်” လို့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) က ဧရာဝတီကို ပြောပါတယ်။
Make Me Beautiful အစီအစဉ်ရဲ့ Week 8 ယှဉ်ပြိုင်မှုတွင် ဂျူလိုင် အပါအဝင် အခြား ပြိုင်ပွဲဝင် ၃ ဦးလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဂျူလိုင်ကတော့ အဆိုပါ Week 8 ယှဉ်ပြိုင်မှုအပြီးမှာ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
အဆိုပါ Make Me Beautiful အစီအစဉ်ရဲ့ Week 8 ယှဉ်ပြိုင်မှုတွင် ဒိုင်များအဖြစ် မိတ်ကပ် ကိုမာ၊ မိတ်ကပ် မထက် (pop soul)၊ မိတ်ကပ် လင်းလင်း၊ Beauty Blogger နေခြည်ဦး နှင့် Stylist Swannie Dean တို့က ပြုလုပ်ခဲ့ကြပါတယ်။
Online ပေါ်တွင် ပျံနှံ့နေတဲ့ Make Me Beautiful အစီအစဉ်တွင် မိတ်ကပ် artist ဂျူလိုင်ရဲ့ Drag Queen မိတ်ကပ်လိမ်းခြယ်မှုကို ဒိုင်များရယ်မောခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။
https://www.facebook.com/664139826967882/videos/1555627804485742/