Entertainment

ပြိုင်ပွဲမှာ ဆုရပြီးတာနဲ့ ပရော်ဖက်ရှင်နယ်အဖြစ် ယူဆလို့မရဘူးဆိုတဲ့ မျိုးကျော့မြိုင်

တေးသီချင်းပေါင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့ပြီး Rap သီချင်း၊ Hip Hop သီချင်းအမျိုးအစားများကို မြန်မာလူငယ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ တေးရေးတေးဆို မျိုးကျော့မြိုင်က သီချင်းဆိုပြိုင်ပွဲများမှတဆင့် ဂီတလောကထဲသို့ ဝင်ရောက်လာမယ့် လူငယ်များကို ပြိုင်ပွဲတခုမှာ ဆုရပြီးတာနဲ့ ပရော်ဖက်ရှင်နယ် ဖြစ်ပြီလို့ မယူဆပါနဲ့ လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်မြင်တာတခုက ဘာလဲဆိုရင် ပြိုင်ပွဲလုပ်တဲ့အခါကျတော့ နေရာတိုင်းက လူငယ်တွေ ရောက်လာ ကြတယ်။ အခွင့်အရေးက အရမ်းကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေအနေနဲ့ ဒီလိုမတွေးထားဖို့တော့ လိုပါတယ်။ ဒီ ပြိုင်ပွဲတွေက မြို့တမြို့ရဲ့ အဝင်ဂိတ်တွေလိုပါပဲ။ ဒီကကျော်သွားပြီးတာနဲ့ ပရော်ဖက်ရှင်နယ် ကြီး ဖြစ်သွားမယ်လို့ မထင်ပါနဲ့။ အများကြီးကြိုးစားရဦးမှာပါ။ ဘယ်အရာမှလွယ်လွယ်နဲ့မရပါဘူး။ ပြိုင်ပွဲပြိုင်မယ့်သူတွေကို သိထားစေချင်ပါတယ်” လို့ မျိုးကျော့မြိုင်က ဆိုပါတယ်။

မျိုးကျော့မြိုင်က မကြာခင်မှာ ပြုလုပ်တော့မယ့် Myanmar Idol Season 3 တွင် ဒိုင်လူကြီးတဦးအနေဖြင့် ပါဝင်သွားမှာ ဖြစ်တဲ့ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်များကို သိထားစေချင်တဲ့ အချက်တွေကိုလည်း ပြောပြခဲ့ပါတယ်။

“ကျနော်တို့က Judge လုပ်ပေးလိုက်လို့ အဆုံးအဖြတ်တခုရသွားတယ်ဆိုတိုင်း အဲဒါက သူတို့ တွေရဲ့ဘဝအတွက် အမှန်ဖြစ်ချင်မှဖြစ်မယ်။ ကျရှုံးသွားတဲ့သူဟာလည်း ကျရှုံးတာမဟုတ်ဘဲနဲ့ ကျနော်တို့ဘက်ကကြည့်ရင် Judge လုပ်တယ်ဆိုပေမယ့် ပရိသတ်တွေအနေနဲ့ကြည့်ရင် ဒါက ဖျော်ဖြေမှုတခုပါပဲ။ ဒီဟာမှာ လဲကျသွားတယ်ဆိုရင်လည်း ပြန်ထူလို့ရပါတယ်။ သိပ်မစိုးရိမ်ပါနဲ့” လို့ အကြံပြုပြောပြထားပါတယ်။

ဒါ့အပြင် အနုပညာနဲ့ပတ်သက်ပြီး သူများနဲ့မတူတာတွေကို ပြချင်ပါက မိမိရဲ့ တကယ့်အရှိအတိုင်း ပြသခြင်းဟာ ပြောင်မြောက်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တေးရေး တေးဆို မျိုးကျော့မြိုင်ဟာ မြန်မာနိုင်ငံရဲ့ Rap နဲ့ Hip Hop လောကကို စတင်ခဲ့သူအဖြစ် ယနေ့တိုင် လူငယ်တွေကြားထဲ ကြိုက်နှစ်သက်နေကြဆဲ ဖြစ်ပါတယ်။

Loading