Entertainment

ထူးခြားတဲ့ အနုပညာ ရိုက်ချက်တွေနဲ့ “ဥပါယ်တံမျဉ်”

Want create site? Find Free WordPress Themes and plugins.

Central Base Productions မှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်ညွှန်း ဇာဏ်ခီ၊ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” (Deception) ဇာတ်ကားကို လက်ရှိမှာ ရုံတင်ပြသနေပါတယ်။ ထုတ်လုပ်ရေးအသစ်၊ ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်များနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ ထူးခြားတဲ့ ဇာတ်ကားတကားလို့ ဆိုရင် မမှားနိုင်ပါဘူး။

ဇာတ်ကားမှာ မင်းသားသရုပ်ဆောင်အဖြစ် ဇဏ်ခီ၊ မင်းသမီးသရုပ်ဆောင်အဖြစ် ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ အကယ်ဒမီ မင်းဦး၊ ထိုင်းမင်းသမီး Kaew Korravee၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအမျိုးအစားက Suspense Drama ပါ။

ဒီဇာတ်ကားဟာ “မုဒြာခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ ငပလီနဲ့ ကလောတို့မှာ ၃ လကြာ သွားရောက်ရိုက်ကူးခဲ့ပြီး တနှစ်ကျော် အချိန်ယူကာ တည်းဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်းထက် (ဇဏ်ခီ) နဲ့ ဇင်မာ (သက်မွန်မြင့်) တို့က လက်ထပ်ထားတာ သိပ်မကြာသေးတဲ့ ချစ်စခင်စ ကြင်နာစ စုံတွဲတွေပါ။ မင်းထက်က ပန်းချီပြခန်းတခု ဖွင့်ထားပြီး သူက ရှေးဟောင်း တန်ဖိုးကြီး ပစ္စည်းတွေကို ဝယ်ယူစုဆောင်းရတာ ဝါသနာပါပါတယ်။ ဇင်မာ့ကိုလည်း အရမ်းချစ်ပြီး တန်ဖိုးထားသလို သူဝါသနာပါတဲ့ အလုပ်ကိုလည်း တန်ဖိုးထား လုပ်ကိုင်တဲ့သူပါ။

တနေ့မှာ မင်းထက်တို့ အိမ်အနီးသို့ Emily (Kaew Korravee) တို့ စုံတွဲ ပြောင်းရွှေ့လာပြီး ခင်မင်ဖော်ရွေတတ်တဲ့ Emily က အချိန်တိုအတွင်းမှာ မင်းထက်နဲ့ ဇင်မာတို့ နှစ်ဦးလုံးနဲ့ အိမ်နီးချင်း မိတ်ဆွေတွေ ဖြစ်သွားပါတယ်။ ညို့အား ကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ Emily က ထိုင်းလူမျိုး မိန်းကလေးတဦးဖြစ်ပြီး သူ့အမျိုးသားကတော့ မြန်မာလူမျိုး၊ သိန်းစိုး (အောင်မြင့်မြတ်) ဆိုသူပါ။

သိန်းစိုးနဲ့ Emily တို့ အိမ်ထောင်ရေး အဆင်မပြေ ကတောက်ကဆဖြစ်ပြီး ရန်ပွဲတွေဖြစ်တာကို အိမ်နီးချင်းဖြစ်တဲ့ မင်းထက်က မကြာခဏမြင်တွေ့ရပြီး တခါတရံ သိန်းစိုးက Emily အပေါ် နိုင်ထက်စီးနင်း အနိုင်ကျင့်ပြုမူတာတွေကိုပါ မြင်တွေ့ရတဲ့အခါ အိမ်ထောင်ရေး ကံမကောင်းတဲ့ Emily ကို မင်းထက်က ကရုဏာသက်မိပါတော့တယ်။

အရာရာပြည့်စုံနေတဲ့ မင်းထက်နဲ့ ဇင်မာတို့ အိမ်ထောင်ရေးမှာ မပြည့်စုံတာက ဇင်မာရဲ့ ကျန်းမာရေး အခြေအနေပါ။ မင်းထက်ရဲ့ မိတ်ဆွေ ဆရာဝန် (မင်းဦး)ထံမှာ ဇင်မာရဲ့ ကျန်းမာရေးကို ပြသကြည့်တဲ့အခါ ကလေးယူဖို့ အခြေအနေ လုံးဝ မဖြစ်နိုင်ကြောင်း သိရှိခဲ့ရပါတယ်။

အဲဒီ အကြောင်းအရာတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ ဇင်မာတယောက် ဆေးရုံတက်ရတဲ့အခါ မင်းထက် တယောက် တည်း အိမ်မှာရှိနေဖို့ အကြောင်းဖန်လာပါတယ်။ အမျိုးသားရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တဲ့အဆုံး အိမ်နီးချင်း မိတ်ဆွေ ဇင်မာ့ကို ရင်ဖွင့်တိုင်ပင်ဖို့ Emily ဖုန်းဆက်ခဲ့ပေမယ့် ဇင်မာ ဆေးရုံတက်နေလို့ ဖုန်းမကိုင်နိုင်တာကြောင့် မင်းထက် ဖုန်းကို Emily က အဲဒီညမှာ ဆက်သွယ်ခဲ့ပါတယ်။

Emily က သူမရှိရာ ဟိုတယ်အခန်းကို လာပေးဖို့ အကူအညီတောင်းတဲ့အခါ အားနာတတ်တဲ့ မင်းထက်က Emily ကို ရိုးသားစွာနှစ်သိမ့်ပေးဖို့ ဟိုတယ်ကို သွားရောက်ခဲ့ပါတယ်။ ဟိုတယ်အခန်းမှာ နှစ်ဦးတည်းရှိတဲ့အချိန် Emily ရဲ့ ဆွဲဆောင်မှု၊ အထိအတွေ့တို့ကို မင်းထက် ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပါဘူး။ အဲဒီညမှာ မှားယွင်းခဲ့တဲ့ အမှားအယွင်းတခုကနေ သူ့ဘဝကို ခြိမ်းခြောက်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီခြိမ်းခြောက်မှုကို မင်းထက်တယောက် ငွေကြေးနဲ့သိက္ခာ လဲလှယ်မလား။ အဲဒီ ခြိမ်းခြောက်မှုမှာရော ဘယ်သူတွေ ပါဝင်မလဲ။ လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ အကွက်ကျကျ ပရိယာယ် ဉာဏ်ဆင်မှု စတာတွေကို “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက် ရှုစားရမှာပါ။

ဇာတ်လမ်းက အစပိုင်းမှာ အနည်းငယ်အေးပေမယ့် ဇာတ်လမ်းအလယ်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး ဇာတ်ရှိန် တက်လာပါတယ်။ ဇာတ်ကားမှာ ဒါရိုက်တာရဲ့ အကောင်းဆုံး ပုံဖော် ရိုက်ကူးပြထားတဲ့ အနုပညာဖန်တီးချက်တွေကို ကောင်းကောင်း မြင်တွေ့ရပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ ထူးခြားတဲ့ အနုပညာ ရိုက်ကူးချက်တွေနဲ့အတူ မြန်မာအမျိုးသမီး ဒါရိုက်တာ၊ မျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ပွဲဦးထွက်လာတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားက မြန်မာရှင်ရှင် ဇာတ်ကားကောင်းတကားလို့ ဆိုနိုင်သလို ပညာပေး ဇာတ်ကားတကားလို့လည်း ဆိုနိုင်ပါတယ်။

“ဥပါယ်တံမျဉ်”(Deception) ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့တို့ရှိ JCVG ရုပ်ရှင်ရုံများ၊ Mega Ace ရုပ်ရှင်ရုံများ၊ မှော်ဘီ၊ ဖျာပုံ၊ သထုံ၊ အောင်ပန်း၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ ရွှေဘို၊ မတ္တရာ၊ ဘိုကလေး၊ မအူပင်၊ ကလေး မြို့တို့ရှိ Paradiso ရုပ်ရှင်ရုံများနဲ့ သန်လျင်၊ ပုသိမ်၊ မြိတ်၊ ပခုက္ကူ၊ လားရှိုး၊ မိတ္ထီလာ၊ ဘားအံ၊ ဗန်းမော်မြို့ စတဲ့ မြို့များမှာ ပြသလျက်ရှိတယ်လို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading