နိုင်ငံတကာတွင် အောင်မြင်ခဲ့ပြီး ကမ္ဘာကျော်အဆိုတော်များစွာ မွေးထုတ်ပေးနိုင်ခဲ့တဲ့ The Voice သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်ကာ MRTV-4 ရုပ်သံလိုင်းတွင် စတင် ထုတ်လွှင့်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“The Voice က ၂ဝ၁ဝ ခုနှစ်လောက်က ဟော်လန်နိုင်ငံမှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်း အအောင်မြင်ဆုံးသော သီချင်းဆိုပြိုင်ပွဲအဖြစ် ရပ်တည်နေပါတယ်။ ဒီသီချင်းဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြသခွင့်ကိုလည်း တရားဝင်လိုင်စင်ရရှိခဲ့ပြီ” လို့ The Voice Myanmar ရဲ့ Project Manager ကိုရဲမျိုးထက် ကပြောပါတယ်။
အဆိုပါ သီချင်းဆိုပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ ပြိုင်ပွဲဝင်များကို ဒိုင်များက အကဲဖြတ်ပေးရမှာမဟုတ်ဘဲ နည်းပြများအဖြစ် အကြံပေးကာ လေ့ကျင့်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီပွဲမှာ ထူးခြားချက်က Coah တွေပေါ့၊ နည်းပြဖြစ်မှရမယ်။ ကျနော်တို့က ဒီမှာဒိုင်လို့ သုံးထားတာ မဟုတ်ဘူး။ ပြိုင်ပွဲဝင်တွေဆိုတာ အရမ်းကြီးပြည့်စုံနေတဲ့ သူမဖြစ်နိုင်ဘူး။ အကြမ်းလေးတွေပေါ့ နဂိုအခံကောင်းတယ်။ သူတို့ကို ဘယ်လို Train ပေးရမလဲဆိုတာက အရေးကြီးတယ်။ အဲဒီအတွက် Coah တွေကို စဉ်းစားတဲ့နေရာမှာ တော်တော်လေးစဉ်းစားပြီးတော့ မတူညီတဲ့ ဂီတပုံစံနဲ့ နည်းပြနိုင်မယ့် သူတွေကို ရွေးချယ်ခဲ့ပါတယ်” လို့ ကိုရဲမျိုးထက်က ပြောပါတယ်။
နည်းပြများအဖြစ် ပါဝင်သွားမယ့်သူများကတော့ မတူညီတဲ့ ဂီတပုံစံများဖြင့် ဖန်တီးသီဆိုနေကြတဲ့ လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်း၊ နီနီခင်ဇော် တို့က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
The Voice ဟာ လာရောက်ယှဉ်ပြိုင်မယ့်သူတွေရဲ့ ပြိုင်ပွဲသက်သက်တင်မဟုတ်ဘဲ နည်းပြတွေအချင်းချင်းကြားမှာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတာကြောင့် “Two Competition in One “ အဖြစ် ယှဉ်ပြိုင်မှုနှစ်မျိုးနှစ်စားကို ပြိုင်ပွဲတခုထဲမှာ မြင်တွေ့မှာလည်း ဖြစ်ပါတယ်။
နည်းပြများအနေဖြင့် တော်ရုံတန်ရုံအရည်အသွေးလောက်နဲ့ သူတို့ရဲ့ အသင်းသားအဖြစ် ရွေးချယ်မှာ မဟုတ်တဲ့အတွက် ထူးခြားတဲ့အသံပိုင်ရှင်များကိုသာ မြင်တွေ့ရမယ့် တကယ့်အရည်အသွေးရှိတဲ့ ပြိုင်ပွဲစစ်စစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံတွင် Season 1 အဖြစ်ပြုလုပ်မယ့် The Voice Myanmar မှာတော့ ပြိုင်ပွဲ level တွေကို Online Audition၊ Blind Audition၊ Battle Round၊ Live Broadcast အဖြစ် level လေးခု သတ်မှတ်ကာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တီဗီမှထုတ်လွှင့်ပြသခြင်းကိုတော့ Blind Audition မှ စတင်ပြသသွားမှာဖြစ်ပြီး Level အဆင့်ဆင့်တွင် နည်းပြများက ရွေးချယ်ပေးလာရာမှ Live Broadcast Level မှာတော့ နည်းပြတွေအနေနဲ့ အကြံဉာဏ်ပဲ ပေးရမှာဖြစ်ပြီး ပရိသတ်များရဲ့ မဲပေးဆုံးဖြတ်မှုများနဲ့အတူ အပတ်စဉ်မဲအနည်းဆုံး ပြိုင်ပွဲဝင်နှစ်ယောက်က အိမ်ပြန်ရမှာ ဖြစ်ပါတယ်။
ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုများမှတဆင့် နောက်ဆုံးကျန်ရစ်ခဲ့မယ့် အနိုင်ရရှိသူကတော့ မြန်မာ ငွေကျပ်သိန်း ၂၀၀ နဲ့ အတူ အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်တေးထုတ်လုပ်ရေးဖြစ်တဲ့ Universal Music နဲ့ တေးသီချင်း အယ်လ်ဘမ် အခွေထုတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
The Voice သီချင်းဆိုပြိုင်ပွဲကြီးကို တီဗီပရိုဂျူဆာတဦးဖြစ်တဲ့ ဒက်ချ်လူမျိုး John De Mol က၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နယ်သာလန်နိုင်ငံမှာ စတင်ခဲ့ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်လာ နိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ အဆိုရှင်များစွာကို မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။